ဆရာတော်ဦးဥတ္တမအကြောင်း

ဆရာတော်ဦးဥတ္တမ (ငယ်နာမည်-ပေါ်ထွန်းအောင်)ကို ၁၈၇၉၊ ဒီဇင်ဘာလ (၂၇)ရက်တွင် ရခိုင်ပြည်နယ် စစ်တွေ မြို့၊ ရူပရပ် အဖဦးမြ၊ အမိ ဒေါ်အောင်ကျော်သူ ရို့မှ မွီးဖွားပီးခသည်။ သက်တော် (၁၆) နှစ် အရွယ် မှာ မိဘများက မောင်သျှင်ဝတ်ပီး သဖြင့် ရှင်ဥတ္တမဟူသော ဘွဲ့နာမည်တွင်လာသည်။ နက်နဲရေ ပိဋ္ဋ ကတ် စာပီ များကို ပခုက္ကူမြို့ ရေစကြိုတိုက်တွင် လည်းကောင်း၊ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့တွင် လည်း ကောင်း ဆည်းပူး လေ့လာခဖူးသည်။ အိန္ဒိယနိုင်ငံတွင်ရှေးခိုက် အမျိုး သားကောလိပ်တစ်ခုမှာ ပါ ဠိနှင့် ဗုဒ္ဒဘာသာ စာပီဆိုင်ရာ ယာယီပါမောက္ခအဖြစ် ဝင်ရောက်ဆောင် ရွက်ခ သည်။ အိန္ဒိယတွင် ဟိန္ဒူမဟာဆပ်ဗာ အသင်း ကြီး၏ ဥက္ကဌအဖြစ် ရွေးကောက် တင်မြှောက်ခံ ခရသည်။

ဦးဦးသာထွန်း(၁၉၁၇-၁၉၉၀)

ဆရာကြီး ဦးဦးသာထွန်းကို ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ညောင်ပင်ဈေးရွာ အနီး အဖ ဦးကောင်းစံရွှီ၊ အမိ ဒေါ်အောင်ကြွဇံတို့မှ ၁၉၁၇ ခု၊ နိုဝင်ဘာလ ၂၃ ရက်၊ သောကြာနေ့တွင် ဖွားမြင်ခဲ့သည်။ တဦး တည်းသော သား ဖြစ်သည်။ ငယ်စဉ်မှစ၍ အဘိုးဖြစ်သူ ရာဇဝင်ဆရာကြီး ဦးသာထွန်းအောင်က ရခိုင် ရာဇ ဝင်၊ ဆေးကျမ်း၊ နက္ခတ်ကျမ်း၊ ပူရာဏ်ကျမ်းများအား နုတ်တိုက်အာဂုံ သင်ကြား ပေးခဲ့သည်။ နဝမတန်းတွင် ပညာသင် ကြား နေစဉ် ဖခင် ကွယ်လွန်သောကြောင့် ကျောင်းထွက်လိုက်ရပြီး ရဟန်း ပုဂ္ဂိုလ်တို့ထံတွင် သက္ကဋ ပါဠိ၊ သမိုင်း၊ အင်း၊ ဗေဒင်နှင့် အခြား လောကီ ပညာရပ်များကို သင်ကြား လေ့လာ ဆည်းပူးခဲ့သည်။

ချစ်ညီချေ ချစ်နှမချေသို့....

ချစ်ညီချေ... ကျောင်းလားပါ ဝေ မပျင်းပါကေ့ ဝေ ၄ တန်းက ထွက်ပြီးကေ နွားကျောင်းဖို့ စိတ်မကူး ပါဂေ့ ဝေ ....။ ချစ်နှမချေ.... မပျင်းပါဂေ့ ဝေ ဆီဝယ်ဖို့ ဖဲ့သာမဟိကေ ဓာတ်မီးတိုင်အောက်မှာ စာကိုဖတ်ပါ ဝေ ဓာတ်မီးတိုင် မဟိကေ မီးလှုံရေ မီးဖိုနားမှာ စာ ကိုဖတ်ပါ ဝေ ...။

ရခိုင်ကျင်

ကျင်”ဝေါဟာရနှင့်ပတ်သက်၍ အမျိုးမျိုးရွီးဖွဲ့ကတ်သည် ကိုတွိရပါသည်။ ဦးရာဇ်တောင် ဘုရားသမိုင်း လင်္ကာ၌ “လောကီဘက်က၊ ဆောင်ရွက်တခန်း၊ ကျင်လက်ပန်းနှင့်၊ မီဝန်းရုပ်သီး၊ရှုမငြီးအောင်”ဟူ၍ူ ရွီးဖွဲ့ ထားသည်။ ဆယ့်နှစ်လရာသီ လင်္ကာတပိုဒ်တွင် …“မယ်လျှင်စစ်မှာ၊ စိတ်ကြီးပျက်လို့၊ ကျင်ကိုင်လက်ပန်း၊ အခန်းခန်းကို၊ အိမ်သူအကျန်၊ မြင်ရပြန်ကေ၊ လွမ်းတော်တာရှည် ပန်းမဉ္စူကို နီပူထိုးကေ၊ ညှိုးလတ်တေ လည်း”ဟူ၍ူဖွဲ့ဆိုထား ပြန်သည်။

ရခိုင်အောင်လံတော်

ရခိုင်ထီးရိုးနန်းနေ့ မင်းအပေါင်းတို့၏ ရွှေနန်းဥက္ကံ သံနန်းမဆောင်ဦး၌ အမြဲစိုက်ထူထားအပ်သော အောင် လံတော်ကြီး၏ အကြောင်းချင်းရာဟူသမျှတို့ကို အခါအခွင့်နှင့်ကြုံကြိုက်စွာ ပုရာဏ်ကျမ်း၊ ရာဇသေနင်္ဂ ဗျူဟာ ကျမ်း၊ ဗျူဟာစက္ကိကျမ်း၊ ဗျူဟာစစ်ချီကျမ်းတို့မှ ဗဟုသုတဖြစ်စေခြင်းငှာ အနည်းငယ်ဖော်ပြပါအံ့။ ၁။ အောင်လံတော်၏ အတိုင်းအတာကား အလျား ၉-တောင်၊ အနံ ၆-တောင်တိတိရှိသည်။ ထိုထက်ငယ်စေ လိုလျှင် အ၀က်ကျအတိုင်းအတာပြု၍ သုံးခဲ့သည်။ ၂။ အရောင်အဆင်းမှာ အနီနှင့်အဖြူစပ်၍ ပြုကြသည်။ အဖြူရောင်ကို အထက်ပိုင်းတွင်ထားပြီး အနီရောင် ကို အောက်ပိုင်း၌ထားသည်။

Tuesday, 30 September 2014

နောက်ဆုံးဘုရင် မဟာသမ္မတ

 (မြောက်ဦးနိဂုံး)

ဓမ္မရဇ်ရာဇာမင်းလွန်လျှင် ထိုမင်၏ တူမတော်လင်ဖြစ်သော လက်ဝဲမြန်သတိုးအောင်ကို ပြည်သူအပေါင်းနှင့် မှူးမတ်တို့ ညီညွတ်ကာ နန်းအပ်ကြလေသည်။ မိဖုရားစောမယ်ပုံနှင့် ဘိသိက်ခံ၍ (၁၇၈၂) ခု (၁၄၄၄ ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်)တွင် ရွှေနန်းတက်၏။ မဟာသမ္မတဘွဲ့ကို ခံယူ၍ တံဆိပ်ကို မဟာ သမ္မတ မင်းတရားဟု ခတ်နှိပ်သည်။

လက်ဝဲမြန်ကုလားဖြူ၊ လက်ယာမြန်မောင်ထွေးနှင့် မှူးမတ်တို့အား အဆောင်အယောင် ထီးစလွယ် သင်း ကျပ်တို့ကို ပေးသနား၏။ ငါးဇင်ရိုင်းချောင်းတွင် ငသံတွေသည် သောင်းကျန်းလာပြန်၍ မဟာသမ္မတရာဇာ ချီတက်လေလျှင် ထွက်းပြေးရလေသည်။ နောက်တွင် သစ္စာဝင်ခံလာ၍ ငသံတွေအား ကုလားတန်စား ပေး အပ်၏။ တစ်ဖန် ကုလားတန်မှရသော ဘဏ္ဍာတို့ကို သိမ်းယူပြီး ဘုရင်အား ထောင်ထား၏။ ဓါးပိုင်ကြီး ငသံတွေဟု နာမည်ကြီးလေသည်။

ဓမ္မရဇ်ရာဇာ၏သားတော် လက်ဝဲမြန်ကုလားဖြူသည် သမ္မတရာဇာမင်းတရားကို မခစားလိုသောကြောင့် မြို့တော်မှထွက်သွားပြီး ပိန်းနဲချောင်းမှ ပုန်ကန်နေသော ကောင်းညွန့်ရန်တိုင်၊ ထွန်းပေါ်ဝေတို့နှင့် သွားပေါင်း ကာ ရဲမက်ဗိုလ်ပါနှင့်ချီလာပြီး တပ်မော်အရပ်တွင် လှေတည်၍နေ၏။ သမ္မတရာဇာမင်းကြီး ချီတက်၍ တိုက်လေသော် ပျက်စီး၍ ပြေးကြလေ၏။ လက်ဝဲမြန်ကုလားဖြူ ပြောင်းသီးမှန်၍ သေလေ၏။

ရမ်းဗြဲကျောက်ချောင်းသား ဗိုလ်မင်းသားရေ၀တ်ကျော်ထွေးသည် တန္တစစ်အောင်ဘွဲ့ခံကာ တန်းလွှဲမြို့တော် တွင် မင်းပြု၍နေ၏။ ကျော်ထွေးသည် ဓမ္မရဇ်ရာဇာမင်း၏ ယောက်ဖ ဆင်ကဲကြီးချေးစု၊ ရမ်းဗြဲအုပ်အောင်လှ တို့၏ တပ်ကိုတိုက်ရာ ဆင်ကဲကြီးနှင့် အောင်လှတို့ လက်နက်မှန်၍ သေသည်။ ကျော်ထွေးသည် ဇင်ချောင်း ထိအောင် သွားတိုက်လျှင် ဓမ္မရဇ်မင်း၏သားတော် သက်စံရွှေ ထွက်ပြေးရသည်။ ကျော်ထွေးသည် သက်စံရွှေ၏ နန်းကို မီးတိုက်ပြီး တန်းလွှဲသို့ပြန်ခဲ့သည်။ တောင်မင်းကျော်ထွေးသည် ထမ်းစင်မစီး၊ နာရီ စည်မောင်းမတီး၊ ဒင်္ဂါးမခတ်နှိပ်။ သို့သော် ကျန်အခြင်းအရာများတွင်ကား သမ္မတရာဇာမင်းကဲ့သို့ ပြုမူ၏။ မင်းကြီးသည် ယောက်ဖတော် ဓါးပိုင်ကြီးကျော်ပုံအား စေလွှတ်၍ ကျော်ထွေးအားတိုက်သည်။ တောင် မင်းကျော်ထွေးသည် အဝေးသစ္စာတော်ခံ၍ လက်ဆောင်ဘဏ္ဍာ ဆက်သလိုက်၏။

ထိုကာလ၌ အမရပူရမြို့ကို တည်ထောင်အုပ်စိုးနေသော ဘိုးတော်မင်းတရားသည် မြောက်ဦး အခြေအနေ ကို လေ့လာစုံစမ်းရန် ဗိုလ်ငခိုင်လှနှင့် ဗိုလ်ငချင်းခိုင်တို့ကို စေလွှတ်လိုက်၏။ သူတို့သည် ကုန်သည် ဟန်ဆောင်ကာ တောင်မင်းကျော်ထွေးအား မိတ်ဆွေဖွဲ့ပြီး ယူခဲ့သောမြင်းကို ဆက်သ၏။ ငခိုင်လှနှင့် ငချင်းခိုင်တို့သည် ရမ်းဗြဲကျွန်းသို့လာ၍ ပြည်ရွာခြင်းရာကို စုံစမ်းကြလေ၏။ နောက်တစ်ကြိမ်တွင် အမရပူရမင်းသည် ရှင်ယောင်နှစ်ဦးကို ထပ်လွှတ်၏။ တစ်ဦးသည် တောင်မင်းကျော်ထွေးကို လှည့် ပတ်ပြောဆိုလျက် ရမ်းဗြဲကျွန်းသို့ သွား၏။ နောက်တစ်ဦးသည် မြောက်ဦး မဟာသမ္မတမင်းထံ ၀င်ရောက် ဖူးမြင်၏။ ထို့နောက် မဟာမုနိသိမ်တော်သို့ သွားသည်။ ဘုရားရှေ့တော်၌ ပြုလုပ်ထားသော ၀သုန္ဓရေတွင်း၌ အစီအမံပြု၏။

(၁၇၈၄)ခု (၁၁၄၆ နယုန်လ)တွင် ဂစ္ဆပနဒီမြစ်ရေသည် ခုနစ်ရက်တိုင်တိုင် ထူးကဲစွာကြီးသည်။ မြစ် နံဘေးပြည်သူများ အတိဒုက္ခကြီးစွာ ရောက်ရသည်။ အနီးအပါး ပြည်သူများသည် မဟာမုနိသိမ်တော်တွင် လာရောက်နေထိုင်ရသည်။ မြစ်ရေသည် မဟာမုနိကုန်းတော်ခြေရင်းထိ ရောက်ခဲ့လေသည်။ လူများစွာ တို့ သေကြေပျက်စီးရလေသည်။

မဟာသမ္မတမင်းသည် ၀ါဆိုလဆန်းတွင် မဟာမုနိဘုရားသို့ ကြွချီကာ ဖူးမြော်ကန်တော့၏။ ရှေးမင်းတို့၏ အစဉ်အလာအတိုင်း ၀သုန္ဓရေတွင်း၌ ရေစက်သွန်းချကာ  ဒင်္ဂါးများ ထည့်လှူ၏။

အမရပူရမင်းသည် ရခိုင်ပြည်သို့ သူလျှိုအကြိမ်ကြိမ်စေလွှတ်ပြီးနောက် အကြောင်းစုံသိလျှင် အရှေ့ပြည် တောင်စဉ်ခုနစ်ခရိုင်မှ မြို့စား၊ ရွာစားတို့ထံမှ ဆန်၊ ရိက္ခာ တောင်း၏။ တောင်ကုပ်နှင့် ဖိုးခေါင်တောင်ရိုးမသို့ ၀င်ဝစခန်းတွင် ဆန်ကျီတည်၍ ထားလေသည်။ ထိုအကြောင်းကို တောင်မင်းကျော်ထွေးကြားလျှင် ကင်းအတန်တန် စောင့်၍နေလေသည်။

အမရပူရ ရွှေနန်းရှင် ဘိုးတော်မင်းတရားသည် သားတော်အိမ်ရှေ့စံ မောင်ပေါ်၊ စကုမြို့စားနှင့် ကာမမြို့စား သုံးယောက်တို့ကိုခေါ်၍ ဓည၀တီရခိုင်ပြည် မြောက်ဦးကို တိုက်စေဟု အမိန့်ချသည်။ လက်နက်ကိုင် လူသူရဲမက် ကိုးသောင်းပါသည်။

အိမ်ရှေ့မင်းသည် ရွှေလှေပြဿဒ်စီးလျက် တော်သလင်းလဆန်းတွင် ရေကြောင်းချီလာသည်။ သမ္မတ ရာဇာမင်းသည် ဤသတင်းကိုကြားသိရ၍ သိုက်တက်ခေါင်းဖြူတောင်ဆရာတော် အစရှိသော ရဟန်း ပညာရှိ၊ လူပညာရှိတို့နှင့် တိုင်ပင်၏။ မဟာသမ္မတရာဇာဟူသော အမည်သည် ကမ္ဘာတည်စက သမုတ် ကြသော မင်းအမည်ဖြစ်သောကြောင့် သမ္မတဘွဲ့အမည်ကို  မခံအပ်ဟု မိန့်ကြားလျှောက်ထားကြသည်။ မင်းကြီးသည် မှူးမတ်အပေါင်းခြံရံလျက် ၀ါကျွတ်လဆန်းတွင် နှစ်ကြိမ်မြောက် ဇေယျဘိသိက်သွန်း၍ အဂ္ဂေါပုညစောရာဇာဘွဲ့ကို ခံယူသည်။ တံဆိပ်ခတ်နှိပ် ထုတ်ပြန်သည်။

အမရပူရမင်း၏သားတော် အိမ်ရှေ့မင်းသည် ရေကြောင်းစုန်လာ၍ ရန်ကုန်သို့ရောက်လျှင် တလိုင်းဗိုလ်ချုပ် အမတ်ဒိန်၊ ဇင်းမယ်ဗိုလ်၊ ပုသိမ်ဗိုလ်တို့ကို နဂါးရစ်မော်တင်ကြောင်း စေလိုက်သည်။ တောင်ကြောင်း ၊ ရေကြောင်းချီလာသည်များကို တောင်မင်းကျော်ထွေးသိလျှင် နောင်တော် ဓားပိုင်ကြီးစံပိုင်ရွှေကို တန်းလွှဲမြို့တွင် ကြီးမှူးထားခဲ့သည်။ သားမယားမိသားစုတို့ကို ရမ်းဗြဲကျွန်း သင်းပန်းကိုင်းအရပ်သို့ပို့သည်။ မာန်အောင်စားထွန်းအောင်၊ အိမ်ရှေ့မင်းသက်စံရွှေနှင့် မြောက်ဦးမင်း သမ္မတရာဇာထံ တမန်စေလွှတ် စာပို့လေသည်။
  
ကြည်းကြောင်းချီ မြန်မာစစ်တပ်တို့သည် နတ်တော်လဆန်းတွင် တောင်ကုပ်သို့ ရောက်၏။ တောင် မင်းကျော်ထွေး၏ ရခိုင်တပ်သည် အိမ်ရှေ့ဝန်ငချွန်းနှင့် မင်းတုန်းဝန်ကျော်ထင်တရဖျားတို့၏ မြန်မာတပ်တို့ ကို တန်းလွှဲတွင် ဆီးကြိုတိုက်လေသော် မြန်မာကင်းတပ်ဗိုလ်နှင့် များစွာသော စစ်သည်တို့ သေကြေ ပျက်စီးကြ၏။ ကျော်ထွေးသည် နောင်တော် ဓားပိုင်ကြီးစံပိုင်ရွှေ၊ ရမ်းဗြဲစား ပေါလုံး၊ လမူးစား ငလှခိုင်၊ ရမ်းဗြဲငယ်စား ထွန်းအောင်တို့နှင့် စည်းရုံးကာ သူရဲတစ်သောင်းကျော်ရလျှင် တန်းလွှဲမြို့တောင်သို့ ချီ၍ ရွှေတုံးပြင်တွင် တပ်စွဲထားသော မြန်မာစစ်သည်တို့ကို တိုက်သည်။ ရွှေတုံးပြင်တွင် အရေးနိမ့် ၍ မြန်မာတို့ သဲတောင်သို့ ဆုတ်ကာ ခံတိုက်သည်။ ငါးရက်အကြာတွင် အိမ်ရှေ့မင်း မောင်ပေါ်တို့ ကြည်းရေအင်အား ဖိစီးကာ သံတွဲမြစ်ဝတွင် ရောက်ရှိလာသည်။ တောင်မင်းကျော်ထွေးသည် တန်းလွှဲစစ် အရန်တပ်ကို ဖြုတ်ကာ ရမ်းဗြဲသို့ ပြန်လာသည်။ သားမယားလူသူတို့ကို ကုလားဖုန်းအရပ်သို့ ရွှေ့
ပြီးမှ မြန်မကျည်းအရပ်ရှိမြန်မာတလိုင်းတပ်တို့ကို တိုက်ရာ အရေးနိမ့်၍ ဆုတ်လာခဲ့ရသည်။

ရမ်းဗြဲကျွန်းတုံးကျောက်ဆိပ်တွင် မြန်မာဗိုလ်မင်း နရသမိုင်းကျော် တပ်ဆွဲလာသည်။ တောင်ကုပ်တွင် ဆီးစားဗိုလ်မင်း တပ်ဆွဲထားသည်။ တောင်မင်းကျော်ထွေးသည် သူရဲလက်နက် စုဆောင်းကာ အင်အား သုံးသောင်းနှင့် တုံးကျောက်ဆိပ်မှ မြန်မာဗိုလ်မင်းတပ်ကို  ၀င်တိုက်သည်။ အစတွင် မြန်မာကင်းစောင့်တို့ ပျက်ဆီးသေကြေ၏။ ဗိုလ်မင်းနရသမိုင်းကျော် အင်အားစုကာ ဖိစီးတိုက်သော် တောင်မင်းကျော်ထွေး စစ်ရေးမသာသောကြောင့် ဆုတ်ခွာပြေးရကာ ကုလားဖုန်းကျွန်းသို့ ရောက်လာ၏။

တောင်မင်းကျော်ထွေးက ဤရခိုင်ပြည်တွင် ငါတစ်ယောက်တည်း မင်းပြုသည်မဟုတ်။ များစွာသော မင်းတို့လည်း ရှိလေသည်ဟု စဉ်းစားတွေးတောပြီးလျှင် မယားသားတို့ကို ခေါ်ယူ၍ ပိန်းနဲချောင်းကျွန်းတွင် တပ်ချာထားသော ကောင်းညွန့်ရန်တိုင်နှင့် ထွန်းပေါ်ဝေတို့ထံ သွား၏။ တောင်မင်းကျော်ထွေး၌ မြောက်နန်း မိဖုရားအလျာထားသော စောမျိုးဖြူကို ဗိုလ်မင်းဓါးပိုင်ကြီး ငချွန်း ခိုးယူသွားလေသည်။ ကျော်ထွေးလည်း ဤမတရားသူတို့နှင့် ပေါင်းဖော်ချေသော် အပြစ်သာသင့်အံ့ဟုတွေးကာ မယူမြစ်ညာဖြစ်သော ကုလား ပန်ဇင်းအရပ်သို့ ရွှေ့ပြောင်းနေထိုင်လေသည်။

ဓမ္မရဇ်ရာဇာမင်း၏ သားတော် သက်စံရွှေသည် ယောက်ဖတော် ငချေးစွယ်ကို စစ်ကွပ်ဗိုလ်ချုပ်ခန့်၍ ရမ်းဗြဲမြောဖက်လေးရွာသားတို့နှင့် ချီလာပြီး ရမ်းပေါက်ဝမြစ် လက်ဝဲကမ်းဘက်တွင် တပ်တည်ကာ မြန်မာ တပ်တို့ကို ပြောင်းနှင့်ပစ်၏။ မြန်မာတို့ လက်နက်ထိမှန်သေကြ၍ တပ်ဆုတ်ကာ သပြေကျွန်း၌ နေသည်။ ဗိုလ်ချုပ်ငချေးစွယ်သည် သပြေကျွန်းကို တိုက်ရာ သေနပ်ထိမှန်၍ ကျလေ၏။ မင်းသားသက်စံရွှေလည်း ဇင်ချောင်းဒေသမှ ထွက်ပြေးရလေသည်။ မေဃ၀တီ မာန်အောင်ကျွန်းသည် မြို့ငယ်ဖြစ်၍ မြန်မာတပ်တို့ မတိုက်ဘဲ ချန်ထား၏။

တောင်ခွင်ကြိမ်သလီ၊ သံတွဲခရိုင်တောင်စဉ်နှင့် ရမ်းဗြဲကျွန်းရပ်ရွာနေသူ လူအပေါင်းတို့ ဓည၀တီဘက် သို့ ပြေးလာကြ၏။

ရခိုင်ပြည့်ရှင် သမ္မတရာဇာသည် မှူးတော်မတ်တော်များနှင့် တိုင်ပင်သည်။ တောင်မင်းကျော်ထွေး တမန်လွှတ်စစ်ကူတောင်းစဉ် ဖိုးခေါင်တောင်သားတို့နှင့် ကျော်ထွေးတို့ အခင်းဖြစ်သည်ထင်မှတ်၍ စစ်ကူမပေးမိ။ ယခုကား ခုနစ်ခရိုင်တောင်စဉ်၊ ရမ်းဗြဲ၊ သံတွဲကို အောက်သားမြန်မာတို့ ရလေပြီဟု ဆို၏။ မြောက်ဦး၌ ညွှံကျုံး၊ ရေကျုံး ကျုံးခြောက်၊ ကျုံးပင်လယ်၊ တံခါးကြီး၊ တံခါးငယ်၊ သူရဲခို၊ သူရဲကပ် ၊ ပြအိုး၊ ပဉ္စင်ရင်တားတို့ကို ခိုင်ခန့်စွာ လုပ်စေသည်။ ရင်တားပတ်လည်တွင် ပြောင်းလက်နက်ကြီးများ တင်ထားသည်။ အရှေ့ပေါင်းဝတွင် ခံတပ်လုပ်စေပြီး သူရဲအပေါင်းတို့ စောင့်သည်။

အိမ်ရှေ့မင်း မောင်ပေါ်သည် ငါးဇင်ရိုင်းချောင်းမှ စစ်ပန်သူ ဓါးပိုင်ကြီး ငသံတွေ၊ လေးခက်တောင်စား ငထွန်းစံတို့ကို ခေါ်ကာ ပြာသိုလတွင် လောင်းကြက်မြို့ဟောင်း၌ တပ်တည်သည်။ ကြည်းကြောင်းချီ ရှမ်းတပ်တို့သည် ပြိုင်းတပ်တောင်ခြေရင်းသို့ ရောက်လာကာ ပိုးခြည်ကျွန်း၌ တပ်တည်၏။ နဂါးရစ်မော်တင်စွန်းကြောင်း ချီလာသော တလိုင်းအမတ်ဒိန်တို့ ရတနာပြင်တွင် တပ်တည်၏။

မဟာသမ္မတမင်းသည် ညီတော် အိမ်ရှေ့မင်းချစ်လှရွှေ၊ ယောက်ဖတော် ဓါးပိုင်ကြီးကျော်ပုံ၊ လက်ဝဲမြန်၊ လက်ယာမြန်၊ မှူးမတ်အပေါင်း၊ ရဟန်းပညာရှိ၊ လူပညာရှိတို့နှင့် မြန်မာတို့အား တိုက်မည့်အကြောင်း တိုင်ပင်လေသည်။

ယောက်ဖတော် ဓါးပိုင်ကြီးကျော်ပုံက အမရပူရမင်း စေလွှတ်ချီလာသော စစ်ရေးသည် အားအင်ကြီးကျယ် လှသည်ဖြစ်သောကြောင့် သမီးကညာနှင့် လက်ဆောင်ပဏ္ဍာဆက်သပြီး ကြည်ဖြူသာယာစွာ ပြေဆို၍ မဟာမိတ်ဖြစ်တော်မူကြမှ ပြည်ထဲအရေး ငြိမ်းချမ်းသာယာပါမည်ဟု လျှောက်ထား၏။

ရှေးဘေးလောင်းတော် ဘိုးလောင်းတောင်တို့လက်ထက် ဤရခိုင်ပြည်သို့ တစ်တိုင်းတစ်နိုင်ငံမှ စစ်ပြိုင် လာသော မင်းတို့ကို လက်ဆောင်ပဏ္ဍာနှင့် သမီးကညာဆက်သဖူးသည် မရှိလေ။ ငါတို့ရခိုင်ပြည်သို့သာ ထိုသို့သော ဆက်သဖူးကြောင်း သမိုင်းရာဇ၀င်တို့တွင် ရေးတင်ပါရှိသည်။ ယခု ငါ့လက်ထက်တွင်မှ ဆက်သရချေသော် နောင်လာမင်းတို့သည် ကမ္ဘာကြေသော်လည်း ဥဒါန်းစကား မကြေရှိလိမ့်မည်ဟု မဟာသမ္မတရာဇာ မိန့်လေသည်။ ညီတော်ချစ်လှရွှေကို ဗိုလ်ချုပ်ခန့်၍ လက်ဝဲမြန်၊ လက်ယာမြန်၊ အရှေ့ဝင်းမှူး၊ အနောက်ဝင်းမှူး တို့ကို ပြောင်းလက်နက်တင် လှေ (၈၀)နှင့် ရေကြောင်းချီစေသည်။ ကိုယ်ရံကြီး၊ ဆင်ကဲကြီး၊ ရေဇုံန္တာတ်တို့သည် မြောက်စည်တိုက်တီးကာ အရှေ့ဘက် ကွမ်းချေးပေါင်းဝမှ ကြည်းကြောင်းချီသည်။

ပြာသိုလဆုတ် ၆ ရက်တွင် လောင်းကြက်မြို့ဟောင်း၌ တိုက်ပွဲကြီးစွာဖြစ်သည်။ စစ်ရေးအင်အား မတူသောကြောင့် ကြည်းအား၊ ရေအား နှစ်ခုစလုံး မြို့တော်သို့ ဆုတ်ခွာလာခဲ့ရသည်။ မင်းကြီးသည် မှူးမတ် သူရဲတို့အား ဆုလာဘ်ပေးကာ ရွှေဝင်းတော်အထဲမှ ဆီးခံ၍ တိုက်ရန်ကြံစည်သည်။ ဓါးပိုင်ကြီးကျော်ပုံက ဤတစ်ပြည်သားစစ်ကို တိုက်၍ နိုင်မည်ထင်သလောဟုဆိုကာ မိမိနေအိမ်ကို မီးရှို့၊ တိုက်ရေယာဉ်ငါးစီးနှင့် သားမယားတို့ကို ခေါ်ယူကာ မြို့တော်မှ စွန့်ခွာလေသည်။

မဟာသမ္မတမင်းသည် မိမိအကြံအစည် မမြောက်သောကြောင့် ညီတော် အိမ်ရှေ့မင်း ချစ်လှရွှေ၊ အရှေ့ဝင်း မှူး၊ အနောက်ဝင်းမှူး၊ ပါနိုင်စွမ်းသမျှ လူသူအပေါင်းတို့စုကာ သန်းခေါင်အချိန်တွင် ရွှေမြို့တော်မှထွက်ပြီး တိုက်လှေသုံးဆယ်နှင့် မြောက်ဦးကို စွန့်ပြေးလေသည်။

အမရပူရပြည့်ရှင် ဘိုးတော်မင်း၏ သားတော် အိမ်ရှေ့မင်း မောင်ပေါ်သည် (၁၁၄၆)ခု ပြာသိုလဆုတ် ၇ ရက်၊ စနေနေ့တွင် မြောက်ဦးမြို့ကို အောင်နိုင်ခဲ့လေသည်။

မဟာသမ္မတရာဇာသည် မိမိချက်မြှုပ် ရမ်းဗြဲသို့သွားရာတွင်  ရန်သူတို့ ထူထပ်၍ ခရီးမရောက်ဘဲ ကျွန်းသာ ယာတွင် ၀င်ခိုနေရ၏။ ထိုသတင်းကို ကာမမြို့စားနှင့် တပ်မှူးတို့ရသောကြောင့် လိုက်လေသော် ဖမ်းမိ၏။ နန်းစံ ၂ နှစ်၊ သက်တော် (၄၂) ဖြစ်သည်။ မြန်မာတပ်မှူးသည် ရခိုင်ဘုရင်အား အိမ်ရှေ့မင်းမောင်ပေါ်ထံ ပို့ဆက်သည်။ သံခြေကျင်းခတ်၏။ ဓည၀တီဘုရင်သည် စစ်ရှုံးသုံ့ပန်း ဖြစ်ရလေတော့သည်။

မြန်မာတပ်များသည် မြို့ရွာများ၌ ပုန်ကန်သူများကို ရှာ၏။ ဓမ္မရဇ်ရာဇာ လက်ထက်ကတည်းက မြောက်ဦးကို ပုန်ကန်လာခဲ့သော ကောင်းညွန့်ရန်တိုင်နှင့် ထွန်းပေါ်ဝေတို့ မြန်မာဗိုလ်ထံ အ၀င်ခံသော်လည်း သူကောင်းပြု မခံရဘဲ အသတ်ခံခဲ့ရလေသည်။ မြန်မာတို့သည် နန်းစံ ၃ လတွင် ကျောက်ပေါက်၍လွန်ခဲ့သော သီရိသု ရာဇာမင်း၏ သားတော်ကို နန်းတင်မည့်ဟန်ပြုကာ ပြည်သူတို့မထိတ်လန့်အောင် အရပ်ရပ်မြို့ရွာ ဇနပုဒ်တို့၌ လက်နက်ကိုင်သူရဲတို့ကို အစောင့်ထားလေသည်။ ရွာလူကြီးတို့အား စာချွန်ပေးအပ်ပြီး လူကြီး၊ လူငယ်၊ မိန်းမ၊ ယောက်ျား၊ အားလုံးကို ပေထန်းရွက်တွင်၊ ၀ါးစိတ်ခြမ်းတွင် "နေထွက်ဘုရင် ကျွန်တော်မျိုး"ဟု စာရေး ပြီး လည်ပင်းတွင် ဆွဲထားစေသည်။ ထိုသူတို့ကိုသာလျှင် မြန်မာဘက်သား ဖြစ်သည်ဟု သတ်မှတ်၏။ ထိုသို့မဆွဲသောသူတို့သည် တောင်မင်းကျော်ထွေး၏ သစ္စာခံလူဖြစ်သည်ဆိုကာ ကြေးငွေတောင်း၏။ နှိပ် စက်၏။ ရွာသူရွာသားတို့သည် အသက်ရှင်သန်ရေးအတွက် ချောင်းနားမြစ်နား၊ တောစပ်တောင်စပ်တို့ တွင် နေရလေသည်။

အိမ်ရှေ့မင်းမောင်ပေါ်သည် မြောက်ဦးမြို့တော်တွင် နန္ဒပကျန်ကို မြို့တော်ဝန်ခန့်သည်။ စစ်ပန်ခေါ်လာသူ ငထွန်းခံကို မြို့သူကြီးခန့်သည်။ ကိုးမြို့သခင်နှင့် လမိုင်းဝန်တို့ကို သူရဲတစ်ထောင်နှင့် မြို့စောင့်ထားခဲ့သည်။ ရခိုင်သားတို့ စစ်ပြန်လျှင် ခရီးလမ်းထောက်စေရန် မီးချောင်းဝ၌ စစ်တပ်တည်၍ သွေးသောက်လူကြီးတို့ကို အစောင့်အရှောက်ထားခဲ့သည်။ အရပ်ရပ် ကျေးလက်မြို့ရွာတို့၌ အသီးသီး အစောင့်အရှောက်ထားခဲ့သည်။

မဟာသမ္မတဘုရင်နှင့် မိဖုရားများ၊ မင်းညီမင်းသား၊ မှူးမတ်များ၊ ပိဋကတ်စောင်ရေ (၆၄)ကျမ်း၊ ယိုးဒယား ဘုရင် ဗြသာအဓိပတိရာဇာ အရုပ်၊ အတောင်နှစ်ဆယ်ပြောင်းကြီးနှင့် ပြောင်းငယ် သုံးထောင်၊ ပုဏ္ဏား မိသားစုများ၊ အတတ်ပညာသည်များ၊ မြစ်ကမ်းခြေနေသူများ၊ ဆင်မြင်းရွှေငွေတို့ကို ယူဆောင်ကာ အိမ်ရှေ့ မင်းသည် တောင်ကုပ်မှတစ်ဆင့် ပြန်ခဲ့သည်။

မဟာမုနိဘုရားကြီးကို အသင့်ခေါ်ဆောင်လာသော ကုလားသွေးသောက်တပ်မှ တာဝန်ယူပြောင်းရွှေ့ ရသည်။ တောင်ကုပ်မြို့သို့ ရောက်သောအခါ ရထားသုံးဆူ ပြုလုပ်ရသည်။ မဟာမုနိ ရှင်တော်မြတ်ကို ကုလားတို့သည် ချွတ်ဖြုတ်သင့်သည်ကို ချွတ်ဖြုတ်၍ (သုံးပိုင်းချွတ်ဖြုတ်၍) ရထားသုံးဆူပေါ်တင်ကာ စက်နှင့်ဆွဲငင်သည်။ ပန်းတောင်းသို့ရောက်လျှင် ချွတ်ဖြုတ်တင်ယူခဲ့သည်ကို ရှေးနဂိုအတိုင်း ပြန်လည်တပ် ဆင်လျက် လှေဖောင်သို့တင်သည်။ ဧရာဝတီမြစ်ကြောင်းအတိုင်း အမရပူရမြို့သို့ ဆန်တက်တော်မူ၏။

မင်းနှင့်တကွ လက်ရဖမ်းလာသူ နှစ်သိန်းကို အမရပူရပြည့်ရှင် ဘိုးတော်မင်းတရားကြီးထံ ဆက်၏။ မဟာ မုနိရုပ်ရှင်တော်ကိုလည်း မင်းကြီးထံဆက်သ၏။ မဟာမုနိရုပ်ရှင်တော်ကို အမရပူရမြို့တော် အရှေ့မြောက် မန္တလေးအရပ်တွင် သိမ်တော်ဆောက်လျက် ကိုးကွယ်၏။ ဖမ်းဆီးလာသူများကို အသီးသီးရွာတည်ပေးလေ သည်။

ရခိုင်ဘုရင် မဟာသမ္မတရာဇာမင်းကို ညီတော်ပခန်းစားအိမ်တွင် နေစေ၏။ မေးဖွယ်ရာများရှိလျှင် သံတော် ဆင့်တို့ကို စေခိုင်း၍ မေး၏။

တစ်ခါတွင် အမရပူရမင်းက ရခိုင်မင်းအား ရခိုင်မင်းသည် အဘယ်ကြောင့် စစ်ဆိုင်၍ မတိုက်သနည်းဟု မေး ၏။ ရခိုင်မင်းက အမရပူရပြည့်ရှင်သည စစ်ထိုးမည့်အကြောင်းကို ရာဇသံနှင့် တမန် မရောက်သောကြောင့် မတိုက်နိုင်လေဟု ဆိုသည်။

ရခိုင်မင်းသည် နန်းကဆင်း၍ အဘယ်ကြောင့်ပြေးလေသနည်းဟု မေး၏။ ရခိုင်မင်းက ဘုရားသခင်လက် ထက်တော်၌ ဗိမ္ဗိသာရမင်းသည် ဇမ္ဗူပတိမင်းကိုကြောက်၍ ပြေးရဖူးသကဲ့သို့ ပြေးရပေသည်ဟု ဆိုသည်။

ပြေးလျှင် အဘယ်ကြောင့် မလွတ်လေသနည်းဟု ဘိုးတော်မင်းက မေး၏။ မဟာသမ္မတမင်းက ကိုယ်ရံ သက်တော်စောင့်တို့ မရှိလေသောကြောင့် မလွတ်နိုင်ဖြစ်ရလေသည်ဟု ဆိုလေသည်။

ရခိုင်မှာ ပိဋကတ်ဗေဒင် တတ်သိလိမ္မာသူတို့ မရှိလေသလောဟု ဘိုးတော်မင်းကမေးသည်။ ရခိုင်မင်းက အမရပူရမင်း၌ ပိဋကတ်ဗေဒင် သိမြင်တတ်သိ လိမ္မာသူတို့ မရှိလေသောကြောင့် သူတစ်ပါးနိုင်ငံကို တိုက်ဖျက်လုယူသလောဟု ဆိုလေလျှင် ဘိုးတော်မင်းသည် နောက်ဆက်၍ မမေးဘဲ ဆိတ်ဆိတ်နေတော် မူ၏။

ရခိုင်မင်း၏ တန်ဆောင်းမိဖုရား မြသန္တာသည် အရောင်အဆင်းနှင့်ပြည့်စုံသောကြောင့် ဘိုးတော်မင်းတရား သိမ်းယူလိုသည်။ မြသန္တာအား မဟာသမ္မတမင်းကို မလိုဟု တရားစွဲဆိုခြင်းပြုစေ၍ တရားစရိတ်ငွေ တစ်ထောင်ကို ဘိုးတော်မင်းအား အမတ်လေးဦးကို ပေး၏။ တန်ဆောင်းမိဖုရား မြသန္တာကို ဘိုးတော်မင်း သိမ်းယူသည်။

မြောက်ဦးမြို့ဝန် နန္ဒပကျန်နှင့် မြန်မာတပ်များကို ဓါးပိုင်ကြီးကျော်ပုံနှင့် တောင်မင်းကျော်ထွေးတို့ စတင်တော် လှန်ကြသည်။ ရခိုင်တို့ စစ်ရေးအသာစီးမရချေ။ ဖမ်းဆီးရမိသူများကို သတ်ဖြတ်ပစ်၏။ နန္ဒပကျန်နှင့် မြို့သူ ကြီးငထွန်းစံတို့သည် ရခိုင်မြို့ရွာအနှံ့မှ လူတို့အား ပြောင်းလက်နက်ချရန် ဆင့်ခေါ်ပြီး ပေါင်းတုပ်ပြင်၊ သရက် အုပ်၊ ကြက်ရိုးတောင်၊ စံကားတောင်တို့၌ ထားသည်။ ထို့နောက် သတ်ပစ်၏။ ပုခက်တွင်းမှ ကလေးသူငယ် များကို ဓါးကစား၏။ ဘုရားပေါ်၊ ဒိုင်းကျီ၊ မောင်းဆွဲ၊ ငါရကောက်၊ ခေါင်းဖြူတောင်၊ ပရိန်ပေါင်းတုတ်၊ ရတနာပြင်လက်မ၊ တောတန်းအရပ်၊ ကိုးဆယ့်ကိုးတောင်အရပ်၊ သံတွဲ၊ ရမ်းဗြဲ၊ မာန်အောင်တို့၌ လူပေါင်း တစ်သိန်းရှစ်သောင်းလေးထောင် သေရလေသည်။

မြို့သစ်ချောင်းမှ တောင်မင်းကျော်ထွေး စစ်ရေးပြင်နေသည်ဟု နန္ဒပကျန်ကြားလျှင် မြုံသက်တို့ကို လမ်းပြစေ လျက်တိုက်ရာ (၁၇၈၆)ခု မေလတွင် တောင်မင်းကျော်ထွေး လက်နက်မှန်၍ သေသည်။ သားမယားတို့ ကို ခြေ လက်တို့၌ ကြိုးချည်ကာ မြစ်တွင်းသို့ ပစ်ချလေသည်။ အနောက်ပြည်မှ လာသူများကို တောင် မင်းကျော်ထွေး လူဟူ၍ သတ်ပစ်ကြလေသည်။ သမ္မတရာဇာ၏ညီ အိမ်ရှေ့မင်းချစ်လှရွှေအား ဖမ်းမိလျှင် သတ်ပစ်လေ၏။ ဓမ္မရဇ်ရာဇာ၏သားတော် အိမ်ရှေ့မင်း သက်စံရွှေလည်း သေနတ်ထိမှန်၍ သေလေသည်။

ရခိုင်မြို့ဝန် နန္ဒပကျန်က ဓည၀တီရခိုင်ပြည် မြောက်ဦးတွင် နေသောသူတို့သည် ရွှေငွေတို့ကို ဒင်္ဂါးခတ်နှိပ်၍ သာ သုံးပါသည်ဟု အမရပူရဘိုးတော်မင်းထံ လျှောက်စာတင်သည်။ ဘိုးတော်မင်းသည် "၁၁၄၆ အမရပူရ ဆင်ဖြူများရှင် နိုင်ငံဟု တံဆိပ်ခတ်လျက် ဒင်္ဂါးရိုက်လေ။ ထိုဒင်္ဂါးကို ပုံတော်ဒင်္ဂါးဟု ခေါ်လေ" ဟု အာဏာပေးသည်။ ဒင်္ဂါးရိုက်နှိပ်၍ ပုံတော်ဒင်္ဂါးဟုခေါ်ကာ ရခိုင်လေးမြို့၌ အသီးသီးသုံးကြ၏။

ရခိုင်ပြည်သည် စစ်၏ခေါင်းမည်သော စစ်သူကြီး၊ စစ်၏မျက်စိဖြစ်သော ဟူးရားတတ်၊ စစ်၏နားဖြစ်သော သူလျှိုလိမ္မာ၊ စစ်၏အားဖြစ်သော ဗိုလ်ပါရဲမက်၊ စစ်၏ခံတွင်းဖြစ်သော တမန်လိမ္မာ၊ စစ်၏အစွယ် အမတ်သူရဲကောင်း၊ စစ်၏ခြေဖြစ်သော ခြေသည်သူရဲ၊ စစ်၏အင်္ဂါဖြစ်သော ဆင်ကောင်း၊ မြင်းကောင်း၊ လက်နက်ကောင်းဆိုသည့် စစ်အင်္ဂါရှစ်ပါးနှင့် ပြည့်စုံခဲ့သည်။ နောက်နောင် ပြန်လည်ရုန်းထလာမည်ကို စိုးရိမ်၍ အဘယရာဇာသားတော်၊ သမုနရာဇာသားတော်၊ ဓမ္မရဇ်ရာဇာ သားတော်၊ ဓါးပိုင်ကြီး၊ မင်းသား၊ မင်းသမီး၊ ၀ိနည်းဓိုရ်ရှစ်သောင်း၊ တေဇရာမ၊ ဇိနမာရ်အောင်၊ လောကမာရ်အောင်၊ ပိန်းနဲတောင် ဆရာတော်များ၊ ပုဏ္ဏား၊ ပရောဟိတ်၊ ဗေဒင်တတ်၊ ဆေးသမား၊ ကိုယ်တော်ရံ ယောက်ျား၊မိန်းမတို့ကို ဘိုးတော်မင်းတောင်းသောကြောင့် လူပေါင်း ၇၇၀၀ ကို (၁၇၇၇)ခုတွင် နန္ဒပကျန်သည် အမရပူရသို့ ပို့ဆက်ရလေသည်။

ရေ၌ပွင့်သောပန်း၊ ကြည့်၌ပွင့်သောပန်းတို့ကို ဆက်သွင်းရသည်။ သဇင်ပန်းသည် မင်း၏ဘဏ္ဍာဖြစ် သည်။ ရေ၌ဖြစ်သော ငါးဟင်းတို့လည်း ဆက်သွင်းရသည်။ ကျောက်ကြိုးကို နှစ်စဉ်ဆက်သရ၏။ ပိဋကတ် ကျမ်း၊ ဗေဒင်ဗာဟိရကျမ်း၊ ငါးဆယ့်ခြောက်စောင်ကို ပေးဆက်ရလေသည်။

နန္ဒပကျန်သည် ငထွန်းစံအား ရခိုင်မြို့သူကြီးအရာမှ နုတ်၍ ရမ်းဗြဲမြို့သူကြီး ခန့်၏။ စစ်ပန်သူ ငါးဇင် ရိုင်းချောင်းသား ငသံတွေအား ရခိုင်မြို့သူကြီး ခန့်၏။ သမက်သက်နှံဝေကို လေးမြို့သူကြီး ခန့်၏။ မြို့ဝန် နန္ဒပကျန်နှင့် မြို့သူကြီး ငသံတွေတို့သည် ကျေးရွာအရပ်ရပ် အုပ်ချုပ်ရေး၌ မြန်မာတစ်ဦးစီ ခန့်ထားခဲ့ကြ၏။ နန္ဒပကျန်သည် လေးနှစ်တိုင်တိုင် ရက်စက်ဖိနှိပ်အုပ်ချုပ်ပြီး ၁၇၈၈ ခုတွင် သေလွန်သည်။

(၁၇၈၉)ခုတွင် ဇင်းမယ်သို့ချီရန်အတွက် လူပေါင်း (၆၀၀၀)ကို ရခိုင်မှ အမရပူရသို့ ပို့ရသည်။ စစ်သည် အများအပြာင်း ငှက်ဖျားနှင့် သေဆုံးသည်။ ဘိုးတော်မင်းသည် မင်းကွန်းစေတီတည်ရန် ရခိုင်မှ လူ (၂၀၀၀) တောင်းသည်။ ရခိုင်မြို့သူကြီး ငသံတွေ၏သားမျက် လက်ရုံးဗိုလ်တို့ လူသူစုဆောင်းစဉ် ပုန်ကန် မှုဖြစ်ပေါ်သည်။ (၁၇၉၈) ခုတွင် ငသံတွေသည် သားဖြစ်သူ စိုင်းတင်စားချင်းပြန်အား များစွာသော ရဲမက် လက်နက်နှင့် ချေမှုန်းတိုက်ခိုက်ရန်  စေလွှတ်သည်။ ချင်းပြန်သည် ပုန်ကန်သူများနှင့် ပူးပေါင်းကာ မယူကမ်းတွင် အောင်တပ်တည်၍ တော်လှန်ခြားနားလေသည်။ (၁၈၁၁)ခုတွင် ချင်းပြန်သည် မြောက်ဦးကို ၀င်တိုက်၏။ အမရပူရမင်းသည် စစ်အင်အား အလုံးအရင်းစေလွှတ်ကာ ချင်းပြန်သူပုန်အား ချေမှုန်းရန် ကြိုးပမ်းခဲ့သည်။ တိုက်ခိုက်မှုများ ပြင်းထန်စွာ ဆက်တိုက်ဖြစ်ပေါ်ပြီး (၁၈၁၃)ခုတွင် စစ်ရေးမလှသဖြင့် စစ်တကောင်း (ပင်းဝါ)နယ်ထဲသို့ ချင်းပြန် တိမ်းရှောင်သွားခဲ့ရသည်။

မြောက်ဦးမြို့တော်တွင် ကျောင်းကြီးသုံးဆယ်၊ ကျောင်းငယ် သုံးထောင့်ခုနစ်ရာ၊ ရခိုင်ပြည်အနှံ့ သိမ်ကျောင်းစေတီပုထိုးတို့ကို ဖျက်ဆီးပစ်ခဲ့သည်။ မြောက်ဦးမြေ၌ ပညာရှိအမတ်မရှိ၊ အကျင့်သီလပြည့် စုံသော ရဟန်းတော်မရှိ၊ ဗေဒင်ဟူးရား ဆေးသမားမရှိ၊ မင်းဆွေမင်းမျိုး မရှိ၊ သူဌေးသူကြွယ် မရှိ၊ လက်နက် ကိရိယာ၊ စစ်သည်သူရဲမရှိ။

ရွှေနန်းတော်၊ နာရီစင်၊ ယွန်းစည်၊ မြို့ဝင်တံခါးများ၊ မြို့ရိုးတံတိုင်းတို့ ပျက်စီးရလေသည်။ နန္ဒပကျန်တို့သည် အောင်စေတီနှင့် ကျောင်းသိမ်အသစ်တည်ဆောက်၏။ ဓည၀တီမြောက်ဦးသည် မြေလှန်မီးရှို့ဖျက်ဆီးခြင်း ခံလိုက်ရလေသတည်း။

မောင်ခိုင်အောင်

ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်



(၁) သင်္ကြန်၏ အဓိပ္ပါယ်
သင်္ကြန်=ကူးပြောင်းခြင်း ၊ မာဂဓဘာသာ သင်္ကန္တ နှင့် သက္ကဋဘာသာ သင်္ကြန်တ မှ ဆင်းသက်သည်။ရခိုင်/မြန်မာ ပြက္ခဒိန်နှစ်၏ ပထမဆုံးလဖြစ်သောတန်းခူးလတွင် နှစ်ဟောင်းကုန်၍နှစ်သစ်ကူးသည့် သင်္ကြန်ရက်ကိုကျင်းပလေ့ ရှိသည်။ ရခိုင်တို့က အတာသင်္ကြန်ကူးသောလ ဖြစ်၍ တန်ခူးလကို တာကူးလ ဟုခေါ်ဆိုသည်။

(၂) သင်္ကြန်ဖြစ်ပေါ်လာပုံသမိုင်းကြောင်း
ဘီစီ(၅၆၈)တွင် ရခိုင်ဓည၀တီပြည်ရှင် စန္ဒာသူရိယမင်းကြီးသည် မြတ်စွာဘုရားသျှင်နှင့် အတိတ်ဘ၀ကသူငယ် ချင်းဟောင်းဖြစ်ဖူးသည့် အားလျှော်စွာ မနောအဓိဌာန်ဖြင့် ပင့်ဖိတ်ချက်အရ ဗုဒ္ဓမြတ်စွာဘုရားသျှင်သည် နောက်ပါ သံဃာတော်အပါး(၅၀၀)ဖြင့် ကောင်းကင်းခရီးမှ ကြွချီလာကာ မောရပဗ္ဗတသေလာဂီရိကျောက်တော်ပေါ်၌ သက် ဆင်း တော်မူခဲ့သည်။ ယင်းအချိန်၌ပင် ဘုရင်းနှင့် တိုင်းသူပြည်သားများ ကိုးကွယ်နိုင်ရန် ပုံစံတူ ကိုယ်ပွါးတော်
မဟာမြတ်မုနိဆင်းတုတော်ကို သွန်းလုပ်စေသည်။ ရခိုင်ပြည်သူပြည်သားတို့သည် ဆင်းတုတော်ကြီးအား အမွှေး နံ့သာရည်များဖြင့် ရေသပ္ပါယ်ပူဇော်ကြလေသည်။
နောင်နှစ်စဉ်တွင်လည်း ရခိုင်ပြည်သူပြည်သားတို့သည် ဗုဒ္ဓဆင်းတုတော်များအား အမွှေးနံ့ သာရည်များဖြင့်
ရေသပ္ပါယ်ပူဇော်သော ဓလေ့ဖြစ်ထွန်းလာခဲ့ပါသည်။ ဘုရားဆင်းတုတော်များအား ရေသပ္ပါယ်ရာမှ ကျန်သော
အမွှေးနံ့သာရည်များကို အချင်းချင်းပက်လောင်းကြရာမှ ရေလောင်းကစားသောဓလေ့ဖြစ်ထွန်းလာသည်ဟု
အဆိုရှိကြပါသည်။ရခိုင်သင်္ကြန်ကို နံ့သာသွီးပွဲ / ဘုရားရီချိုပွဲ နှင့် သင်္ကြန် ရီလောင်းပွဲဟူ၍ အဆင့်(၃)ဆင့်ဖြင့် ကျင်းပကြပါသည်။
ဗုဒ္ဓသာသာကို အခြေခံသောပွဲဖြစ်သဖြင့် သင်္ကြန် အကြိုနေ့မတိုင်မီတစ်ရက်အလိုတင် ရပ်ကွက်အလိုက် ကိုးကွယ် သော ဘုန်းကြီးကျောင်း သိမ်အဆောက်ဦးများကို ရေဖြင့် ဦးစွာ ဆေးကြောသန့်စင်ကြပါသည်။ သင်္ကြန်အကြိုနေ့ ညနေ့ပိုင်းတွင် ရပ်ကွက် ဓမ္မာရုံ သို့မဟုတ် ယာယီမဏ္ဍပ်၌ မိန်းမပျိုလေးများ က နံ့သာဖြူ နံ့သာနီ ကရမက် စသည့် အမွှေးနံ့သာတုံးများကို ယူဆောင်လာကြကာ ကျောက်ပျဉ်ကိုယ်စီဖြင့် စုပေါင်း နံ့သာသွေးကြလေသည်။ မိန်းမပျိုများ နံ့သာသွေးနေကြစဉ် ယောင်္ကျားပျိုများက မဏ္ဍပ်အပြင်ဘက်မှ တူရိယာများ တီးမှုတ်သီဆိုကခုန်၍ အားပေးကြ ပါသည်။သွေးပြီးသော နံ့သာရည်များကိုအိုးကြီးများတွင် စုပေါင်းထည့်၍ သိမ်းဆည်းရသည်။
ယင်းကို နံ့သာသွီးပွဲ(နံ့သာသွေးပွဲ)ဟု ခေါ်ဆိုခြင်းဖြစ်ပါသည်။ သင်္ကြန်အကျနေ့တွင် လူကြီးလူလတ်များ ဦးဆောင်၍ အပျို လူပျိုအားလုံးစုရုံးကာ အတီးအမှုတ်များဖြင့် လှူဘွယ်ဝတ္ထုများ အမွှေးနံ့သာ ရည်အိုး များကိုင်ဆောင်လျက်စီတန်းလှည့်လည်၍ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ကြပါသည်။ ထိုနောက် လှူဘွယ်ဝတ္ထုများဆက် ကပ်၍ သံဃာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ပြီးမှ လည်းကောင်းကျောင်းရှိ ဗုဒ္ဓဆင်းတုတော်များ ကိုဦးစွာရေဖြင့် သပ္ပါယ်သန့်စင်ခြင်းကို ယောင်္ကျားပျိုးများကဆောင်ရွက် ကြသည်။ထိုနောက် မိန်းမပျိုများ ယူ ဆောင်လာသော အမွှေးနံ့သာရည်များဖြင့်ရေသပ္ပါယ်ပြီး ဆင်းတုတော်များကို ပက်ဖျန်းပူဇော်ကာ သင်္ကြန်ကို ကြိုဆိုလေ့ရှိကြပါသည်။


ရခိုင်ရိုးရာ သင်္ကြန်ပွဲတော် ရုပ်သံဖိုင်ကြည်လိုသူများအောက်တွင် ကလိစ်နှပ်ပါ
1. The Meaning of “Thungran”
• Thungran = Transition (derives from Pali as well as Sanskrit)
• Thungran days are celebrated at the transitional time from old year to New Year on the month of
Tankhu (April), the first month of Rakhine or Myanmar Calendar year.
• The Rakhine calls that month as “Tar ku la” that means the transitional month.
2. Brief History of “Thungran”
• In BC 528, during the reign of King Canda Suriya of Dannyavadi, the Lord Buddha together with
500 disciples visited Selagiri Kyauktaw Hill according to the telepathic request and invitation by the
King who was much closed friend of the Buddha in the past lives. In the moment, a replica of the
Lord Buddha namely “Mahamuni” was casted to be worshiped by the King and Rakhine people.
Then the sacred Buddha Image was poured and offered with the sweet smelling creamy water (Nan
tha re = Sandalwood).
• Since then, the tradition is appeared for Rakhine people cleansing and offering of the Nan tha re
to Buddha Statues.
• With the remaining Nan tha re, Rakhine people pour on each other and the tradition of “Thungran
Water Festival” emanated from that time till the date.
Traditionally 3. Celebrating Rakhine Thungran Traditionally
• Rakhine Thungran is usually celebrated in three categories, namely (1) Nantha Grinding
Ceremony, (2) Nantha Pouring to the Buddha Statues, and (3) Water Festival.
• As of Buddhism-related festival, Rakhine people cleans the monasteries and its ordination building
(Thein = Sima) with water in every wards and village on the eve of Thungran.
• At that evening, Rakhine girls assemble at the pagoda platform or a hall bringing sandalwoods of
white and red (Nantha Phyu and Nantha Ni). They grind the Nantha pieces or blocks on the face of
Kyauk-pyin (round flat rock) to obtain the creamy sweet smelling Nantha. At the same time, the
young Rakhine men cheer and sing songs with the musical instruments to make the Nantha
Grinding event into a competition. The Nantha creams are well preserved in pots or containers.
• The next morning (Thungran Ah Kya Day), the people go to the pagodas and monasteries and do
the cleaning and offering of the Nantha to Buddha statues. Then the Five Concepts of Sila are
received from monks to whom offering are delivered. Thereafter, young girls pour Nantha creams
to those statues. Indeed, that is the gesture of welcoming to Thungran.
• The opportunity of watering each other in the pandals during the days from Akya to Attat is the
affectionate and efficacious tryst for boys and girls.
• Each pandal built of wood and bamboo, decorated with palm leafs and padauk flowers, is placed
with a long boat filled with water therein. Wooden barricades with decorations are built firmly in
front of it. Pandals are used to be named in lively titles and well decorated name board is set up at
the forefront thereof. Generally, water throwing period prolongs from 10 am to 4 pm daily.
4. Splashing Water in the Pandals
• The pandal girls have to sit facing the boat with the backs to the open side of pandal.
• Boys either in group or individually roaming around and reveling songs and rhymes, come into the
pandal to play watering with pandal girls. On request to the pandal supervisor ladies, they will
choose the girl with whom they would like to play watering with. They chosen girl then offers a
bucket of water to the boy and he will start to play water, then the girl response watering with her
own bowl. Others while waiting their turn outside the pandal will play music, songs or rhymes.
Necessary measures are pre-arranged to avoid discontent with regard to priority to enter the
pandal.
• Such traditional water throwing of Rakhine national is unique among other nationals of Myanmar.
(Collected and typed by Ashon Nyanuttara)

ရခိုင်ရိုးရာ ဓလေ့ ထုံးစိုင် သမက်တက်ပွဲ


   ရခိုင်အပျိုလူပျိုတိအရွယ်ရောက်လျှင် လူငယ်ချင်းချစ်ကြိုက်၍ လက်ထက်မင်္ဂလာဆောင်ခြင်းများဟိရေပိုင် အများအားဖြင့် မိဘများက အိမ်ထောင်ဘက်ကို ရွီးချယ်ပီး သည်များပါသည်။ ရခိုင်လူမျိုးသည် မိဘစကား ကိုနာခံတတ်သူများဖြစ်သဖြင့် မိဘများ၏အစီအမံကို လက်ခံတတ်လေ့ဟိသည်။ သားသမီးများ အချိန်တန် အရွယ်ရောက်လာလျှင် အိမ်ထောင်ဖက်ကို အများအားဖြင့် မိဘများက ရွီးချယ်ပီးသော အလေ့သည် ရခိုင်လူမျိုးတွင် ယခုခေတ်ချိန်ထိခေတ်စားလျှက်ဟိသည်။

    ရှိရိုးအစဉ်အဆက်ကျင့်သုံးလာခသော ရခိုင်လူမျိုးရို့၏လက်ထပ်မင်္ဂလာ ပွဲဓလေ့သည်  မြန်မာများနှင့်မတူ ထူးခြားသောဓလေ့ထုံးစံများဖြစ်သည်။ ရခိုင်ရိုးရာသမက်တက် ရခိုင်ရိုးရာမင်္ဂလာဆောင်မှာ မြန်မာရိုးရာ မင်္ဂ လာဆောင်နှင့်မတူ တမူထူးခြားသည်။ သမီးသျှင် (သတို့သမီး) နှင့် သမက်သျှင် (သတို့သား) လက်ထပ် ထိမ်းမြားသောမင်္ဂလာဆောင်ပွဲကို ရခိုင်စကားတွင် သမက်တက်ပွဲ ဟုခေါ်သည်။ ယောက္ခမအိမ်သို့ သမက် ကိုတင်ပို့ရသောကြောင့်လည်းကောင်း၊လက်ထပ်ရန်လားရသောကြောင့်လည်းကောင်း“သမက်တက်” ဟု ခေါ်ရခြင်းဖြစ်သည်။ သံတွဲ၊ ကျောက်ဖြူ၊ မာန်အောင်နှင့် အခြားသောဒေသများတွင် အနည်းငယ် ကွဲလွဲ ချက်ဟိသည်။ သမီးတောင်းခြင်း ပထမယောက်ျားချေဘက်မှ မိန်းမပျိုကိုကြိုက်လျှင် အရပ်မှ အမျိုး သမီးကြီး မှတဆင့်ပြောကြားပြီးရက်တည့်မတည့်ဇာတာများယှဉ်ပြီးစီးစစ်ရသည်။ ထို့နောက်  ကောင်းသောရက်ကို ရွီးချယ်ပြီး စိစပ်ကြောင်းလမ်းပြုလုပ်သည်။

စိစပ်ကြောင်းလမ်းခြင်းမင်္ဂလာ

(အသွင်းနှင်းခြင်း၊ ပန်းဆင်ခြင်း) စိစပ်ကြောင်းလမ်းမင်္ဂလာပွဲကို သမီးသျှင်အိမ်တွင်ပြုလုပ်သည်။ ရှိဦးစွာ သမီးသျှင်ထိုင်ရန်နီရာ၏လက်ဝဲလက်ယာဘက်တွင် အမျိုးသမီးအိမ်ထောင်သည်နှစ်ဦး ထိုင်ရသည်။ ဆွီမျိုး များနှင့်ဖိတ်ကြားထားသောအဂန္ဓုများက ယင်းရို့၏ရှိတွင် နီရာယူရသည်။ ထိုအချိန်တွင် သမီးသျှင် ထွက်မလာရသိမ့်။ သတ်မှတ်ထားသောမင်္ဂလာအချိန်ရောက်သောအခါ သမက်သျှင်(သတိုးသား)ဘက်မှ ဆွီမျိုးပရိတ်သတ်များလာရောက်သည်။ လာရောက်သောအခါ သမီးသျှင်ကိုဆင်မြန်းပီးရန် ပန်းများနှင့်
စားစရာမုန့်အချိုများ၊ ကောက်ညှင်းပေါင်းများကို ငွေဖလားထဲတွင် ထုံးတမ်းစဉ်လာနှင့်အညီထည့်၍ ယူလာ ရသည်။
               ငွေဖလားဦးရေမှာလည်း မဂဏန်းအရွီတွက်တိုင်း ကြိုက်သလိုအသုံးပြုနိုင်သည်။ သမီးသျှင် သည် အမျိုးသမီးအရံတဦးနှင့်အတူထွက်လာပြီးသတ်မှတ်ထားသောနီရာတွင်ထိုင်ရသည်။ ပန်းများ၊မုန့်များနှင့် အတူ သမက်သျှင်မိဘများထံမှ သမီးသျှင်အား စိစပ်ကြောင်းလမ်းခြင်း ရခိုင်အခါ် (ကတိသစ္စာပြုခြင်း) အထိမ်း အမှတ်အဖြစ် သားသျှင်ဘက်မှ အမိ (သို့မဟုတ်) အစ်မက မိမ္မချေကို ပန်းဆင်ပီးရသည်။ ထို့နောက်လက်ဝတ်ရတနာများကို ရွှေကျပ်ချိန်ဖြင့်ပီးပြီး အသွင်းပီးဆောင်ရပါသည်။ ထိုရတနာဆင်မြန်း
ခြင်း၊ သမီးသျှင်အား ပန်းပန်ပီးခြင်းပြုလုပ်သူကို သမီးသျှင်က အရိုအသေပြုကန်တော့ပြီးလျှင် စိစပ် မင်္ဂလာေ အာင်မြင်ပါတော့သည်။ မင်္ဂလာလက်ထပ်မည့်နိရက်ကို ယင်းအချိန်မှာပင် နှစ်ဦးနှစ်ဘက် ညှိနှိုင်းေ ဆွးနွေး သတ်မှတ်ရပါသည်။ဆွီမျိုးပရိသတ်များကို မင်္ဂလာရက်ကြေငြာပီးရသည်။ ထို့နောက် ကြွရောက် လာသော နှစ်ဦးနှစ်ဘက်ဆွီမျိုးပရိသတ်များကို ဧည့်ခံကျွေးမွီးရသည်။ စိစပ်ပွဲပြီး၍ သမက်သျှင်ဘက် မှပြန် ကျသောအခါ သမက်သျှင်ဘက်မှယူလာသော ငွေဖလားထဲမှမုန့်အချိုများကို သမီးသျှင် ဘက်မှလက်ခံယူပြီး
နောက် ယင်းဖလားထဲသို့ သမီးသျှင်ဘက်မှလည်း မုန့်များကို ပြန်ထည့်ပီးရသည်။

     လက်ထပ်မင်္ဂလာပွဲ

          လက်ထပ်မင်္ဂလာပွဲတွက် မင်္ဂလာပွဲတင်ကို တရက်ကြိုတင်ပြုလုပ်ရသည်။ မင်္ဂလာပွဲတင်သည် လက်ထပ်မင်္ဂလာပွဲအတွက် ရှိဦးစွာဆောင်ရွက်ရသော အလုပ်ဖြစ်သည်။ ယင်းပွဲကို သမီးသျှင် အိမ်၌ သာပြုလုပ်ရသည်။ မင်္ဂလာပွဲနိရောက်သောအခါ ယင်းနိမိုးထက်အရုဏ်တွင် သမီးသျှင်သမက်သျှင်ရို့အား မိမိအိမ်များမှာပင် မြတ်စွာဘုရားအားဦးထိပ်ထား၍ ဘုန်းကြီးငါးပါးအား မင်္ဂလာဆွမ်းကပ်ပြီး မင်္ဂလာ ပရိတ် နာရသည်။ အဘိုးအဘောင်လူကြီးမိဘများကိုကန်တော့၊ မင်္ဂလာစကားတတ်ကျွမ်းသူများက နံ့သာရည် များဖြင့်ပတ်ဖြန်းခြင်းများပြုလုပ်ကာ မင်္ဂလာမြှောက်ရသည်။ ပရိတ်နာရာတွင် ပရိတ်ကြီးမှာ လက်ထပ် မင်္ဂလာပွဲအတွက် အဓိကအရေးကြီးဆုံးဖြစ်သည်။ ရှိဦးစွာ မင်္ဂလာစားပွဲငယ်ကို ပျင်ဆင်ရသည်။ ယင်းစားပွဲ တွင်ပါဝင်ရမည့်အချက်များမှာ- မင်္ဂလာမြှောက်ခြင်း မင်္ဂလာထမင်းပွဲပျင်ဆင်ခြင်း သီးသန့်ပြုလုပ် ထားသော မင်္ဂလာစားပွဲကိုစားပွဲခင်း၍ အပေါ်တွင်စပါးဖြူးထားသည်။ဖြန့်ကြဲထားသောစပါးပေါ်တွင် ဘဲဥပုံ မင်္ဂလာ ကြွီလောင်ပန်းကြီးတွင် ကောက်ညှင်းနှင့်ထမင်းများထည့်၍ တင်ထားရသည်။ ယင်းထမင်းပေါ်တွင် ချက်ပြီး သားခြီလက်အမွှီးစုံသော ပုစွန်တုပ်ကြီးနှစ်ကောင်၊ အမွှီးစုံအကြီးခွံပါသော ငါးကန်သားနှစ်ကောင်၊ ဘဲဥနှစ် လုံး၊ မြောက်ဥ (ခေါ်) ကင်းစွန်းဥနှစ်ဥနှင့် အခွံနွှာပြီးသောနှပျိုးသီးနှစ်လုံးစီဖြင့် ပျင်ဆင်ထားရသည်။ ငါး၊ ပုစွန်၊ ဥ၊သီးနှံစပါးပေါကြွယ်စီရန်အတိတ်နမိတ်ယူထားခြင်းဖြစ်သည်။စပါးများထဲ တွင် ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးများမြှပ်နှံ ထားရသည်။ ရွှေငွေပွားများအောင် ရည်ရွယ်ခြင်းဖြစ်သည်။
              သမီးသျှင်ထိုင်သောနီရာလက်ယာဘက်တွင် ရီစင်အိုးဟုခေါ်သော ကြီးအိုးငယ်နှစ်လုံး တင်ထား ရသည်။ ကြီးအိုးအပြင်ဘက်ပတ်လည်ကို မင်္ဂလာပရိတ်ခြည်ဖြင့် ပတ်ထားပီးရသည်။ ကြီးအိုး၌ရီထည့်ထားပြီး သပြီပန်း၊ အချိန်ခါကောင်း သတ်မှတ်သောစာရွက် (အခါစာ) ရို့ကို ထိုးထားရသည်။ ထမင်းလောင် ပွန်း၏လက်ဝဲဘက်တွင် လောင်ပွန်းငယ်များတင်ပြီး ယင်းလောင်ပွန်းငယ်အသီးသီး တွင် ကြက်တစ် ကောင် လုံးအူအသဲစုံစွာငရုတ်သီးမပါဘဲချက်ရသည်။ပုစွန်တုပ်ကိုအကောင်မပျက်ကျော်ရသည်။ ရွှေဖရုံသီးချက် ထည့်ရသည်။ကျန်လောင်ပွန်းနှစ်ခုတွင်ကြက်နှင့်ပုစွန်ပဲထည့်ရသည်။ကြက်နှစ်လောင်ပွန်း၊ ပုစွန်  နှစ်လောင် ပွန်း၊ ရွှေဖရုံသီးနှစ်လောင်ပွန်းဖြစ်သည်။ မင်္ဂလာလက်ဆုံထမင်းပွဲတွင် ငကန်သား (အကြီးဟိသောငါး)၊ ကြက်သား၊ ဘဲဥ၊ ပုစွန်၊ မြောက်ဥ၊ ကင်းစွန်းဥ၊ ချိုင်ပေါင်ဟင်းများထည့်ထားသည့် ဟင်းဇားပန်း ကန်ကတဖက် ထားဟိသည်။ ပုစွန်ဆိုလျှင် နှခွမ်းမွှီးမျှင် မပြတ်စီရ။ အကျိုးအပဲ့အနာအဆာများမပါစီရန် အထူးဂရုပြုရသည်။ ဤမင်္ဂလာစားပွဲကို မင်္ဂလာဆောင်မည့်နီရာတွင်ထားဟိပြီး မင်္ဂလာမြှောက်ခြင်းပြုလုပ်ရသည်။ အညွှန့်ဟိသောအမျိုးသမီးက သမက်သျှင်အိမ်မှ ဆန်နို့ဆီဗူးနှစ်ဗူး၊ လေးဗူး၊ ခြောက်ဘူးစသဖြင့် စုံ
ဂဏန်းကို သမီးသျှင်အိမ်သို့လားပို့ကာ သမီးသျှင်အိမ်မှဆန်များနှင့်ရောပြီး အညွှန့်ဟိသောအမျိုးသမီးက မင်္ဂလာလက်ဆုံထမင်းပွဲအတွက် ချက်ရသည်။ အညွှန့်ဟိသောအမျိုးသမီးဆိုသည်မှာ လူပျိုအပျိုလက်ထပ်ပြီး မကွဲမကွာမောင်နှံစုံအတူတကွနီထိုင်၍ သားသမီးတယောက်တလီမှ ပျက်စီးခြင်းမဟိသော “အိမ်ထောင်သျှင်မ” ကိုဆိုလိုသည်။ အထက်ပါ မင်္ဂလာပွဲပျင်ဆင်ခြင်းအလုပ်ကို
ဘုန်းကြီးမကြွမှီ ပျင်ဆင်ထားရသည်။ ဘုန်းကြီးကြွလာပြီး ပရိတ်နာသည့်အခါ မင်္ဂလာစားပွဲမှာ ဘုန်းကြီးများရှိတွင် တည်ဟိနီရမည်။
                ယင်းမင်္ဂလာစားပွဲရှိတွင် သမီးသျှင်က အမျိုးသမီးနှစ်ဦး လက်ဝဲလက်ယာရံ၍ ထိုင်ရသည်။ ထိုအရံအမျိုးသမီးနှစ်ဦးမှာ သမီးသျှင်မွီးရက်နှင့် နိနံသင့်သူများဖြစ်သည်။ရှိဦးစွာသီလခံယူပြီးလျှင် ပရိတ်ကြိုးဖြင့် စည်းဝိုင်းချသည်။သမီးစောင့်ခြင်း သမက်တက်သည့်နိ မိုးထက်ကိုးချက်တီးခန့်တွင် သမီးသျှင်နှင့်ရင်းနှီးသော မိတ်ဆွီကုလိမ္မေချေများ၊ ဆွီမျိုးများကို ထမင်းကျွေးရသည်။ သမီးသျှင်
မှာ အလှပဆုံးဝတ်စားဆင်ယင်ကာ နိသင့်နံသင့်အပျိုရံနှစ်ယောက် လက်ဝဲလက်ယာရံလျှက် မင်္ဂလာဆောင်မည့်နီရာတွင်ထိုင်၍ ဧည့်ခံရသည်။ သမက်တက်ခြင်း သမက်သျှင်ဘက်မှ သမီးသျှင်ဘက်သို့လားသောအခါ သမက်သျှင်အဖ၊ အဘိုး၊ ဆွီမျိုး သက်ကြိးဝါကြီးများက ရှိမှဦးဆောင်လာလတ်ပြီး အမိ၊ အဘောင်စသောသက်ကြီးဝါကြီးမိမ္မများက နောက်မှလိုက်ရသည်။ ထို့နောက် အုပ်ထမ်းသူအညွန့်မိမ္မများက တယောက်ချင်းတန်းစီ၍ လျှောက်ရသည်။ အုပ်ထမ်းသူများမှာ မိမ္မချောမိန်းမလှများဖြစ်သည်။ ရှိဆုံးမှ အညွန့်ပန်းအုပ်ကို သမက်သျှင်၏အစ်မ (သို့မဟုတ်) ဆွီမျိုးရင်းချာထဲက ထမ်းရသည်။ နောက်အုပ်များတွင် မုန့်အမျိုးမျိုး၊ နှပျိုးသီးများ
ထည့်ကာ ထမ်းလာရသည်။ အုပ်ထမ်းသူများအတွက်လက်ဆောင်အဖြစ် ပုဝါပိုင်းများကို အုပ်များတွင်ချိုင်နှောင်ထားဟိသည်။
              အုပ်များကို သမက်သျှင်တတ်နိုင်သည့်အလျှောက် (၇) အုပ် (၉) အုပ်ထားဟိသည်။ အုပ်ထမ်းသူများ၏နောက်နားတွင် သမက်သျှင်အဖွဲ့ပါသည်။ သမက်သျှင်၏ဦးသျှောင်နှင့် ရီစင်အိုးကို ရှိကသယ်ယူလာရပြီး သမက်သျှင်မှာ ခေါင်းပေါင်း၊ ပန်းဖော်တောင်ရှည်ပုဆိုး၊ လိုင်ထောင်အင်္ကျီ၊ ရင်ဖုံးပြင်ခံအင်းကျီများကိုဝတ်ဆင်ကာ ဓားရှည်လွယ်သူ၊ ယပ်ရှည်ကိုင်သူများခြံရံလျှက် လိုက်ပါလာ
ရသည်။ ၄င်းရို့၏နောက်တွင် သမက်သျှင်၏အပေါင်းအဖော်များမှာ တေတ္တာနှင့်အိပ်ရာလိပ်များကို သယ်ဆောင်လာလတ်ပြီး ဗုံ၊ လင်ခွင်း၊ ပုလီတီးမှုတ်သူများနှင့် တပျော်တပါးတီးမှုတ်လိုက်ပါလာရသည်။ သမီးသျှင်အိမ်ရောက်သည့်အခါ သမီးသျှင်မိဘဆွီမျိုးများကဆီးကြို၍ဧည့်ခံပြီး နီရာထိုင်ခင်းများပီးသည်။ ရှိဦးစွာအညွန့်အုပ်ထမ်းသူက အညွန့်အုပ်နှင့်အတူပန်းဆင်ပီးရန် သမီးသျှင်အနားနီရာယူရသည်။ ကျန်အုပ်များကို သမီးသျှင်အိမ်မှလက်ခံယူ၍ နီရာချထားသည်။ သမက်သျှင်ဘက်မှသယ်ဆောင်လာသော မင်္ဂလာရီစင်အိုးကိုလည်း မင်္ဂလာစားပွဲပေါ်တွင် သမီးသျှင်၏ရီစင်အိုးနှင့်အတူ ထားရသည်။ အညွန့်အုပ်ထမ်းလာသူ သမက်သျှင်၏အစ်မဆွီမျိုးများက သမီးသျှင်ကို ပန်းဆင်ပီးရသည်။ အညွန့်အုပ်တွင် ရာသီအလိုက်ပန်းများပါလာရသည်။ ဥပမာ- နှင်းပန်း အီးချမ်းစီရန် နှင်းဇီပန်း မွှီးကြိုင်လန်းဆန်းစီရန် သဇင်ပန်း သန့်ယှင်းစင်ကြည်စီရန် အချစ်တရာ (အချပ်တရာ) ပန်း အချစ်အနှစ်တရာတိုင်စီရန် စံ
ကားပန်း စံစားရစီရန် ပန်းများပန်းကုံးများကို တစုံစီအညွန့်အုပ်တွင်ထည့်ယူလာရသည်။ ပန်းဆင်ပီးသူက ပန်းများကို တစုံစီ ငါးစုံဆင်မြန်းပီးရသည်။ ဆံထုံးထဲတွင်လည်း ပန်းကုံးများထိုး၍ ပန်းပန်ပီးရ သည်။ ထို့နောက် သမီးသျှင်ကိုသျှောင်ဆောင်းပီးပြီးမျက်နှာကိုဖုံးအုပ်ထားရသည်။ သမီးသျှင်ကို ပန်းပန် ဆင်ပြီးနောက် သမက်သျှင်ကို အိမ်ထဲသို့ဝင်စီသည်။ အ၀င်တွင် သမီးသျှင်၏ညီမအပျိုများက ခြီဆီး ၍ငွေတောင်းခံသည်။ လူပျိုရံများက ဈီးဆစ်ခြင်းဖြင့် အချေအတင်ပြောဆိုရသည်။ လူပျိုရံ၊အပျိုရံများ တစိတစောင်းပြောဆိုရသဖြင့် ပျော်စရာကောင်းသည်။ အိမ်ပေါ်သို့ရောက်သောအခါ သမက်သျှင်ကို ရီတခွက်တိုက်ရသည်။ထို့နောက် သမက်သျှင်ကို သမီးသျှင်၏ညာဘက်တွင် နီရာယူစီပြီး သျှောင်ဆောင်းပီးရသည်။ ထိမ်းမြားပီးသူများက မင်္ဂလာစားပွဲပေါ်ဟိ မင်္ဂလာထမင်းပွဲကိုလည်းကောင်း၊ ရီစင်အိုးများကိုလည်းကောင်း (၇) ပတ်၊ (၉) ပတ်ပတ်ထားသော ပရိတ်ခြည်မျှင်ကွင်းများဖြင့် တမျိုးတစုံကျစီ ရစ်ပတ်ပီးရသည်။ ထို့နောက် မောင်နှံအစုံအပါအ၀င် မင်္ဂလာစားပွဲ၊ အိပ်ရာလိပ်၊ တေတ္တာများအားလုံးကို ပရိတ်ခြည်မျှင်များဖြင့်ရစ်ပတ်ပီးရသည်။ ထို့နောက် သမက်သျှင်၏ညာလက်နှင့် သမီးသျှင်၏ညာလက်ကိုပေါင်း၍ ခြည်မျှင်များဖြင့် ရစ်ပတ်ပီးရသည်။
                လက်ထပ်ပီးသည့်အမျိုးသမီးကြီးများက မောင်နှံစုံကို အောင်သပြီခက်ဖြင့် ရီစင်အိုးနှစ်စုံပေါင်းစပ် ထားသော ရီစင်များဖြန်းကာ ဆုတောင်းမိတ္တာပို့ရသည်။ ဆက်လက်၍ သမတ်သျှင်နှင့် သမီးသျှင် လက်များကိုပေါင်းပြီး ရီစင်သွန်းလောင်းရသည်။ သမီးသျှင်လက်ကိုအောက်တွင်ထားပြီး သမက်သျှင် လက်ကိုအပေါ်မှာ ထားရသည်။ အချို့မှာ သမက်သျှင်လက်ကိုအောက် ကလှန်ပြီး သမီးသျှင်လက်ကို အထက် ကမှောက်သည်။ အဓိပ္ပါယ်မှာ သမက်သျှင်က သမီးသျှင်ကို ညာလက်ဖြင့်တောင်းဆိုခြင်းကို သမီးသျှင်က ညာလက်ဖြင့်လက်ခံခြင်းသဘော၊ သမက်သျှင်က သမီးသျှင်ကိုတသက်လုံးစောင့်ယှောက် ထောက်ပံ တာဝန်ယူလားမည်ဟူသော သဘောကိုဆောင်သည်။ မိဘကန်တော့ခြင်း သမီးသျှင်ရှိတွင် သမက် သျှင်ဖခင်၊ သမက်သျှင်ရှိတွင် သမီးသျှင်ဖခင်ရို့က နီရာယူရသည်။ သမီးသျှင်သမက်သျှင်ရို့က ဖခင်နှစ်ဦးရုံလာသောတဘက်ဖြူထဲသို့ ထမင်းခုနှစ်ဆုပ်တပြိုင်တည်းထည့်ပီးခြင်း၊ မိခင်များအားလည်း ထမင်းခုနှစ်ဆုပ် တပြိုင်တည်းထည့်ပီးခြင်းသည် မိဘနှစ်ပါးကိုကန်တော့ခြင်းသဘောဖြစ်သည်။
                      လက်ဆုံစားခြင်း မိဘများကိုကန်တော့ပြီးနောက် မောင်နှံစုံက မင်္ဂလာထမင်းကို ခုနှစ်ဆုပ်စီလက်ဆုံစားရသည်။ စားသောက်ပြီး ငွေဖလားတွင်အတူလက်ဆီးရသည်။ လက်ဖွဲ့ခြင်း ထမင်းလက်ဆုံစားပြီးနောက် မိဘဆွီမျိုးမိတ်ဆွီများက သမီးသျှင်သမက်သျှင်ရှိ ငွေဖလားနှစ်ခုထဲသို့ လက်ဖွဲ့ငွေများထည့်ရသည်။ လက်ဖွဲ့လက်ခံပြီးသောဖလားကို သမက်သျှင်က သမီးသျှင်ကိုအပ်ရသည်။ သမီးသျှင်ကကန်တော့၍ လက်ခံယူရသည်။ သျှောင်ချသျှောင်တင် သမက်သျှင်က မိမိသျှောင်ကိုချွတ်၍ စားပွဲပေါ်တင်ထားပြီးလျှင်သမီးသျှင်၏သျှောင်ကိုချွတ်ယူကာ မိမိ၏သျှောင်ကိုဆောင်းပီးရ သည်။ သျှောင် တင်သျှောင်ချပြုလုပ်စဉ် သမီးသျှင်က သမက်သျှင်ကို ရှိခိုးရသည်။ သျှောင် တင်သျှောင်ခအဖြစ် သမက်သျှင်က သမီးသျှင်ကို ငွေလက်ဖွဲ့သဖြင့် သမီးသျှင်ကကန်တော့ပြီး လက်ခံရယူရသည်။ မင်္ဂလာအခမ်းအနားပွဲအပြီးတွင် ထွက်ခွာခွင့်ရရန် သမက်သျှင်က သမီးသျှင်ဘက်မှ အပျိုရံ လူပျိုရံများက ရွှေကြိုးတားထား၍ ကြိုးတားခပီးရသည်။ နောက်ဆုံးခန်းဝင်ခ ပီးဆောင်ရသည်။ အိမ်ပြန် လည်ခြင်း သမက်တက်ပြီး (၇) ရက်နိတွင် သမီးသျှင်သမက်သျှင်များသည် သမက်သျှင်၏မိဘအိမ်သို့ မိုးထက်မှစ၍လည်ရသည်။ သမက်သျှင်၏မိဘ၊ အဘိုးအဘောင်များကို သမီးသျှင်၊ သမက်သျှင်ရို့က ကန်တော့ရသည်။ ညဇာစားပြီးမှပြန်ရသည်။ သို့ဖြင့် ကြင်စဦး ဇနီးမောင်နှံနှစ်ဦးသည် အိုးအိမ် တည်ထောင်ကာ တလင်တမယားစနစ်ဖြင့် တသက် လုံးပေါင်းဖော် ရတော့သည်။
                    ရခိုင်လူမျိုးများသည် မင်္ဂလာပွဲကို ၀ါတွင်းနှင့်ပြာသိုလများတွင် ယှောင်ကြည်လေ့ဟိပြီး တပေါင်းတန်ခူးလများတွင် အများဆုံးကျင်းပပြုလုပ်သည်။ ပြာသိုလတွင် မင်္ဂလာဆောင်က အိမ်ထောင်စီးပွားရေးမဖြစ်ဘဲ မွဲပြာကျတတ်သည်ဟု အယူဟိသည်။ ရခိုင်ဓလေ့ထုံးတမ်းစဉ်လာအရ မင်္ဂလာပွဲနှင့်ပတ်သက်၍ လိုက်နာရမည့်စည်းကမ်းချက်များစွာဟိသည်။ ထိုချမှတ်ထားသောစည်း ကမ်း ချက်များကိုလိုက်နာပြီး လက်ထပ်မင်္ဂလာပွဲသည် ပကာသနမဖက် အရိုးခံသက်သက်ဖြင့် ရိုးရာမပျက် ချစ်မြတ်နိုးစရာဖြစ်သည်။ ရခိုင်လူမျိုးရို့၏ချစ်စရာကောင်းသောဓလေ့၊ တမူထူးခြားသော မင်္ဂလာ အယူအဆများဖြစ်သည်။

ကျမ်းကိုးကားစာအုပ်များ
သားချင်းများအကြောင်းတစေ့တစောင်း (မောင်အောင်မွန်)
ပြည်ထောင်စုသားများ၏ရိုးရာလက်ထပ်မင်္ဂလာပွဲဓလေ့များ (တက္ကသိုလ်သျှင်သီရိ)
မြတ်ပန်းသဇင် ရခိုင်အမျိုးသမီးအသင်း (ရန်ကုန်)၂၀၀၇ ထုတ်
လေးဝတီ ဘလော့မှ ကူးယူဖေါ်ပြသည်။

Monday, 29 September 2014

ခေတ်သစ်ရခိုင်သမိုင်း၏ ခါးသီးစရာအကောင်းဆုံးသက္ကရာဇ် (သို့) ၂၀၁၂ ခုနှစ်ကို ဖြတ်သန်းခြင်း

၂၀၁၂ ခုနှစ်တွင် "၂၀၁၂" အမည်ရ ရုပ်ရှင်ကားကြီးသည် မာယာပြက္ခဒိန်အပေါ် အခြေခံကာ ထွက်ရှိလာခဲ့ ပြီး လူတိုင်းစိတ်ဝင်တစား ကြည့်ဖြစ်ခဲ့ကြသည်။ ကမ္ဘာမြေကို ရေများဖုံးလွှမ်းသွားခဲ့သည့် ကြောက် စရာကောင်းသော ပြကွက်များ သည်းထိတ်ရင်ဖိုစရာ ကောင်းလှသည်။ သို့သော် ယင်းဇာတ်ကား အတိုင်း ဖြစ်မလာ။ ကမ္ဘာကြီးက ၂၁ ရာစု ၀သီအတိုင်း မုတ်တိုင်းဝင်၊ ငလျင်လှုပ်၊ ရေကြီးလောက်နှင့် ကုန်လွန်သွားခဲ့သည်။

သို့သော် ရခိုင်ပြည်နယ်သည် အထူးသဖြင့် ရခိုင်တို့သည် ခေတ်သစ်သမိုင်းတစ်လျှောက်တွင် အဆိုးဝါးဆုံး၊ အခါးသီးဆုံးသော သက္ကရာဇ်တစ်ခုကို ဖြတ်သန်းဖြစ်ခဲ့ကြရသည်။ လုံးဝမေ့စရာမဟုတ်။ လုံးဝ ကျေနပ် စရာမကောင်း၊ အောင့်သက်သက်နှင့် ကူရာမဲ့၊ ကယ်ရာမဲ့နှင့် ၂၀၁၂ ကို ရင်နင့်နင့် ဖြတ်သန်းခဲ့ရသည်။

၂၀၁၂ နှစ်ဦးတွင် ဂီရိမုန်တိုင်းသင့် ဒေသများ ပြန်လည်စိုပြည်လာခဲ့မှု၊ လွှတ်တော်များ အသက်ဝင်လာမှု၊ လွှတ်တော်ကိုယ်စားလှယ်များ နှံ့စပ်ကျွမ်းကျင်လာမှု၊ အစိုးရ၏ ဖြေလျှော့ခြင်း အပြောင်းအလဲများ ဆက်တိုက်လှုပ်ရှားလာမှု၊ ကျန်းမာရေး၊ ပညာရေးဘတ်ဂျက်များ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဘတ်ဂျက်များ ပိုမိုလာမှု၊ ဒီမိုကရေစီဆန်သော ချဉ်းကပ်မှုများက မျှော်လင့်နိုင်စရာများ ဖြစ်ထွန်းခဲ့ရသည်။

ခေတ်အဆက်ဆက် ပိပြားခဲ့ရသော ပြည်သူများအတွက် ပြန်လည်ရှင်သန်နိုင်ခွင့်ဆိုသည်ကို မျှော်လင့်ကြ သည်။ မျှော်လင့်ခြင်းများသည် ဖူးလျက်၊ ဝေလျက်၊ မွှေးမြလက်၊ သင်းပျံ့လျက်ရှိတုန်းမှာ ရခိုင်တို့သည် ကိုယ့်မြေကိုယ့်ရေတွင် ဂိုးပြတ်ရှုံးနိမ့်ခဲ့ရသည်။

အစွန်းရောက် ဘာသာရေးအကြမ်းဖက်များ၏ နယ်မြေလုယက်မှုကို လှလှပပကြီး နဖူးတွေ့ဒူးတွေ့ ကြုံတွေ့ခဲ့ရသည်။ အစီအစဉ်တကျ ဖန်တီးလုယူလာကြသော ကြံစည်မှုကြီးသည် ရခိုင်တို့အတွက် ပြင်း ထန်သော ဒဏ်ရာဖြစ်ခဲ့ရသည်။

အသက်များ၊ သွေးများ၊ မျက်ရည်များ၊ ဒဏ်ရာများ၊ မီးခိုးများ၊ အော်ဟစ်သံများသည် ရခိုင့်မြေပေါ်တွင် ပဲ့တင်ထပ်ခဲ့ရသည်။ ထို့ပြင် မပြီးဆုံးသေး။ ဇွန်လဆန်းတည်းက စတင်ခဲ့သော အကြမ်းဖက်မှုဂယက်သည် ၂၀၁၂ ကို ကုန်ဆုံးသွားခဲ့ပြီးနောက် ၂၀၁၃ ခုနှစ်သို့ ကူးပြောင်းလာသည်အထိ ပြီးဆုံးမှုမရှိသေး။ ခရီးကား အကွာအဝေးမသိရသော တာဝေးမာရသွန်ခရီးအဖြစ် ရောက်ရှိလာမည်လားမသိ။

သီလတရားနှင့် အမျိုးကို စောင့်ရှောက်ခဲ့ကြသော လူမျိုးတစ်ခု၏ ရုပ်ဒြပ်သည် မွဲပြာခြောက်သွေ့နေရသည်။ ကူရာမဲ့ ကယ်ရာမဲ့ဘ၀။ အမှန်တကယ်ကို မျောက်မင်းဝူခုန်းဘ၀။ တရုတ်ဇာတ်လမ်းရှည်ထဲက ဇာတ်ကောင် ဘ၀နှင့် မခြားသော ရခိုင်တို့ဘ၀။ အာဏာရှိသူက ဘုန်းကြီး။ ၀ူခုန်းက မိစ္ဆာဟုပြော၍ မယုံ။ မိစ္ဆာက နှောင့် ယှက်လို့ ၀ူခုန်းပွဲကြမ်းတော့ ဘုန်းကြီးက တရားစာရွက်လိုက်သောအခါ ၀ူခုန်းခမျာ ခေါင်းပေါ်က သရဖူ သဏ္ဍာန်လေးကြောင့် သေမတတ်ခံစားရသော ဇာတ်လမ်း။ ယခုလည်း ဘုန်းကြီးက အစိုးရနှင့် အနောက် ကမ္ဘာ၊ ၀ူခုန်းက ရခိုင်။

ယခု (၇)လတာ ကာလအတွင်း အကြမ်းဖက်များကို ဖမ်းပြီးမကြာမီ သမ္မတက လွှတ်ပေးလိုက်သည်။ သို့သော် ရခိုင်ဦးရေ အတော်များများကတော့ ထောင်နှင့် တရားရုံးတွင် တစ်လှည့်စီ စံမြန်းနေရသည်။ အကြမ်းဖက်များက အကြမ်းဖက်လျှင် အေးဆေး။ ရခိုင်က ပြန်ချလျှင် ထောင်သို့ ခေါ်ယူသွားကြသည်။

ပုဒ်မ ၁၄၄ ဆိုသော ညမထွက်ရ အမိန့်အောက်တွင် ရခိုင်တို့၏ဘ၀သည် ဆုတ်လည်းစူး၊ စားလည်းရူးနှင့် အပေါင်းလက္ခဏာ တစ်ကွက်မှမတွေ့ရပေ။ ရခိုင်မြေပေါ်၌ ရခိုင်တို့သည် အရာရာကို ကြောက်နေကြရသည်။ ၂၀၁၂ ရှေ့၌ ရှိခဲ့သော သက္ကရာဇ်များသည် ရခိုင်တို့အတွက် ကောင်းခဲ့သည်တော့မဟုတ်။ သို့သော် ၂၀၁၂ သည် အဆိုးဝါးဆုံးသက္ကရာဇ် ဖြစ်ခဲ့ရသည်။

ရခိုင်လူမျိုးမပျောက်ရန်၊ ရခိုင်ပြည်နယ်တည်ရှိရန်၊ မြန်မာနိုင်ငံဆက်လက်တည်မြဲရန် ရခိုင်လူမျိုးကို လက်ထပ်ယူကြဖို့၊ မည်သည့်နေရာကိုရောက်သည်ဖြစ်စေ ရခိုင်ပြည်နယ်ကို ပြန်လာကြဖို့၊ ကမ္ဘာတည်သရွေ့ ရခိုင်ပြည်နယ်နှင့် ရခိုင်လူမျိုးရှိနေစေရမည် ဆိုသည်တို့က ၀ံသာနုရက္ခိတ တရားများမဟုတ်ဘဲ လှုံ့ဆော်ခြင်းဟု အမည်ပေးကြခြင်းကို နားမလည်နိုင်။

စုံစမ်းစစ်ဆေးရေးအဖွဲ့ဆိုသည်ကလည်း ယခုအချိန်တွင် အသံဗလံတောင်မကြားရတော့ပေ။ ၂၀၁၃ သို့ပင် ရောက်ရှိလာခဲ့ပါပြီ။

၂၀၁၂ ခုနှစ်သည် မာယာလူမျိုးတို့၏ ပြက္ခဒိန်အတိုင်း ကမ္ဘာကား မပျက်ခဲ့။ သို့သော် ၂၀၁၂ ခုနှစ်သည် ရခိုင်တို့ကို အလွန်ဆုံးရှုံးထိခိုက်နစ်နာစေခဲ့သော သက္ကရာဇ်တစ်ခုဖြစ်ကြောင်းနှင့် ၂၀၁၃ တွင် ၂၀၁၂ ကလိုမျိုး မကြုံတွေ့ရရန် ပြင်ဆင်ကြရလိမ့်မည်ဟု ဆိုလိုက်ချင်ပါကြောင်း။

အုန်တော

တိုးတက်ရေးသတင်းလွှာ အတွဲ(၃)၊ အမှတ်(၁) မှ-

စစ်မှန်သော ပြည်ထောင်စုသို့


လူမျိုးတစ်မျိုး တိုင်းပြည်တစ်ပြည်ဆိုလျှင် တိကျပြတ်သားသော ရည်ရွယ်ချက်ရှိရပေမည်။ ရည်ရွယ်ချက် ပန်းတိုင်မရှိဘဲ စမ်းတ၀ါးဝါးနှင့် လျှောက်သွားနေသော လူမျိုးတစ်မျိုးသည် လူမျိုးခြားတို့၏ မျိုဝါးခြင်းကို ခံယူရမည်မှာ ဓမ္မတာဖြစ်၍ အမျိုးကွယ်ပျောက် ဆိတ်သုဉ်းသွားရမည်မှာ သဘာဝပင်ဖြစ်သည်။

ရခိုင်ပြည် လူမျိုးတစ်မျိုးအနေနှင့် မိမိတို့ ချီတက်ရမည့် ခရီးစဉ်ကို တိတိကျကျ စီမံကိန်းချထားရန် အရေး ကြီးပေသည်။ ရခိုင်လူမျိုးသည် နှစ်ပေါင်း (၁၇၀)ကျော်ခန့် တိကျပြတ်သားသော ရည်ရွယ်ချက်မရှိဘဲ၊ ဟိုမှသည်သို့ စုန်ဆန်လွင့်မျောခဲ့ချေပြီ။ အကယ်၍ ဤကဲ့သို့သော ဆက်လက်ခရီးသွားနေမည်ဆိုက မကြာလင့်ပြီဖြစ်သော ဆယ်စုနှစ်အနည်းငယ်အတွင်းတွင် ရခိုင်ဆိုသော ဝေါဟာရသည် ဒဏ္ဍာရီ စကား သဖွယ်သာ ကျန်ရစ်ခဲ့ရရှာမည် မလွဲပေ။

လူမျိုးတစ်မျိုး၏ ချီတက်ရမည်ဖြစ်သော ရည်ရွယ်ချက် မှန်မှန်ကန်ကန်ချမှတ်နိုင်ရေးအတွက် နောက်ခံ ရာဇ၀င်နှင့် လက်ရှိအခြေအနေကို ရေရေလည်လည် နားလည်သဘောပေါက်ရန် အရေးကြီးပေသည်။

လွန်ခဲ့သော ရာစုနှစ်အနည်းငယ်၏ ဟိုမှာဘက်တွင် ရခိုင်သည် သီးခြားလွတ်လပ်သော လူမျိုးတစ်ရပ် အနေနှင့် တည်ရှိခဲ့ကြောင်းကို ရာဇ၀င်သမိုင်းသည် အမှန်အတိုင်း ဟစ်ကြွေးကြော်လျက် ရှိပေသည်။ ဤကြွေးကြော်ချက်ကို အဖြာဖြာသော ရခိုင်ရှေးဟောင်း လက်ရာအနုပညာများက ဟုတ်မှန်ကြောင်း ၀န်ခံသက်သေပြလျက် ရှိပေသည်။

သို့သော် ၁၇၈၅ ခုနှစ်တွင်ကကား ရခိုင်အမျိုးသားလွတ်လပ်ရေးသည် တိုင်းခြားလက်အောက်တွင် သက်ရောက် အရှုံးပေးခဲ့ရပေသည်။ ဤကဲ့သို့ လွတ်လပ်ရေးဆုံးရှုံးခဲ့ရသည်မှာ ပြည်တွင်းပြဿနာ သက်သက်မျှသာဖြစ်သော နန်းတွင်းမကျေနပ်မှုကို အိမ်နီးချင်းဗမာလူမျိုးအား ဖြေရှင်းပေးရန် ဖိတ်ခေါ်ပင့်ဆောင်ခဲ့သောကြောင့်ပင် ဖြစ်ချေသည်။ ရခိုင်ပြည်အား သိမ်းပိုက်ရန် အခွင့်ကို သာ စောင့်မျှော်နေသော ဘိုးတော်မောင်ဝိုင်း၏ ကလိမ်ဥာဏ်ကို သတိမမူသောကြောင့် ရခိုင် အမျိုးသားလွတ်လပ်ရေး မတော်တရား ဆုံးပါးခဲ့ရချေသည်။

လူမျိုးခြား၏ ညှင်းဆဲနှိပ်စက်သော လက်အောက်တွင် မနေလိုကြသည့် မျိုးချစ်သူရဲကောင်းတို့သည် အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်တိုက်ပွဲဝင်ကြသည်ကား မှန်ပေ၏။ "သို့သော် မညီညွတ် ဘဲနှင့် စွန့်စားသည်" ဆိုသကဲ့သို့ စည်းလုံးညီညွတ်ရေးကို မတည်ဆောက်ဘဲ တော်လှန်တိုက်ပွဲဝင်ကြသော ဗိုလ်ချင်းပျံတို့ ကြိုးပမ်းချက်သည် အချည်းအနှီးဖြစ်ခဲ့ရပေသည်။

ဤသို့ ဗမာအုပ်ချုပ်ရေးကို ရခိုင်အမျိုးသားများ တော်လှန်နေကြသည့် အချိန်တွင် အင်္ဂလိပ်-ဗမာ ပထမ စစ်ပွဲ ဖြစ်ပွားလာခဲ့သည်။ ဤသည်အခါတွင် ရခိုင်တို့၏ ချိုးနှိမ်မရပြီဖြစ်သော မျိုးချစ်စိတ်ဓါတ်နှင့် တက်ကြွ ရဲရင့်သော စွမ်းအားကို နယ်ချဲ့အင်္ဂလိပ်သည် မိမိတို့၏ နယ်ပယ်ချဲ့ထွင်ရေးအတွက် လိမ္မာပါးနပ်စွာနှင့် အသုံးချခဲ့ကြသည်။ အချက်ဆယ်ချက်ပါဝင်သော စာချုပ်နှင့် ရခိုင်လွတ်လပ်ရေးကို ပြရုပ်ပြကာ ရခိုင် အမျိုးသားတို့အား လှည့်စားချုပ်ဆိုခဲ့ကြသည်။ ရခိုင်တို့သည် သွေးကိုရင်းနှီးကာ ဗမာ့အုပ်ချုပ်ရေးကို အသက်ပေးတော်လှန်ခဲ့ကြသော်လည်း မြတ်နိုးသော လွတ်လပ်ရေးကိုကား မရရှိခဲ့ကြပေ။ အင်္ဂလိပ် နယ်ချဲ့ကြီး လက်အောက်သို့သာ ကျွန်သဘောက်အဖြစ်နှင့် ထပ်မံကျဆင်းရပြန်သည်။ ကျွန်ဆက်ပြောင်း ခဲ့ရချေသည်။ အမှန်မူ တော်လှန်ရေးခေါင်းဆောင်တို့သည် အရှေ့တလွှားတွင် နယ်ချဲ့လာကြသော အင်္ဂလိပ်၏ ကလိမ်ဥာဏ်ကို တင်ကြိုမမြင်နိုင်စွမ်းခဲ့ကြချေ။ နှောင်ကြိုးမလွတ်ကင်းသော နိုင်ငံခြား အကူအညီကို ယူမိခြင်းများမှာ ရခိုင်လူမျိုး၏ ဒုတိယမဟာအမှားတော်ပုံပင် ဖြစ်ချေသည်။ နယ်ချဲ့တစ်ဦး၏ လက်မှ လွတ်မြောက်လိုသည့်အတွက် အခြားနယ်ချဲ့နိုင်ငံ၏ အကျိုးကို ပြလိုက်သကဲ့သို့ပင် ဖြစ်တော့သည်။

ရခိုင်ပြည် အင်္ဂလိပ်လက်အောက်သို့ ကျရောက်သောအချိန်နှင့် ကျရောက်ပြီးသောအချိန်သည်ကား ဗမာ နယ်ချဲ့ဝါဒ ထိပ်ဆုံးသို့ရောက်နေသော ကာလပင်ဖြစ်ချေသည်။ ၎င်းအချိန်တွင် ဗမာသည် မွန်၊ ရခိုင်၊ ကချင်၊ ရှမ်း အစရှိသည်တို့အပြင် အာသံ၊ မဏိပူရ၊ ယိုးဒယား၊ ဇင်းမယ်၊ အစရှိသည့် အနီးအနား နိုင်ငံငယ်တို့ကို ကျူးကျော်သိမ်းပိုက်ကာ၊ ဗမာ့အင်ပါယာကို ထူလွှင့်နေချေသည်။ တချိန်တည်းမှာပင် အင်္ဂလိပ်တို့သည် အနောက်ဥရောပမှနေပြီး ကမ္ဘာနှင့်ချီကာ နယ်ပယ်ချဲ့ထွင်လာခဲ့သည်။ နယ်ချဲ့နိုင်ငံဖြစ်သော အင်္ဂလိပ်နှင့် ဗမာသည် နယ်စပ်ချင်းထိတွေ့ ထူစပ်လာခဲ့သောအခါတွင် သဘာဝအလျောက် အငြင်းပွားရန်ဖြစ်ခဲ့ကြ သည်။ နောက်ဆုံးတွင် ပိုမိုအားကောင်းသော အင်္ဂလိပ်သည် ဗမာ့အင်ပါယာတစ်ခုလုံးကို အလွယ်တကူနှင့် အနိုင်ယူသိမ်းပိုက်နိုက်ခဲ့ပေသည်။

နယ်ချဲ့အင်္ဂလိပ်၏ လက်အောက်တွင်ကား ဗမာ၊ ရခိုင်၊ ရှမ်း၊ ကချင်၊ ကရင်၊ ကယားတို့သည် အဆင့်အတန်း အားဖြင့် ကွဲပြား၊ ခြားနားခြင်းမရှိချေ။ အားလုံးသည် အင်္ဂလိပ်၏ကျွန်ဘ၀တွင် ရပ်တည်၍ အားလုံးကပင် အင်္ဂလိပ်နယ်ချဲ့ဝါဒကို ရန်သူအဖြစ် သတ်မှတ်ခဲ့ကြသည်။

သို့ကြောင့်လည်း ရခိုင်ဇာနည် ဦးဥတ္တမ၏ နိုးကြားတက်ကြွသော ရှေ့ဆောင်လမ်းပြမှုအောက်တွင် လွတ်မြောက်လိုသောစိတ်ဓါတ်သည် တဖွားဖွားရင့်သန်လာကာ လူမျိုးစုသွေးစည်းညီညွတ်ရေးကို အရတည်ဆောက်ခဲ့ကြသည်။ ပင်လုံညီလာခံကို ကျင်းပကာ လူမျိုးစု သဘောတူညီချက်များ ကို ရေးဆွဲပြီး ပြည်ထောင်စုစိတ်ဓါတ်ကို မြှင့်တင်ခဲ့ကြသည်။

အုံကြွနိုးကြားသော လူမျိုးစုအားလုံးသည် တစ်ခုတည်းသော ရန်သူဖြစ်သည့် အင်္ဂလိပ်နယ်ချဲ့အား တော် လှန်ရန် စိုင်းပြင်းကြလေပြီ။ အရှေ့အာရှ ညီညွတ်ရေးနှင့် အမျိုးသားလွတ်မြောက်ရေးရမည် ဆိုသော ကြွေးကြော်သံသည် ကျယ်ပြန့်လာခဲ့သည်။ အရှေ့တခွင်မှ အင်အားကြီးမားလာသော ဂျပန်ကို မဟာမိတ်ဖွဲ့ကာ အင်္ဂလိပ်ကို တော်လှန်ခဲ့ကြသည်။

ဤသည်တွင် တဖန် ရခိုင်-ဗမာနှင့်တကွ လူမျိုးစုအားလုံးသည် လိမ်လည်ခြင်း ခံရပြန်သည်။ ဂျပန်သည် လွတ်လပ်ရေး၏ ကယ်တင်ရှင် မဟုတ်ချေ။ နယ်ချဲ့ဟောင်းတို့၏လက်မှ နယ်ပယ်လုနေသော နယ်ချဲ့ အင်အားသစ်သာ ဖြစ်လေသည်။ သို့ကြောင့်လည်း ပြည်ထောင်စုကို အတုအယောင်ဆောင် ရွှေရည်စိမ် လွတ်လပ်ရေးကို ပေးအပ်ကာ ဖက်ဆစ်စနစ်ဖြင့် အုပ်ချုပ်ကြပြန်သည်။

သို့ကြောင့် လွတ်လပ်ရေးအတွက် သွေးမြောက်နေကြသော လူမျိုးစုများသည် ခေါင်းငုံ့ခံမနေကြတော့ချေ။

ကမ္ဘာ့နိုင်ငံရေးအခြေအနေသည်လည်း တိုင်းပြည်တစ်ပြည်က အခြားတိုင်းပြည်တစ်ပြည်အား မတရား သဖြင့် အုပ်ချုပ်မှုကို ခွင့်မပြုတော့ချေ။ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်တွင် ကိုလိုနီစနစ်သည် အသက်ငင်လျက် ရှိချေပြီ။ လွတ်မြောက်ရေးကို မြတ်နိုးသော လူသားတို့သည် ဖက်ဆစ်စနစ်ကိုလည်း မကြောက်၊ ချော့မြှူခြင်း တွင်လည်း မပျော့ညံ့တော့ချေ။ အမျိုးသားလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်သော သူတို့၏ တရားသော တိုက်ပွဲသည် အောင်မြင်ရမည်သာ ဖြစ်ချေသည်။

သို့ကြောင့်လည်း ဖက်ဆစ်စနစ်ကို ဗြိတိသျှနယ်ချဲ့နှင့် ပူးပေါင်းတိုက်ထုတ်ကာ တက်ကြွသော နိုင်ငံရေးနိုး ကြားမှုနှင့် ကမ္ဘာ့အခြေအနေ ခွင့်ပြုချက်အရ ဗြိတိသျှတို့အား တဖန်တွန်းလှန်နိုင်ခဲ့ကြသည်။

၁၉၄၈-ခု ဇန်န၀ါရီလတွင် ရခိုင်လူမျိုးတို့သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ အစိတ်အပိုင်းတစ်ရပ်အဖြစ်နှင့် လွတ်လပ်ရေးရသည်ဟု အသိအမှတ်ပြုခံရလေပြီ။

ယနေ့တွင်ကား ရခိုင်သည် ပြည်ထောင်စုအဖွဲ့ဝင်နိုင်ငံဟု ကြွေးကြော်နေချေပြီ။ ဤစခန်းသည် ရခိုင်တို့၏ ခရီးလမ်းအစလော၊ လမ်းခုလတ်လော၊ လမ်းဆုံးလောဆိုသော အချက်ကို လေ့လာရန်လိုသည်။

ဤသည် ပြဿနာကို သဘောပေါက်ရန် "ပြည်ထောင်စုစနစ်ကို တကယ်တမ်း နားလည်ရန်၊ ရခိုင်ပြည်၏ လက်ရှိအခြေအနေနှင့် ယှဉ်တွဲသုံးသပ်ရန် အရေးကြီးပေသည်။

ပြည်ထောင်စုဟူသည် တစ်ဦးချင်းအနေဖြင့် ရပ်တည်ခြင်းငှာ မစွမ်းနိုင်သော (၀ါ) သီးခြားတစ်ဦးချင်းစီ ရပ်မနေလိုကြသော နိုင်ငံငယ်များက တစ်ပြည်ထောင်တည်းစနစ်ကိုလည်း မနှစ်မြို့သောကြောင့် "လွတ်လပ်မှု၊ ညီညွတ်မှု၊ တရားမျှတမှု"တည်းဟူသော အခြေခံ သုံးချက်အပေါ်မူတည်ကာ မိမိတို့သဘောဆန္ဒအလျောက် ပူးပေါင်းဖွဲ့စည်းထားသော အစုဝေး ပြည်ထောင်ဖြစ်ပေသည်။

"မိမိတို့ ဆန္ဒအလျောက် ပူးပေါင်းခြင်း"ဆိုသော စကားအရ ပြည်ထောင်စုအဖွဲ့ဝင်နိုင်ငံများသည် ပြည်ထောင် စုမှ ခွဲထွက်ပိုင်ခွင့်၊ ပူးပေါင်းပိုင်ခွင့် ရှိပေသည်။ ပြည်ထောင်စုနိုင်ငံသည် လက်နက်နှင့် ကျားကန် တည်ဆောက်ထားသော နိုင်ငံမျိုးမဟုတ်ဘဲ "ဆန္ဒ"နှင့် တည်ဆောက်ထားသော နိုင်ငံဖြစ်ပေသည်။ အခြေခံအချက်များဖြစ်သော "လွတ်လပ်မှု၊ ညီညွတ်မှု၊ တရားမျှတမှု" ပျက်သုဉ်းလျှင် ပြည်ထောင်စုမှ ခွဲထွက်ပိုင်ခွင့် ရှိပေသည်။

"လွတ်လပ်မှု"ဆိုသော အပိုင်းတွင် ပြည်ထောင်စုအဖွဲ့၏ လူမျိုးများ ပြည်များ၌ မိမိကိုယ်ပိုင် သီးခြားသော လွတ်လပ်မှုသည် တည်တံ့ရပေမည်။ ပြည်နယ်များ (၀ါ) ပြည်ထောင်စုအဖွဲ့နှင့် နိုင်ငံများအားလုံး သဘော တူ ပြည်ထောင်စုအစိုးရသို့ အပ်နှင်းထားသော အခွင့်အာဏာမှအပ၊ ကျန်အာဏာများသည် ပြည်နယ် များနှင့်သာ သက်ဆိုင်ရပေမည်။ ပြည်နယ်တစ်ပြည်၏ အတွင်းရေး (ဥပမာ- ပြည်နယ်အစိုးရ ရွေး ချယ်ခြင်း၊ ပြည်နယ်ဥက္ကဋ္ဌ တင်မြှောက်ခြင်း) တို့တွင် တခြားလူမျိုးစု တစ်ရပ်က ၀င်ရောက်ချယ်လှယ်ခြင်း မပြုရပေ။ ပြည်နယ်တစ်ပြည်နယ် (၀ါ) လူမျိုးစုတစ်ရပ်သည် အခြားလူမျိုးစုတစ်ရပ်၏ သြဇာခံ၊ လက်အောက်ခံ မဖြစ်ရချေ။ ပြည်နယ်အဖွဲ့ဝင် လူမျိုးစုအားလုံးသည် မိမိပြည်နယ်နှင့် မိမိ လွတ်လပ်ရေး ရရှိပြီး ဖြစ်ရမည်ပင် ဖြစ်လေသည်။ (The States are co-equally Supreme within their own Sphere; in no Sense are they Subardinate Co-operations. P-2. Federal Governments)

"တရားမျှတမှု"ဆိုသော အပိုင်းတွင် ပြည်ထောင်စုအဖွဲ့ဝင် လူမျိုးစုအားလုံးသည် တူညီသော အခွင့်အရေး ကို ခံစားရမည် ဖြစ်ပေသည်။ ပြည်နယ်ကြီးသည်ဖြစ်စေ၊ ပြည်နယ်ငယ်သည်ဖြစ်စေ လူမျိုးစုလွှတ်တော် (Second Chamber) (လူမျိုးစုလွှတ်တော်သည် ပြည်ထောင်စုနိုင်ငံတွင် ပိုမိုအရေးကြီးသည်) သို့ တူညီသော ကိုယ်စားလှယ်အမတ်ကို လွှတ်ရပေမည်။ (And among independent soverign states, bound together by a simple league, the parties, however unequal in size, ought to have an equal share in the council (Second Chamber) P-117 on the constitution)

ပြည်ထောင်စုအစိုးရကို ဖွဲ့စည်းသည့်နေရာတွင်လည်း တစ်ပြည်ထောင်တည်းနိုင်ငံ (Uniterary State) မှာကဲ့သို့ ပြည်သူ့ကိုယ်စားလှယ်များ သက်သက်ပေါ်တွင် မူမတည်ဘဲ လူမျိုးစုနှင့် ပြည်သူ့ ကိုယ်စားလှယ်အမတ်များအပေါ် ပူးပေါင်းသဘောတူညီချက်အရသာ ဖွဲ့စည်းရမည်ဖြစ်ပေသည်။

ပြီးလျှင် ပြည်ထောင်စုနိုင်ငံတွင် လူမျိုးစုတစ်ရပ်က သြဇာအာဏာလွှမ်းမိုးခြင်း မရှိရချေ။ လူမျိုးစုအားလုံး သည် တူညီသော ပြည်နယ်များအဖြစ်သာ ရပ်တည်သင့်ပေသည်။ ကိုလိုနီ(၀ါ) အင်ပိုင်ယာနိုင်ငံတွင် သာ ပြည်မနိုင်ငံ (အမိနိုင်ငံ)နှင့် အင်ပိုင်ယာပြည်နယ် နယ်ပယ်ဟူ၍ ခွဲခြားရှိသည်။ ပြည်ထောင်စုနိုင်ငံတွင် လူမျိုးစုတစ်ရပ်က ပြည်မဟုခံယူပြီး တခြားလူမျိုးစုများကို ပြည်နယ်များအဖြစ် သတ်မှတ်ထားလျှင် ၎င်းနိုင်ငံသည် ပြည်ထောင်စုနိုင်ငံဘ၀မှ ကိုလိုနီ အင်ပိုင်ယာနိုင်ငံဘ၀သို့ လျောဆင်းခဲ့လေပြီ။ ၁၉၁၉ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော ၀ီးမားရီးပါးဘလစ်(Weimer Republic)ကို (Germen Empire)ဟုသာ ကင်းပွန်းတပ် အသိအမှတ်ပြုခဲ့ကြသည်။ အကြောင်းမူ ၎င်းနိုင်ငံသည် ပြည်ထောင်စုနိုင်ငံဟုပင် ခံယူသော်လည်း (Prussia)နိုင်ငံကသာ သြဇာအာဏာ အားလုံးကို လွှမ်းမိုးသိမ်းယူထားသည်။ တခြား အဖွဲ့ဝင်နိုင်ငံတို့ မှာ ပြရုပ်သဘောသာ ရှိသည်။ သို့ကြောင့်လည်း (The old German Empire was neither truely federal nor truely democratic, for in no truely federal system, do you find the predominence of on state)ဟု စာမျက်နှာ ၁၁၉ Modern Constitution တွင် ရေးသားထားပေသည်။

သို့ဖြစ်ရာ လွတ်လပ်ရေး၊ တရားမျှတရေး၊ ညီညွတ်ရေးဆိုသော အချက်သုံးချက်သည် ပြည်ထောင်စု၏ အနှစ်သာရပင် ဖြစ်ချေသည်။ ဤအချက်သုံးချက် ကွယ်ပျောက်မည်ဆိုက ပြည်ထောင်စုသည် ပြည်ထောင် စုနိုင်ငံမဟုတ်ချေ။

ဤသို့ ပြည်ထောင်စုနိုင်ငံ၏ အခြေခံသဘောတရားကို နားလည်ပြီးနောက် ယနေ့ ရခိုင်ပြည်အပါအ၀င် ဖွဲ့စည်းထားသော နိုင်ငံကို ချိန်ထိုးကြည့်သင့်ပေသည်။

မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံ၏အမည်ကိုပင် ဆောင်ယူထားသော်လည်း စစ်မှန်သော ပြည်ထောင် စုနိုင်ငံကား မဟုတ်ပေ။

လွတ်လပ်မှုဆိုသော တရားနှင့် ဖီလာဆန့်ကျင်ကာ ရခိုင်လူမျိုးစုနှင့် မွန်လူမျိုးစုတို့သည် ပြည်နယ်အဆင့် တွင်မှ မရပ်တည်ကြပေ။ ယနေ့ ချင်းသည်လည်း ၀ိသေသတိုင်း၏ သြဇာအာဏာနည်းပါးမှုကို တင်ပြတောင်းဆိုနေကြသည်။ ဖဆပလ နှစ်ခြမ်းကွဲပြီးနောက် သန့်ရှင်းအစိုးရဖွဲ့သောအခါ ကချင်ပြည်နယ် သူ/သားတို့၏ ဆန္ဒနှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်ကာ ဦးနုသည် မိမိသဘောနှင့် ကချင်ပြည်နယ် ဥက္ကဋ္ဌ ကို ရွေးခဲ့သည်။ ဤသို့ရွေးမြှောက်နိုင်အောင်လည်း အခြေခံဥပဒေက ခွင့်ပြုထားပေသည်။ တခြားသော ပြည်နယ်တို့ကလည်း မိမိတို့တွင် ရသင့်သောအခွင့်အရေးများ မပြည့်စုံကြောင်း ဟစ်ကြွေးနေ ကြသည်။

တရားမျှတမှုကား ဤပြည်တွင် မရှိချေ။ ဗမာလူမျိုးစုသည် လူမျိုးကြီးဟုဆိုကာ ပြည်ထောင်စုအစိုးရ (Federal Authority) အားလုံးကို သိမ်းယူထားပေသည်။ အမှန်က ဗမာလူမျိုးစုသည် ပြည်ထောင်စု အစိုးရဆိုသောစကားကို ပြည်မအစိုးရ (Central Burma Government) နှင့် ရောထွေးရှက်ထင် ပြုထားသည်။ အမှန် လူမျိုးစုတစ်ရပ်၏ အစိုးရနှင့် ပြည်ထောင်စုအစိုးရသည် တိကျပြတ်သားစွာ ကတ္တားခြားထားရ မည်ဖြစ်ပေသည်။

လူမျိုးစုလွှတ်တော်တွင်မူ လူမျိုးစုတစ်ရပ်စီမှ တူညီသော ကိုယ်စားလှယ်ဦးရေ လွှတ်ခြင်းမရှိသည် မှာ တွေးတောစရာဖြစ်နေသည်။

သို့ဖြစ်ရာ ယနေ့ပြည်ထောင်စုသည် မည်သည့်နည်းနှင့်မျှ စစ်မှန်သော ပြည်ထောင်စု မဖြစ်နိုင်ပေ။

သို့ဖြစ်ရာ ပြည်ထောင်စု မစစ်မှန်သေးပါဟုဆိုလျှင် ရခိုင်အမျိုးသားတို့၏ လွတ်မြောက်ရေးသည်လည်း မည်သည့်နည်းနှင့်မျှ မစစ်မှန်နိုင်ပေ။

ရာစုနှစ် နှစ်ခုတိုင်တိုင် သွေးကို ရင်းနှီးကာ တော်လှန်တောင်းဆိုလာကြသော လွတ်လပ်ရေးကို ရခိုင် အမျိုးသားတို့ မပိုင်ဆိုင်သေးဟုဆိုလျှင် စစ်မှန်သော လွတ်လပ်ရေးရရှိအောင်ထိ ချီတက်ကြရန်မှာ တာဝန်ပင် ဖြစ်ချေသည်။ သို့ဖြစ်ရာ ရခိုင်အမျိုးသားလွတ်မြောက်ရေးသည် ရခိုင်အမျိုးသားတို့ ချီတက်ရမည့် ပန်းတိုင်ပင်ဖြစ်ချေသည်။

သို့သော် ယနေ့သည် တိုင်းငယ်၊ ပြည်ငယ်ကလေးများက ပြည်ထောင်စုများကို အရေးတယူ ဖွဲ့စည်းနေကြသော "ပြည်ထောင်စုခေတ်" ဖြစ်ပေသည်။

"စစ်မှန်သော ပြည်ထောင်စု"များသည် အဖွဲ့ဝင် ပြည်ငယ်များ၏ လွတ်လပ်ရေးနှင့် တိုးတက်ရေးကို ထိန်းသိမ်းမြှင့်တင်ပေးနေသော ကာလဖြစ်ပေသည်။ နိုင်ငံကြီးများသည် တိုင်းငယ်ပြည်ငယ်များကို ၀ါးမျိုရန် ကြံရွယ်နေကြသည်ကို တိုင်းပြည်ငယ်ကလေးများက စုပေါင်းစနစ်ဖြင့် ကာကွယ်နေကြသော ကာလဖြစ်သည်။

ကချင်၊ ကရင်၊ မွန်၊ ရှမ်း၊ ရခိုင်၊ ဗမာစသော လူမျိုးငယ်များသည် တသီးတခြားစီ ရပ်တည်ခြင်းထက် ၊ ပြည်ထောင်စုအဖြစ်နှင့် ရပ်တည်ခြင်းက ပိုမိုသင့်တော်ပေမည်။

သို့ကြောင့် အမျိုးသားလွတ်မြောက်ရေး စစ်မှန်မှုရှိသော ပြည်ထောင်စုသစ်တစ်ရပ်ကို ဖွဲ့စည်းရန် လုံးပမ်း ကြိုးစားကြရမည်မှာ ကျွန်ုပ်တို့၏ တာဝန်ပင်။ စစ်မှန်သော ပြည်ထောင်စု ပြည်လည် ဖွဲ့စည်းရေးသည် ကျွန်ုပ်တို့၏ ရည်ရွယ်ချက်ပင်။ ချီလှမ်းရမည့်အစား တစ်ပြည်ထောင်တည်းနိုင်ငံ အဖြစ်သို့သာ သွားနေမည် ဆိုက ပြည်ထောင်စုကြီးကို ဖြိုခွဲဖျက်ဆီးပစ်သည်နှင့် တူညီပေသည်။

လွတ်လပ်ရေးကို မြတ်နိုးသော ရခိုင်အမျိုးသားတို့သည် တခြားလူမျိုးစုတို့နှင့် လက်တွဲကာ ခေတ်နှင့်လျော် ညီပြီး အမြင်ကျယ်သော ရည်ရွယ်ချက် ဖြစ်သည်။ "စစ်မှန်သော ပြည်ထောင်စု"သို့ ချီတက်ကြရန် ပြင်ဆင် ညီညွတ် ကြသင့်ပေပြီ။

စောမောင်မောင်

၁၉၆၂ ခုနှစ်ထုတ် ရခိုင်တန်ဆောင်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော စာရေးသူ စစ်တွေစောနောင်၏ (စောမောင်မောင်)အမည်ဖြင့် ရေးသားခဲ့သော စာတမ်းဖြစ်ပါသည်တိုးတက်ရေးသတင်းလွှာ အတွဲ(၃)၊ အမှတ်(၁)တွင် ပြည်လည်ဖော်ထုတ် တင်ပြထားပါသည်။

မပြီးဆုံးသေးသော မြောက်ဦးသမိုင်း - အာရက္ခပုတြ


မြောက်ဦးမြို့တော်သည် ရခိုင်တို့၏ ဂုဏ်ဆောင်ဖြစ်သည်။

မြောက်ဦးမွေးဖွားသည့် (၁၄၃၀) ပြည့်နှစ်မှသည် ကျဆုံးသည့် (၁၇၈၄) ခုနှစ်အထိ ကောင်းမွေ၊ ဆိုးမွေ များဖြင့် ပြည့်နှက်ခဲ့ပါသည်။ မြို့သက် အနှစ်ငါးဆယ်အတွင်းတွင် ရခိုင်သည် လုံခြုံတိုးတက်ခဲ့သည်။ တိုင်းပြည်လည်း အင်အားကောင်းခဲ့သည်။ အင်းဝ (မြန်မာ)ကလည်း တန်းတူ ဆက်ဆံခဲ့သည်။ မင်းနှစ်ပါး တို့သည် နှစ်နိုင်ငံနယ်စပ် နတ်ရေကန်တွင် တွေ့ဆုံခဲ့သည်။

ဒုတိယနှစ်ငါးဆယ်တွင် ဘုရင်တို့သည် နန်းရရှိရေးကိုသာ အာရုံစိုက်ခဲ့ကြသည်။ တိုင်းပြည်လည်း နာခဲ့ သည်။ အာဏာယစ်မူးလျှင် ပြည်သူနာသည်။ ဆိုးမွေများပင် ဖြစ်သည်။

မင်းဘာဘုရင် နန်းရသည့် (၁၅၃၁) ခုနှစ်မှစ၍ ရခိုင်သည် အင်အားပြန်လည်စည်လာသည်သာမက အနီးဝန်းကျင်သို့လည်း အင်အားပြုနိုင်ခဲ့သည်။ နှစ်တစ်ရာကျော် ရွှေရောင်လည်း လွှမ်းခဲ့သည်။ မင်းနှင့် အမတ် ညီညွတ်ခဲ့ကြသည်။ ပြည်သူတို့လည်း အုပ်ချုပ်ရေးစနစ်ကောင်းကို လိုလားခဲ့ကြသည်။ ဤသည်တို့ မှာ မြောက်ဦး၏ ကောင်းမွေများဖြစ်သည်။

ထိုကာလတွင် ရခိုင်အကျိုးစီးပွားကို ကာကွယ်သော ခေတ်မီလက်နက် တပ်ဆင်ထားသည့် ရခိုင်တပ်နှင့် ထိုတပ်တို့ကို နိုင်နိုင်နင်းနင်း ခန့်ခွဲနိုင်သော ဘုရင်ကောင်းများ၊ အမတ်ကောင်းများနှင့် သူရဲကောင်းများ ရှိခဲ့သည်။ ရခိုင်ပင်လယ်ပြင်ကို ရခိုင်တို့ ပိုင်စိုးခဲ့သည်။

(၁၆၃၈) ခုနှစ်တွင် နန်းလုတက်လာသော နရပတိကမူ အမတ်ကောင်းတို့ကို သုတ်သင်ခဲ့သည်။ အာဏာကို တစ်ဦးတည်းချုပ်ကိုင်ခဲ့သည်။ သူ၏ မင်းဆက်လက်ထက် (၁၆၆၆)ခုတွင် စစ်တကောင်းကျခဲ့ရသည်။ တဖန် (၁၆၈၅) ခုမှ (၁၇၁၀) ပြည့်နှစ်အထိ ကိုယ်ရံတော်တို့က မင်းမူကြသဖြင့် မင်းမတည် ပြည်မရပ် ဖြစ်ခဲ့ရသည်။ မလုံမခြုံ ဖြစ်ခဲ့ရသည်။ ဆိုးမွေသည် ပြင်းထန်လှပေ၏။

(၁၇၁၀)ပြည့်နှစ်တွင် နန်းတက်သည့် ၀ိဇယမင်းသည် လက်ရုံးရည်ကောင်းသော်လည်း အုပ်ချုပ်ရေးမှာ ညံ့ခဲ့သည်။ နန်းတွင်းညီညွတ်မှုလည်း ရှည်ကြာမခံခဲ့ချေ။ ၎င်းလွန်ပြီးနောက် နန်းရသူတို့သည် နန်းသက် တိုကြသည်။ နန်းသက်ရှည် မင်းနှစ်ပါးမှာလည်း ပုန်ကန်မှုကို နှိမ်နင်းရင်းသာ အချိန်ကုန်ခဲ့သည်။ နှလုံးရည် ရှိသော အမတ်များမရှိသဖြင့် တိုင်းပြည်သည် ပို၍ နစ်နာခဲ့သည်။

မြောက်ဦးနှောင်းပိုင်းတွင် အင်အားရှိသူတို့က နန်းလုတက်ကြသည်။ အရာရာကို လက်ရုံးဖြင့်သာ ဖြေရှင်း ခဲ့ကြသည်။ ပြဿနာမှာ မချုပ်ငြိမ်းခဲ့ချေ။ (၁၇၇၃) ခုတွင် နန်းလု ဘုရင်ဓါးပိုင်ကြီး စန္ဒသုမနသည် ပညာရှိကို သုတ်သင်ခဲ့သည်။ စစ်အင်အားကို လျော့ချခဲ့သည်။ တိုင်းပြည်အင်အားလည်း ဆုတ်ယုတ်ခဲ့သည်။ စန္ဒသုမနသည် နန်းသက်လေးနှစ်တွင် နန်းကဆင်းပြေးလေရာ ဗိုလ်မင်းအောင်စုန်က နန်းရသော်လည်း လက်ရုံးရည်ကိုသာ သုံးခဲ့သည်။

ဗိုလ်မင်းအောင်စုန်ကို ဆက်ခံသူ မဟာသမ္မတသည် ပုန်ကန်မှုတို့ကို ဥာဏ်ဖြင့် ဖြေရှင်းခဲ့သည်။ မကြာမီ ပုန်ကန်သူတို့သည် ၎င်းထံ အဝေးသစ္စာခံကြသည်။ ပြည်တွင်းညီညွတ်ရန်ကား မဝေးတော့ချေ။ ထိုအချိန်တွင် အမရပူရက စစ်ချီလာသည်။ မြောက်ဦးသည် ပြည်တွင်းစစ်ကာလကို ဖြတ်သန်းခဲ့သည့်အတွက် အင်အားချိနဲ့နေသည်။ အမရပူရတို့အတွက်မူ အခွင့်ကောင်းကြီးပင် ဖြစ်သည်။ ရခိုင်တို့က ကျူးကျော်သူကို ငုံ့မခံ၊ (၄၅) ရက်ကြာ တိုင်အောင် ခုခံခဲ့ကြသည်။ မနိုင်ချေ၊ ပြည်သူတို့သည် သမိုင်းတွင် မကြုံစဖူး စစ်၏ အနိဌာရုံကို အပြည့်အ၀ ခံစားလိုက်ရသည်။

မြောက်ဦးကျပြီးနောက် ရှစ်ရက်မြောက်သောနေ့တွင် ရခိုင်ဘုရင် မဟာသမ္မတကို ရန်သူတို့က ဖမ်းရ သွားလေသည်။ မြောက်ဦးကျသည့်နေ့ (၁၇၈၅)ခု ဇန်န၀ါရီလ (၂)ရက်နေ့ဟု စစ်နိုင်သူတို့၏ မှတ်တမ်းက ဆိုသည်။ ထိုကာလမှသည် အင်္ဂလိပ်တို့ ရခိုင်ကို သိမ်းယူသည့် (၁၈၂၅)အထိသည်ကား ငရဲခန်းတမျှ ဖြစ် သည်ဟု ဒေသခံများမှတ်တမ်းတို့က ဖော်ပြကြသည်။ မြောက်ဦးမြို့တော်၏ ဂုဏ်ကို အသက်ဆက်လိုသူတို့ သည် သေပွဲဝင်ရသည်က များခဲ့သည်။ သို့ရာတွင် သူ့ကျွန်မခံလိုသော ဗိုလ်ဟာရီဆွေ၊ ဗိုလ်ချင်းပျံတို့လို သူရဲကောင်းများ ပေါ်ထွက်ခဲ့သည်။

အင်္ဂလိပ်တို့ အုပ်ချုပ်သည့် (၁၈၂၅) မှ (၁၉၄၈) ခုအတွင်းတွင်လည်း မြောက်ဦးသမိုင်းကို ပြန်ဆက်လိုသူ များ ပေါ်ခဲ့ပြန်သည်။ မင်းသားကြီးရွှီဗန်း၊ မြို့သူကြီး အောင်ကျော်စံ၊ ဒေးဝန်းကြီး အောင်ကျော်ရှီ တို့နှင့် မောင်ဖော်အောင်တို့လို အခြားသော တော်လှန်ရေး ခေါင်းဆာင်များ ပေါ်ခဲ့သည်။

အင်္ဂလိပ်သည် နယ်ချဲ့ဖြစ်သည်။ ရခိုင်တို့၏ နယ်ချဲ့ဆန့်ကျင်ရေးသည် ဒေသတစ်ခုတည်းကို ကွက်ကွက် ကလေး မကြည့်ခဲ့။ ရခိုင်ဆရာတော် ဦးဥတ္တမသည် မြန်မာတစ်မျိုးသားလုံး နိုးကြားမှုဖြင့် ဘုံရန်သူ ကို တော်လှန်ခဲ့သည်။ ရခိုင်တို့သည် အင်္ဂလိပ်ကိုသာမဟုတ် ဂျပန်ကိုလည်း တော်လှန်ခဲ့ပြန်သည်။ မြန်မာနိုင် ငံ လွတ်လပ်ရေးအတွက် အသက်စွန့်ကာ တော်လှန်ခဲ့ကြသည်။ လွတ်လပ်လိုသူများ ပေါင်းစည်းကြသည်။ အနစ်နာခံကြသည်။

နယ်ချဲ့တော်လှန်သူများသည် တန်းတူအခွင့်အရေးကို မျှော်ကိုးခဲ့ကြသည်။ ဂျပန်နှင့် အင်္ဂလိပ်တို့ သာ မြန်မာပြည်မှ ထွက်သွားကြသည်။ စားပွဲဝိုင်းတွင်မူ တန်းတူ ထိုင်ခွင့် မရခဲ့ချေ။

တန်းတူညီတူရရန် ဖဆပလ ခေတ်တွင် ရတညတို့သည် ကြိုးစားခဲ့ကြပြန်သည်။ (၁၉၆၂)ခုတွင် စစ်တပ်မှ အာဏာသိမ်းလိုက်သဖြင့် တန်းတူထိုင်ရမည့် စားပွဲဝိုင်းသည် လွင့်စဉ်သွားလေသည်။ မဆလ ခေတ်တွင် ရခိုင်တို့က မြောက်ဦးမြို့တော်အား တမ်းတခြင်းကို ပဒေသရာဇ်ခေတ်ကို လွမ်းကြသည်။ ကျဉ်းမြောင်းသော အမျိုးသားရေးအမြင်ရှိကြသည်ဟု စွပ်စွဲကြသည်။

တောတွင်းရခိုင်အင်အားစုတို့ကလည်း ၀ါဒမှိုင်းတွင် ယစ်မူးခဲ့ကြသည်။ ရခိုင်သမိုင်းကို ရှုမြင်သူတို့သည် တစ်ဖက်သတ်ကျခဲ့သည်။ မြောက်ဦးစိတ်ဓါတ်ကို မြတ်နိုးသူများမှာ ရှိမြဲ ရှိခဲ့သည်။

စင်စစ်အားဖြင့် မြောက်ဦးမြို့တော်၏ ကြီးကျယ်ထွန်းကားမှုကို ဒေသခံ ရခိုင်ပြည်သူကသာ ကြိုးပမ်း တည်ဆောက်ခဲ့ကြသည်။ တန်ခိုးကြီးထွားပါသည်ဆိုသည့် အင်္ဂလိပ်၊ ဂျပန် စသည့် နယ်ချဲ့တို့ကမူ ရခိုင်တို့ကို တိုးတက်လို၍ လာရောက်အုပ်ချုပ်ခဲ့သည် မဟုတ်ချေ။ နယ်ချဲ့တွင် စာနာစိတ်ဟူ၍ မရှိချေ။ နယ်ချဲ့ကျားသည် နယ်ချဲ့ခံသားကောင်ကို စားမည်သာ။

ရခိုင်တစ်ခွင်လုံးကို တိုးတက်စည်ပင်အောင် လုပ်နိုင်ခဲ့သည့် မြောက်ဦး၏ ၀ိဥာဉ်သည် ပုဂ္ဂိုလ်အရေးထက် တိုင်းပြည်အရေးကိုသာ အဓိကထားကြောင်း မြို့တည်ဘုရင်က နမူနာကောင်းပြခဲ့သည်။ မင်းကောင်းမင်းမြတ်တို့ကလည်း ဤ၀ိဥာဉ်ကို တန်ဖိုးထားခဲ့ကြသည်။

မြောက်ဦးသမိုင်းသည် ရခိုင်တို့အဖို့ မဟာသင်ခန်းစာကြီး ဖြစ်သည်။ ကောင်းသည်ကိုယူ၍ ဆိုးသည်ကို ပယ်ရန်သာ ရှိသည်။ ဤသို့ဖြစ်၍ မြောက်ဦးသမိုင်းကား မပြီးဆုံးသေးပါ။

အာရက္ခပုတြ

တိုးတက်ရေးသတင်းလွှာ အတွဲ(၃)၊ အမှတ်(၁)မှ-  

Arakan Folks ဘလော့မှ--

အထူးပြု ဦးနှောက်

မုန်းတိုင်းလီအပင့်မှာ.
ကြွီလွင့်လာရေ အလီအလွင့်တိနန့် 
တစ်ခါချေလေ့ ကိုင်းကူးကိုင်းဆက်မလုပ်ခ
ကိုယ့်သိက္ခာပုဒ် ကိုယ်စောင့်ထိန်းလို့ 
ငြိမ်းချမ်းရေးကို မြတ်နိုးရေလူမျိုး
အစိုင်အလာကရိုးသားပြီးသား
မဆိုင်စွာတိက တစ်မျိုးဖန်လာ
ဝမပိာပဲ ၀ီဖြစ်ချင်စွာလား
အော်ကလီဆန်စရာ စကားလုံးတိနန့် 
ကမ္ဘာတခြမ်းကို သွားဖုံးမြုပ်အောင်ကိုက်ထား
အမှန်တရားကို ပုံဖျက်ပစ်လိုက်ပြီး
သွီးအဆိပ်တက်ပနာ
ထိုးနှက်ချက်တိမှာ လုံးဝမရိုးသား
အချိန်ကာလ ခါးသီးရေပင်
အကြံသမားရို့ အထူးပြုဦးနှောက်ကို
တိုးလျိုပေါက် မြင်နီရေထော့

မင်းနီခိုင်(မောင်တော)



တော်ဝင်ပန်း

ပန်းမြတ်တော်ဝင် ပန်းသဇင်သည်
တော်ဝင်းနန်းထိုက် ပန်းမကိုဋ်မို့ 
ပန်းထိုက်စရာ ပန်းမာလာပာု
ရှိခါခိုထိုင် သတင်းကြိုင်၍
သမိုင်းမော်ကွန်း စာနိဒါန်းဖြင့်
ဖော်ညွန်းမကုန် သဇင်ဂုဏ်သည်
ဖုံဖုံပြည့်လျှက် ကမ္ဘာလွမ်းခဲ့ပြီ
မြောက်ပြန်လေရူး သွင်သွင်မြူး၍
နန်းထိုက်တော်သင် ပန်းသဇင်
သွင်းသွင်းစီးကျ  နှင်းမှုံခသည်
ယနေ့ ထက်တိုင်တော်ဝင်နေဆဲပါ

အရှင်စိန္တိတ(ကြိမ်စွေမော်)

လွမ်းသူကြီး

ခြုံငုတ်ကိုရှင်း လမ်းကိုခင်း၍
ရင်းခဲ့သမျှ  သွေးနဲ့ ချွေးပေါ့ 
အခုတော့........
ပမ်းခဲ့သမျှ  အလကားပေါ့ 

အတ္တမာန ခ၀ါချ၍
ကြိုးစားခဲ့သမျှ  ဇွဲနဲ့ ခွေးပေါ့ 
အခုတော့.......
လှမ်းခဲ့သမျှ  ဝေးခဲ့ရပေါ့ 

သစ္စာကတိ ချစ်မြတ်နိုး၍
ရိုးစောင့်ခဲ့သမျှ  နှစ်အလလပေါ့ 
အခုတော့ငါ့ မှာ.......
လွမ်းခဲ့သမျှ  နွမ်းခဲ့ရပေါ့
တမ်းခဲ့သမျှ  ဆွေးခဲ့ရပေါ့

လရိပ်ပြုံးချို

ဒုက္ခအိမ်

အော်....
သံသရာတစ်ကွေ့ 
လီပွေတဝှေ့ မှာ
ဖော်ကွာပျံသန်း
ဥသြလွမ်းပိုင်
ပူဆွေးငိုကြွီး
လွမ်းဆွေးတမ်းတ
တသသနန့် 
ကျန်လိုက်သူမို့ 
ဒုက္ခအိမ်မှာ
သောကဝေဒနာ
ဒေလူရင်ထဲ
ခိုအောင်းဆဲ

ချစ်ကောင်း(တန်ခိုး)

နေနှင့်လ အမှတ်သညာ မင်္ဂလာ - နန္ဒာထွန်း


အာနန္ဒစန္ဒြကျောက်စာဝင် မင်းဆက်ကြီးသုံးဆက်တွင် ဒုတိယမင်းဆက်သည် ဝေသာလီကျောက်လှေကား မြို့တော်တွင် ထီးနန်းစိုက်တည် စိုးစံခဲ့ကြသည်။ ထိုမင်းဆက်ကို ကျောက်စာ၌ ဒွေင်္စန္ဒြဟုရေးပြီး ရခိုင်ရာဇ၀င် များတွင် မဟာစန္ဒရားမင်းဟုရေးသော မင်းမှ အစပြုပါသည်။ မင်းဦးရေ (၁၃)ပါး ဖြစ်သည်။ စိုးစံခဲ့သော နန်းသက်ကို နှစ်ပေါင်း (၂၃၀)ဟု ကျောက်စာတွင် ဖော်ပြထားပါသည်။ ထိုမင်း(၁၃)ပါးလုံးပင် ဒင်္ဂါးများ စက်နှိပ်ထုတ်ဝေခဲ့ကြောင်း လေ့လာသိရှိရပါသည်။ ဒင်္ဂါးအားလုံး၌ပင် တစ်ဘက်၌ နွားလားဥဿဘပုံပါရှိပြီး အခြားတစ်ဘက်တွင် သီရိဝစ္ဆခေါ် မကိုဋ်ပုံတံဆိပ် စက်နှိပ်ထားပါသည်။

တတိယမင်းဆက်၌ကား မင်း(၉)ပါး ပါရှိပါသည်။ မဟာဝီရမင်းမှစပြီး အာနန္ဒစန္ဒြမင်းထိ ဖြစ်ပါသည်။ ထိုမင်း(၉)ပါးအနက်မှ မင်း(၃)ပါးတို့၏ ဒင်္ဂါးများကိုသာ တွေ့ကြရသေးသည်။ ထိုမင်း(၃)ပါးတို့၏ တွေ့ရှိပြီး ဒင်္ဂါးများတွင်လည်း အထက်ဒုတိယမင်းဆက် မင်း(၁၃)ပါးတို့၏ ဒင်္ဂါးများကဲ့သို့ပင် နွားလားဥဿဘပုံနှင့် သီရိဝစ္ဆ မကိုဋ်ပုံတံဆိပ်နှင့်အတူ “နေနှင့်လ”တို့ကိုလည်း အပေါ်ထိပ်ပိုင်းနေရာတွင် သင်္ကေတပြုပြီး အမှတ်တံဆိပ် ခတ်နှိပ်ထားခဲ့ပါသည်။ “နေ”ကို စက်ဝိုင်းအလယ်တွင် အစက်ငယ်တစ်စက်ထည့်ပြီး ပြထား ပါသည်။ “လ”ကိုမူ လခြမ်းသဏ္ဍာန် တစ်ခြမ်းမပြည့်သော လဆန်းပုံဖြင့် နှစ်ထပ်ကွေးလျက် ပြထားပါသည်။ ဒင်္ဂါးတိုင်း၌ ထိုသို့ နေတံဆိပ်၊ လတံဆိပ်များ ပါရှိသည်ကို ကြည့်ခြင်းအားဖြင့် ဒင်္ဂါးပိုင်ရှင် ရခိုင်မင်းများ သည် နေနှင့်လကို အလေးအနက်ပြုကာ အမြတ်တနိုးရှိကြောင်း ထင်ရှားပါသည်။

နေနှင့်လသည် ဒင်္ဂါးတို့၏ ထိပ်ပိုင်းဖက်တွင် ရှိကြပြီး ဘယ်နှင့်ညာနှစ်ဘက်တို့၌ ပြိုင်လျက်ရှိကြပါသည်။ ဘက်ဖက်တွင်နေရှိလျှင် ညာဖက်တွင် လကိုထားရှိပြီး၊ ဘယ်ဖက်တွင် လရှိနေလျှင် ညာဖက်တွင် နေကို ထားရှိပါသည်။

ဤသို့ နေနှင့်လကို ရခိုင်ဘုရင်များ အလေးအနက်ပြု အမြတ်တနိုးထားရှီကြသည့် အကြောင်းကိုကြည့်လျှင် တတိယ ဓည၀တီခေတ်ကပင်ဖြစ်ကြောင်း တွေ့ရပါသည်။ ရခိုင်ရာဇ၀င်၌ဆိုသည်မှာ သီရိရာဇာမင်းကြီး သည် တစ်နေ့အိပ်စက်သောအခါ နေနှင့်လ နှစ်ပါးစုံကို ဆွတ်ယူရရှိပြီး မိဖုရားခေါင်ကြီးသို့ ပေးအပ်ရသည်ဟု အိပ်မက်တော် မြင်မက်လေသည်။ ထိုအကြောင်းကို အမတ်ပညာရှိတို့ထံ ပြန်ကြားပြီး အိပ်မက်၏အကျိုး မည်သို့ရှိမည်ကို လျှောက်ထားစေခဲ့သည်။ ထို့ကြောင့် အမတ်တော်ထဲမှ ၀ိမလမတ်ကြီးနှင့် ပြောင်းပြာစား အမတ် ဒေ၀ကျော်ထင်တို့က ပြန်လည်လျှောက်တင်ခဲ့ကြသည်။

အမတ်ကြီးနှစ်ဦး လျှောက်တင်ချက်တွင် “အရှင်မင်းကြီး၊ နေကိုသာ ဆွတ်ယူရရှိပြီး မိဖုရားကြီးအား ပေးအပ် ရကြောင်း မြင်ပါမူကား အရှင်မင်းကြီးတို့၌ လောကတွင် အလွန်လျှင် ဘုန်းတန်ခိုးတေဇာ အာဏာသြဇာ ကြီးမားသော သားတော်ကို ရရှိပါမည်။ ထိုသားတော်သည် စကြာဝတေးမင်းကဲ့သို့ ဘုန်းမီးနေလ တောက် ပပေလိမ့်မည်။ လကိုသာ ဆွတ်ယူရလျှင်မူကား အဆင်းလက္ခဏာ ကြန်အင်ပြည့်စုံစွာဖြင့် မိန်းမတကာတို့ ထက်မြတ်သော သမီးတော်ကို ရရှိပါမည်။ ယခုမူကား အရှင်မင်းကြီး၌ မြင်မက်တော်မူသော အိပ်မက်တော် သည် နေနှင့်လ နှစ်ပါးစုံကိုပင် တစ်ပြိုင်နက်တည်း ဆွတ်ယူရရှိကာ မိဖုရားကြီးအား ပေးအပ်ရသည်ဟု မြင် မက်ခြင်းသည် အလွန်ကောင်းမြတ်သော မင်္ဂလာအိပ်မက်တော်ပင် ဖြစ်ပါသည်။ အကြောင်းသောကား ဘုန်းတန်ခိုး အလွန်ကြီးတော်မူမည့် သားတော်ကိုလည်း ရရှိမည်အမှန် ဖြစ်ပါသည်။ ထိုသားတော် လက်ထက် တိုင်းပြည်နိုင်ငံ တိုးတက်ထွန်းကားကြီးကျယ်သောအားဖြင့် ငြိမ်းချမ်းသာယာရှိပါမည်။ ထိုသားတော်သည် ပွင့်တော်မူမည့် မြတ်စွာဘုရားရှင်အား ဖူးတွေ့ရပြီး သာသနာတော် တည်ထွန်းပါလိမ့် မည်”ဟု လျှောက်ထားလေသည်။

မင်းကြီးလည်း အမတ်တော် လျှောက်ထားသော အိပ်မက်စကား အကျိုးသွားကို ကြားသိရလေရာ ၀မ်းသာနှစ်သက်တော်မူသည် ဖြစ်နေသောကြောင့် ၀ိမလအမတ်နှင့်အတူ လျှောက်တင် ဖက်ဖြစ်သော ပြောင်းပြားကျွန်းစား ဒေ၀ကျော်ထင်တို့ကို ပတ္တမြားလက်စွပ်တစ်ကွင်းစီနှင့် အဿပြာတစ်ထောင်စီ ချီးမြှင့်တော်မူကြောင်း ရာဇ၀င်လာ ရှိပါသည်။

၎င်းသားတော်မှာ နေနှင့်လကို အကြောင်းပြု နိမိတ်ရသောကြောင့် “စန္ဒသူရိယ”ဟု ဖြစ်လာသည်။ သို့ကြောင့် ထိုမင်းကြီး စန္ဒသူရိယမှစပြီး ဖြစ်ထွန်းလာသော မျိုးဆက်မင်းများသည် သူရိယဟူသောအမည်ကို ရှေ့ကထားကာ မင်းပြုခဲ့ကြလေသည်။ ဥပမာ- သူရိယဓိပတိ၊ သူရိယစက္ကစသည်ဖြင့် မင်း(၂၅)ပါးလုံးပင် သူရိယဘွဲ့ကို အမြတ်ပြုခံယူခဲ့ကြကြောင်း တွေ့ရသည်။

နောက် နေနှင့် လေးအမြတ်ပြုသည်မှာ မြတ်ဗုဒ္ဓသည်ပင်လျှင် အာဒိစ္စ၀ံသ နေမျိုးနွယ်ဖြစ်သည်ဟူသော ဗုဒ္ဓ၏ဟောတော်မူချက် ဗုဒ္ဓ၀င်ပင်ဖြစ်ပါသည်။ အရှင်သာရိပုတ္တရာ တောင်းပန်လျှောက်ထားတော်မူ သဖြင့် မြတ်ဗုဒ္ဓသည် မိမိ၏မျိုးနွယ်ရင်းမြစ်မှာ နေမျိုးနွယ်ဖြစ်ကြောင်း ဟောကြားတော်မူသည်ကို တွေ့ရှိလေ့ လာရပါသည်။ ရခိုင်မင်း၊ ရခိုင်လူမျိုးတို့မှာ ဗုဒ္ဓဘာသာများ ဖြစ်ကြသည့်အားလျော်စွာ မြတ်ဗုဒ္ဓအား အလွန်ပင်ကြည်ညိုသဒ္ဓါအား ထက်သန်ကြကာ နေကိုလည်း အလေးအမြတ် ပြုကြခြင်းပင် ဖြစ်ပါသည်။

မြောက်ဦးမြို့၊ သျှစ်သောင်းဘုရားကို အာနန္ဒစန္ဒြကျောက်စာ ဂါထာအပိုဒ်-၂၆၊ ၃၂၊ ၄၂၊ ၄၅ တို့တွင် မင်းတို့၏ ဘုန်းတန်ခိုးအာနုဘော်ကြီးခြင်းကို ဆိုရာ၌ “ကမ္ဘာမြေပေါ်တွင် ထွန်းလင်းတောက်ပသော နေမင်းကဲ့ သို့”ဟု ဖော်ပြပါရှိပါသည်။ နောက် တင့်တင်ခြင်း၊ ကြည်လင်အေးမြခြင်း၊ မွေ့လျော်ဘွယ်ရှိခြင်းတို့ ကို ဖော်ပြရာ၌ “ကမ္ဘာမြေပြင်အထက်၌ ထွန်းလင်းသော နေမင်းကဲ့သို့”ဟု  ဖော်ပြပါရှိပါသည်။

ထို့ပြင် ရခိုင်လူမျိုးတို့သည် “အာရိယန်”အနွယ် အာရိယန်သွေးနှောသော လူမျိုးဖြစ်သည်ကိုလည်း သမိုင်းရာဇ၀င်စကားများရှိသည့်အတိုင်း မနုဿဗေဒ လူ့သမိုင်းသုတေသီများစွာကလည်း ရခိုင်လူမျိုးသည် အာရိယန်သွေး၊ အာရိယန်မျိုးဆက်ဖြစ်ကြောင်း ဆိုကြလေသည်။ သို့ဆိုသည့်အတိုင်း ရခိုင်လူမျိုးတို့ကလည်း မိမိတို့သည်၊ ငါတို့သည် အာရိယန်မျိုးဆက်များ ဖြစ်ကြသည်ဟူ၍ပင် ယုံမှတ်ကြပါသည်။ သို့ ယုံမှတ်ကြသည့် အတိုင်း နေသည် အာရိယန်လူမျိုးတို့၏ အမှတ်သင်္ကေတတစ်ခု ဖြစ်နေရပါသည်။ ထို့ကြောင့်ပင်လျှင် ရခိုင်လူမျိုးတို့သည် ဝေသာလီခေတ်စဦးကပင် နေကို လူမျိုး၏ အမှတ်လက္ခဏာအဖြစ် အသိအမှတ်ပြုလာ ကြကြောင်း ဒင်္ဂါးများက သက်သေတည်ပြနေကြပါသည်။

ရခိုင်ဝေသာလီမင်းတို့သည် ပြည်သုံးဒင်္ဂါးများကို များစွာပင် ခတ်နှိပ်ခဲ့ကြပါသည်။ ထိုသို့ ခတ်နှိပ်ကြသော အခါ ဘုန်းတန်ခိုးကြီးမှု တိုးတက်ထွန်းကားမှု၊ ဂုဏ်ရည်မြင့်မားတို့နှင့် မိမိတို့ရခိုင်လူမျိုးသည် အာရိယန် လူမျိုးအာဒိစ္စ၀ံသအနွယ်ဝင်မျိုးဖြစ်သည်ကို နေအမှတ်တံဆိပ်ဖြင့် ပြသကြပြီး၊ ငြိမ်းချမ်းသာယာရှိ မှု၊ မွေ့လျော်နေဖွယ်ကောင်းသော အရပ်ဒေသဖြစ်မှုကို လခြမ်း၊ လဆန်းပုံသဏ္ဍာန်ဖြင့် တံဆိပ် ခတ်နှိပ် ဖော်ပြခဲ့ကြသည်ကို သမိုင်းရာဇ၀င်မှတ်တမ်းများနှင့် ကျောက်စာများက အခိုင်အမာ သက်သေခံနေ ကြကြောင်း တင်ပြလိုက်ရပါသည်။

နန္ဒာထွန်း

ကျမ်းကိုး

၁။    အာနန္ဒစန္ဒြကျောက်စာ၊ ဦးစံသာအောင်
၂။    ရခိုင်ဒင်္ဂါးများ၊ ဦးစံသာအောင်
၃။    မဟာဗုဒ္ဓ၀င် ပဋ္ဌမတွဲ၊ တိပိဋက မင်းကွန်းဆရာတော်ကြီး
၎။    ရခိုင်ရာဇ၀င်သစ်ကျမ်း၊ ပထမအုပ်၊ ရမ်းဗြဲတောင်ကျောင်းဆရာတ်ာကြီး
၅။    ရခိုင်လျှောက်ထုံးများ၊ နန္ဒာထွန်း

တိုးတက်ရေးသတင်းလွှာ အတွဲ(၃)၊ အမှတ်(၇)မှ-

ရခိုင်အရေးအခင်းနှင့် ဖြစ်ရပ်မှန်

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်သို့ တရားမ၀င် ကူးပြောင်းဝင်ရောက်လာသော ဘင်္ဂါလီကုလားများဘက်မှ ရပ်တည်ပြောဆိုနေသူ မည်သူပဲဖြစ်ဖြစ် ငနုံ၊ ငအသာ ဖြစ်ပါလိမ့်မည်။

မြန်မာနိုင်ငံနှင့်ကပ်လျက် တည်ရှိနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် မိမိ၏လက်တစ်ဝါးစာ နယ်မြေ ကလေးနှင့် မမျှသော လူဦးရေပေါက်ကွဲမှု ပြဿနာကြီးကို ကြုံတွေ့ရင်ဆိုင်နေရသည်ဆိုသော အချက်ကို (ဘင်္ဂလီများအား ထောက်ထားကြင်နာပါသည်ဆိုသော) မဟာကရုဏာရှင်ကြီးများ သတိပြုဖို့ လိုအပ်ပါ သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အရွယ်ပမာဏသည် အမေရိကန်ပြည်ထောင်စု တောင်ဒါကိုတာပြည် နယ်အောက် ငယ်ပါသည်။ သြစတြေးလျနိုင်ငံမှ တက်စ်မေနီးယား ပြည်နယ်၏ နှစ်ဆမျှ ရှိပါသည်။
အင်္ဂလန်နိုင်ငံ၊ ပြင်သစ်နိုင်ငံနှင့် မြန်မာနိုင်ငံရှိ ရှမ်းပြည်နယ်တို့၏ ထက်ဝက်မျှသာ အရွယ်ရှိပါသည်။ သို့သော် လူဦးရေအားဖြင့်ကတော့ ယူကေ(အင်္ဂလန်)၏သုံးဆ၊ သြစတြေးလျ၏ ဆယ်ဆရှိပြီး အမေရိ ကန်ပြည်ထောင်စု၏ လူဦးရေနှင့် မြန်မာနိုင်ငံလူဦးရေ၏ သုံးဆတို့ကို မကြာမီတွင် ရောက်ရှိလိုက်မီတော့ မည် ဖြစ်ပါသည်။ သို့ဖြစ်ရာ ဘင်္ဂလီများ ကူးပြောင်းဝင်ရောက်မှုသည် တရားဝင်ရော၊ တရားမ၀င်ရော နေ့စဉ်ဖြစ်ပေါ်နေသော ကိစ္စဖြစ်ပါသည်။ ရခိုင်ပြည်နယ်နှင့် အလားတူစွာပင် (အိန္ဒိယမှ) အာသံပြည် နယ်ဒေသခံ လူမျိုးစုများနှင့် တရားမ၀င် နိုင်ငံကူးပြောင်းလာသူ ဒေသခံအယောင်ဆောင် ဘင်္ဂလီတို့အကြား ဖြစ်ပေါ်ခဲ့သော အဓိကရုဏ်းများကိုကြည့်လျှင် ဘင်္ဂလားဒေ့ရှ်သည် ယင်း၏လူဦးရေ၀ါဒကို ထိန်းချုပ်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း ထင်ရှားနေပါသည်။ ယခုအချိန်တွင် သန်းထက်ဝက်၊(၅)သိန်းခန့်ရှိပြီး (တချို့သော ဘင်္ဂလားဒေ့ရှ် တက်ကြွလှုပ်ရှားသူများ၏ အလိုအရ သုံးသန်းလည်း ဖြစ်နိုင်ပါသည်) အိန္ဒိယတွင် သန်း ၂၀ ရှိသည်။

လူဦးရေ ပေါက်ကွဲမှုဖြစ်ရခြင်းမှာ ဘင်္ဂလားဒေ့ရှ်တွင် Sharia ဟုခေါ်သော လူဦးရေထိန်းချုပ်မှုကို ကျင့်သုံးသောကြောင့် ဖြစ်ပါသည်။ Sharia သည် အမှန်က လူဦးရေထိန်းချုပ်မှု မဟုတ်ပေ။ သို့ဖြစ်ရာ အိန္ဒိယနှင့် မြန်မာနိုင်ငံတို့၌ ဖြစ်ပေါ်ခဲ့သော လက်ရှိ ၀မ်းနည်းကြေကွဲဖွယ် ဖြစ်ရပ်များ၏ လက်သည် တရားခံမှာ ဘင်္ဂလားဒေ့ရှ်အစိုးရ၏ တာဝန်မဲ့ပြုမူသော လူဦးရေ ထိန်းချုပ်မှုပင် ဖြစ်ပါသည်။

မြန်မာနိုင်ငံအတွင်းသို့ ဘင်္ဂလီများ တရားမ၀င် တင်သွင်းယူလာမှုအတွက် ဗြိတိသျှတို့တွင် တာဝန်ရှိ ပါသည်။ မြန်မာနိုင်ငံသည် ဗြိတိသျှတို့၏ လက်အောက်တွင် နှစ်ပေါင်း ၁၀၀မျှ ကိုလိုနီဖြစ်ခဲ့သည်။ ရခိုင်-ဘင်္ဂလီပဋိပက္ခကို ပါလက်စတိုင်းပဋိပက္ခနှင့် ဆင်တူသည်ဟုဆိုလျှင် ရခိုင်တို့သည် ပါလက်စတိုင်းများဖြစ်ပြီး ကူးပြောင်းဝင်ရောက်လာသူများ (သို့မဟုတ် ပြန်ရောက်လာသူ အာလီယာဂျူးများ)သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ ဖြစ်ပါမည်။ သို့သော် ဘင်္ဂလီများက ဤဖြစ်ရပ်ကို ပြောင်းပြန်အခြေအနေသို့ ရောက် သွားအောင် မလိမ့်တပတ် လုပ်ပစ်လိုက်ကြသည်။ အသစ်ဝင်ရောက်လာသော အစ္စရေးနိုင်ငံသားများ (ဂျူး)များက သူတို့နှင့်အတူ ဓနဥစ္စာ၊ ပညာအရည်အသွေးများကို ယူဆောင်လာခဲ့ကြသော်လည်း မြန်မာနိုင်ငံမှာတော့ ကူးပြောင်းဝင်ရောက်လာသူ (ဘင်္ဂလီ)များက မြန်မာနိုင်ငံအတွက် အကျိုးအမြတ် ရှိစေမည့် ဘာတစ်ခုကိုမျှ ယူဆောင်မလာခဲ့ပါ။ သူတို့နှင့်ပါလာသည့် တစ်ခုတည်းသောအရာမှာ လူဦးရေ ဗုံးလက်နက်သာ ဖြစ်ပါသည်။

Sharia ပြဌာန်းသတ်မှတ်ပေးသော Wahabi NGO က ငွေကြေးးထောက်ပံ့ပေးသော ဆော်ဒီအထောက် အပံ့ခံ INGOများက အကာအကွယ်ပေးထားသော ဤလူဦးရေကြီးထွားမှုနှုန်းဖြင့် ဘင်္ဂလီယောက်ျားများ သည် ဘာအလုပ်မှ လုပ်စရာမလိုဘဲ မယားလေးယောက်ကို ကျွေးမွေးထားနိုင်သည်။ ဘင်္ဂလီတို့သည် သူတို့၏မြင့်မားလှစွာသော မွေးဖွားနှုန်းကို အသုံးချကာ ရခိုင်ပြည်၏ ဖွား/သေနှုန်းညီမျှမှုကို ယိုယွင်း တိမ်းစောင်းသွားစေခြင်းဖြင့် အမြတ်ထုတ်ဖို့ ကြိုးပမ်းနေကြပါသည်။ သို့သော် မြန်မာနိုင်ငံအစိုးရ အဆက်ဆက်တို့မှာ နယ်ချဲ့ဗြိတိသျှတို့ ထွက်ခွာသွားစဉ်က စတင်မွေးပေးခဲ့သော သောင်းကျန်းမှုမီးကို ငြိမ်းသတ်ရန် ကြိုးပမ်းရင်း အလုပ်ရှုပ်နေခဲ့ရလေရာ ဤတရားမ၀င် နိုင်ငံကူးပြောင်းလာမှုကို လျစ်လျူရှု ထားခဲ့ကြပါသည်။ သို့ဖြစ်၍ မြို့နယ်၊ ဒေသ၊ ပြည်နယ်၊ အမျိုးသားအဆင့်အသီးသီးရှိ အစိုးရအနေဖြင့် (ဘင်္ဂလီဆူပူအုံကြွမှုအတွက်) အသင့်ပြင်ဆင်ထားမှု မရှိခဲ့ပါ။

စင်စစ်အားဖြင့် တရားမ၀င်ကူးပြောင်းဝင်ရောက်လာသူ ဘင်္ဂလီများနှင့် ဒေသခံရခိုင်လူမျိုးတို့အကြာ်းရှိ အမုန်းတရားကို ဗြိတိသျှတို့က မျိုးစေ့ချပေးခဲ့သည်ဟု ဆိုပါက မမှားပါ။ ယခုတော့ ထိုအမုန်းတရားက ဖြစ် တည်ခဲ့ပါပြီ။ သကြားပွင့်ကလေးများ ဖြူးပေးလိုက်ရုံဖြင့်တော့ ထိုအမုန်းတရား၏ ခါးသီးမှုဒီဂရီက လျော့ကျ သွားမည်မဟုတ်ပါ။ သို့ဖြစ်စေကာမူ ကူးပြောင်းဝင်ရောက်လာသူ ဘင်္ဂလီတစ်ချို့အား မိမိတို့နှင့် အတူနေ ထိုင် ရပ်တည်ခွင့်ပေးခဲ့မှုအတွက် ယေဘုယျအားဖြင့် မြန်မာလူမျိုးအား အထူးသဖြင့် ရခိုင်လူမျိုးအား လေး စားသမှု ပြုကြရပေမည်။ ဘင်္ဂလီတို့၏ လှုံ့ဆော်နှိုးဆွမှုကြောင့် ဖြစ်ပေါ်လာသော အဓိကရုဏ်း ကသောင်း ကနင်း အခြေအနေများကြား၌ပင် ဗုဒ္ဓဘာသာရခိုင်လူမျိုးတို့သည် ကမန်တို့အား အကာအကွယ်ပေး ထားဆဲဖြစ်သည်။ (ကမန်လူမျိုးများသည် ယခင်က တိုင်းတပါးသားများဖြစ်ပြီး ယခုတိုင်းရင်းသားများ ဖြစ်နေကြပါပြီ၊ ကမန်တို့သည် ဆွန်နီအစ္စလာမ် အယူဝါဒကို ကျင့်သုံးပြီး ရခိုင်လူမျိုးတို့နှင့် အတူတကွ နေထိုင်လာခဲ့ကြသည်မှာ နှစ်ရာစုများစွာ ရှိနေခဲ့ပြီဖြစ်သည်) ရခိုင်တို့သည် ကူးပြောင်းဝင်ရောက်လာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများနှင့်ပင် ၁၉၄၇ခုနှစ်အထိ အဆင်ပြေသင့်မြတ်စွာ နေထိုင်နိုင်ခဲ့ကြပါသည်။

ဂျပန်တို့၏ထိုးစစ်ကြောင့် အိန္ဒိယသို့ ဆုတ်ခွာသွားရသော ဗြိတိသျှတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများအား လက်နက်တပ်ဆင်ပေးထားခဲ့ကြသည်။ ကူးပြောင်းဝင်ရောက်လာသူ ဘင်္ဂလီကုလားတို့၏ လက်ထဲရှိ ထိုလက်နက်တို့သည် ဂျပန်နယ်ချဲ့တို့ဘက်သို့ လှည့်ချိန်ရမည့်အစား အိမ်ရှင် (ရခိုင်လူမျိုး)တို့အတွက် သေမင်းတမန် ဖြစ်လာခဲ့ရသည်။ ၁၉၄၇ ခုနှစ်တွင် ဘင်္ဂလီတို့သည် ဘူးသီးတောင်နှင့် မောင်တောမြို့တို့၌​ အမျိုးသမီးနှင့် ကလေးငယ်များအပါအ၀င် ရခိုင်လူမျိုး ငါးသောင်းကျော်တို့အား သတ်ဖြတ်ကာ သွေးသောက်ပွဲကြီး ၀ှဲချီးကျင်းပခဲ့ကြသည်။ ဤမြို့နယ်နှစ်ခုတို့တွင် အထောက်အထားစာရွက်စာတမ်း ဘာတစ်ခုမျှမရှိသော တရားမ၀င်ရောက်လာသူများက လူများစု ဖြစ်လာခဲ့ပြီး ယခုလူနည်းစုဖြစ်သွားရသူ ရခိုင်သားများအား သတ်ဖြစ်ပစ်နေကြသည်။ ထိုမျှနှင့်မပြီးသေးပါ၊ အသတ်ခံကြရသူ ရခိုင်လူမျိုးများမှာ ဒုက္ခသည်အဖြစ် သတ်မှတ်ခြင်းမခံရဘဲ လူသတ်သမား ဘင်္ဂလီကုလားများကသာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံနေကြရသည်။ ယနေ့ ဘင်္ဂလီများ အသာစီးရနေသော ဖွား/သေနှုန်းသည် ၁၉၄၇ ခုနှစ်က ဗြိတိသျှတို့ လက်နက်တပ်ဆင်ပေးခဲ့သော ဘင်္ဂလီတို့ ဖန်တီးခဲ့သည့် အဓိကရုဏ်းမှ မြစ်ဖျားခံလာခြင်း ဖြစ်သည်။ ထိုအချိန်က ရခိုင်ရွာပေါင်း (၃၀၀) မီးရှို့ခံရပြီး နေရပ်ကို စွန့်ခွာထွက်ပြေးရသော ရခိုင်လူမျိုးများ မှာ မိမိနေရပ်ရင်းဆီ ပြန်မလာနိုင်ကြတော့ပေ။ ထိုအချိန်မှစ၍ ဘင်္ဂလီတို့သည် ထိုဒေသတွင် လူဦးရေအရ အသာစီးရနေကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံရေးသမားများကလည်း တာဝန်မကင်းကြပါ။ ၀န်ကြီးချုပ်ဟောင်းဦးနုသည် ဤတရားမ၀င် ဘင်္ဂလီတို့အား အနိုင်ရရှိရေးအတွက် မဲဘဏ္ဍာတိုက်အဖြစ် အသုံးချခဲ့သည်။ ထိုအချိန်က မည်သူသည် နိုင်ငံသားဖြစ်ပြီး မဲပေးခွင့်ရှိသည်၊ မည်သူကတော့ မဲပေးပိုင်ခွင့်မရှိဟူ၍ ခွဲခြားစစ်ဆေးသော စီမံချက်မျိုး မရှိခဲ့ပါ။ သို့ဖြစ်၍ ဘင်္ဂလီကုလားရွာများအား အနိုင်ရလိုသည့် နေရာများသို့ ရွှေ့ပြောင်း၍ ထပ်ပြန်တလဲ နေရာချထားကာ မဲအနိုင်ရရေး ဖန်တီးအသုံးချခဲ့ပါသည်။

သို့သော် ဗြိတိသျှတို့၏ မော်ကွန်းတိုက်များတွင် ရိုဟင်ဂျာ(သို့) ရိုဟင်ဟူသော ဝေါဟာရကို ၁၉၅၂ခုနှစ် အထိ ဖော်ပြထားချက် လုံးဝမရှိခဲ့ပါ။

ယခုနောက်ဆုံးဖြစ်ပျက်သွားခဲ့သော ကြေကွဲဖွယ် အဖြစ်အပျက်များတွင် နိုင်ငံတကာ NGO ကုသိုလ်ဖြစ် အဖွဲ့အစည်းများကလည်း တစိတ်တပိုင်း တာဝန်မကင်းကြပါ။ ၁၉၉၄ခုနှစ်အထိ INGO များက လူ့အခွင့် အရေးအမည်တပ်လျက် ရာထူးခန့်ထားသော ပြည်ပြေးတချို့သည် ဒေသခံရခိုင်လူမျိုးတို့၏ လူ့အခွင့်အရေး ကို နှိပ်ကွပ်ရာတွင် ပါဝင်လုပ်ဆောင်လာခဲ့ကြသည်။ သူတို့သည် ဘင်္ဂလီကုလားများအား အင်္ဂလိပ်စာ/စကား ပိုမိုတတ်ကျွမ်းမှုကို အကြောင်းပြကာ ရာထူးများ ပေးထားခဲ့ကြသည်။ ထိုသူတို့သည် ဒုက္ခသည် အတုအယောင်တို့၏ ခေါင်းဆောင်များ ဖြစ်လာကြပြီး မြန်မာပြည်၏ အားနည်းညံ့ဖျင်းလှသော ပညာရေး စနစ်ကို အခွင့်ကောင်းယူကာ အကျိုးအမြတ်များစွာ ရယူနိုင်ခဲ့ကြပေသည်။ INGOများတွင် ရခိုင်လူမျိုးတို့ အား အလုပ်ခန့်အပ်မှု မရှိပါ။ ထို INGOတို့၏ တစ်ဘက်စောင်းနင်းလုပ်ဆောင်ချက်များကြောင့် ဒေသခံ ရခိုင်လူထုကြား မကြေမချမ်းမှုများ ဖြစ်ပေါ်ခဲ့ရသည်။ ၀န်ထမ်းတချို့ကတော့ အခွင့်အရေးရသည်နှင့် ရခိုင်ပြည်နယ်အတွင်း ဆူပူအုံကြွမှုဖြစ်လာအောင် သွေးထိုးလှုံ့ဆော်ကြတော့သည်။ INGO များအနေဖြင့် ဘင်္ဂလီများဘက်က ရပ်တည်ပေးခြင်း၏ နောက်ထပ်အကြောင်းအရင်းတစ်ခုမှာ ဆင်းရဲသားဘင်္ဂလီများ သည် INGOတို့အတွက် ကြော်ငြာပိုစတာများ ဖြစ်နေခြင်းပင်ဖြစ်သည်။ ရေနံကြွယ်ဝသော ပင်လယ်ကွေ့ နိုင်ငံများမှ Zakah အမည်တပ်၍ ပေးလှူသော အကူအညီများရရှိလာအောင် INGO များက ဤဘင်္ဂလီ ကုလားများအား အလှူခံသေတ္တာအဖြစ် အသုံးချနေကြခြင်းဖြစ်သည်။

ပင်လယ်ကွေ့နိုင်ငံများမှ မြန်မာပြည်ရှိ (ဘင်္ဂလီများ)သို့ ဒေါ်လာသန်းပေါင်းများစွာတန်ဘိုးရှိ အကူအညီများ ရက်ရက်ရောရော ပေးကြသည်။ နိုင်ငံရပ်ခြားရှိ ပြည်ပြေးများသို့လည်း အလားတူ အကူအညီများ ပေးကြ သည်။ ပြည်ပြေးတချို့ဆိုလျှင် ဂုဏ်ထူးဆောင်ဧည့်သည်တော်ကြီးများ အဖြစ် ဖိတ်ကြားခံရသည်များပင် ရှိသည်။ ကမ္ဘာကျော် ဗြိတိသျှပါလီမန်နှင့် အမေရိကန်ကွန်ဂရက်တို့၌ပင် ထိုသူ၏အသံကို အချက်အလက် မှန်သလား၊ မှားသလား လုံးဝ အစစ်အဆေး အမေးအမြန်းမရှိဘဲ တစ်ဖက်သတ် ကြားနာပေးခြင်းများ ရှိခဲ့ပါသည်။

ဆူပူအုံကြွမှု စတင်ခြင်း

ရခိုင်ပြည်နယ်၏ လတ်တလော ဖြစ်ပေါ်ခဲ့သော ကိစ္စရပ်များသည် လူမျိုးရေးပဋိပက္ခလည်းမဟုတ်၊ ဘာသာရေးပဋိပက္ခလည်း မဟုတ်ပေ။ ဘင်္ဂလီကုလားတို့၏ ဆူပူအုံကြွမှုသာ ဖြစ်သည်။ ဤဆူပူ အုံကြွ မှုတို့၏ အဓိကအကြောင်းရင်းများက ဘာလဲ။ အမှန်တကယ် ခြိမ်းခြောက်ခံနေရသူများက ဘယ်သူတွေလဲ ဆိုသည်ကို နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ဂဃဏန လေ့လာကြည့်ဖို့ လိုအပ်ပါသည်။ ဘူးသီးတောင်နှင့် မောင်တောရှိ ဘင်္ဂလီများသည် မီဒီယာအများစုက ဖော်ပြနေကြသလို အကာအကွယ် ကင်းမဲ့နေကြသည့် သနားစရာ လူနည်းစုဖြစ်သလား၊ သို့မဟုတ် ဘင်္ဂလီများက လူများစုဖြစ်သလား။ ပထမဦးဆုံး မီးရှို့ခံရသည်မှာ ဘယ်သူတို့၏ အိမ်များလဲ၊ ရက်ရက်စက်စက် အသတ်ခံနေကြရသည်မှာ ဘယ်သူတွေလဲ၊ မိမိပိုင်မြေကိုစွန့်၍ ပထမဆုံး ထွက်ပြေးကြရသူများကော ဘယ်သူတွေလဲ။ အသေအချာ လေ့လာကြည့်ဖို့ လိုအပ်ပါသည်။

ကျောက်နီမော်ကျေးရွာတွင် ရခိုင်အမျိုးသမီးကလေးတစ်ဦးအား မူစလင်လူငယ်သုံးဦးက မဖွယ်မရာပြု ကျင့်သည်သာမက ရက်ရက်စက်စက်ပင် ဓါးနှင့်ထိုးပြီး လည်လှီးသတ်ဖြတ်လိုက်ကြသည်။ (ရခိုင်ပြည် အနောက်ပိုင်းတွင် အလားတူကိစ္စများစွာ ဖြစ်ပေါ်ခဲ့သည်။ သို့သော် ရခိုင်ပြည်တောင်ပိုင်းမှာတော့ အဖြစ်နည်းပါသည်။) အစိုးရက အဓိကတရားခံ သုံးဦးတို့အား ဖမ်းဆီးလိုက်ပြီး တရားဥပဒေနှင့်အညီ စီရင်မည်ဟု ကတိပြုခဲ့သည်။ သို့သော် ထိုကတိစကားက မခိုင်လုံပါ။ (အလားတူကိစ္စများစွာ ယခင်က ဖြစ်ပေါ်ခဲ့ဖူးပါသည်။ တရားဥပဒေက လွန်စွာပင် အားနည်းပျော့ညံ့လှသဖြင့် တရားခံများအား ထောင် ဒဏ်(၅)နှစ်ထက် ပို၍ အပြစ်မပေးခဲ့ပါ။ ထို့ပြင် ပြစ်ဒဏ်ချမှတ်ပြီးနောက် မကြာမီမှာပင် တရားခံများ လွတ်မြောက်သွားခဲ့ကြဖူးသည်။) ဤမိန်းကလေး၊ ဤသို့ ပစ္စလက္ခတ်အသတ်ခံရမှုကြောင့် ရခိုင်ပြည် တောင်ပိုင်းသားများ ဒေါသဖြစ်ခဲ့ရသည်။

အကျိုးဆက်အဖြစ် သံတွဲမှန် ရန်ကုန်သို့အသွား လမ်းပေါ်ရှိ တောင်ကုတ်မြို့အနီးတွင် မူဆလင်ဆယ်ဦးအား ဒေါသထွက်နေသော လူတစ်အုပ်က သတ်ပစ်လိုက်ကြသည်။ မီဒီယာတို့က ထုံးစံအတိုင်းပင် လောင်စာဆီ ထည့်ပေးလိုက်ကြသဖြင့် တစ်ကမ္ဘာလုံးအလန့်တကြား ထအော်ကြတော့သည်။ (ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် ရခိုင်လူမျိုးအမြောက်အများ ကိုယ်လက်အင်္ဂါ အပိုင်းပိုင်းအတစ်တစ်ဖြင့် သေဆုံးကြရသည်။ အံ့သြစရာကောင်းသည်က မည်သည့်မီဒီယာတစ်ခုကမျှ ကမ္ဘာ့ လူ့အခွင့်အရေး အရှင်သခင်ကြီး တစ်ဦးတစ်လေမျှ ဤကိုစ္စကို လေသံတောင် မဟခဲ့ကြခြင်း ဖြစ်သည်။) မည်မျှ အကြင်နာ ကင်းမဲ့လိုက်ကြပါသလဲ။

အပြစ်မဲ့သူတို့အား သတ်ဖြတ်ခြင်းကို ကျွန်တော်သဘောမတူပါ။ ဤသို့ဆိုခြင်းကြောင့် တမျိုးတမည်တော့ မထင်မှတ်ကြစေလိုပါ။ နိုင်ငံတကာအသိုင်းအ၀ိုင်းသည် နှစ်ဘက်အသံတို့ကို တရားမျှတစွာ နားစိုက်ထောင်ခြင်းမရှိကြောင်း ကျွန်တော်အလေးထား ပြောချင်ပါသည်။ များစွာသော INGO များ၊ နိုင်ငံတကာ အတောင်းအရမ်း မီဒီယာများဖြစ်ကြသော ဘီဘီစီ၊ ဗွီအိုအေနှင့် ဧရာဝတီ စသည်များနှင့် အခြားပုဂ္ဂိုလ်များစွာတို့သည် မီးလောင်ရာ လေပင့်ခဲ့ကြသည်။ စစ်စစ်အားဖြင့် ပြစ်မှုများစွာ နေရာအနှံ့တွင် ရှိနေကြပါသည်။ ထိုပြစ်မှုကို လူမျိုးအသွေးအရောင်၊ ဘာသာရေး အသွေးအရောင် ဆိုးမပေးသင့်ပါ။ ဤစကားမျိုးကို သူတို့ကလည်း ကြောင်သူတော်လေသံဖြင့် မကြာခဏ ပြောခဲ့သည်ပဲ ဖြစ်ပါသည်။

ဖော်ပြခဲ့ပြီးသော အခြေအနေတွင် ပြည်ပြေးများ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများနှင့် INGO များအတွက် အလုပ်လုပ်ပေးနေကြသော ဘင်္ဂလီများက အိမ်များကို မီးတင်ရှို့ခြင်း၊ ရခိုင်လူမျိုးတို့အား ရခိုင်သမျှ များများသတ်ဖြတ်ခြင်းတို့ဖြင့် မောင်တောမြို့နေ ဒေသခံရခိုင်လူမျိုးတို့အား (နေထိုင်ရာအရပ်မှ) မောင်းထုတ်ပစ်ရန် ရည်ရွယ်လျက် ဆူပူအုံကြွမှု ပြုလုပ်ရန် အသင့်အနေအထားရှိနေခဲ့ကြပါသည်။

သူတို့ပြုလုပ်ထားသော စီမံကိန်း  ပထမအဆင့်မှာ ဇွန်လ ၅ ရက်နေ့စွဲဖြင့် ကြေငြာချက်တစ်စောင် ထုတ်ပြန်မှု ဖြစ်ပါသည်။ ထိုကြေငြာချက်တွင် မူဆလင်အားလုံးသည် ဇွန်လ ၈ ရက်နေ့တွင် ဆုတောင်း ၀တ်ပြုကြရန် တိုက်တွန်းထားသည်။ ဇွန် ၆ ရက်နေ့တွင် အယ်လကေဒါတို့ထံမှ စာတစ်စောင် ထွက်ပေါ်လာသည်။ မြန်မာနိုင်ငံအစိုးရအနေဖြင့် သူတို့တောင်းဆိုထားသော အချက်(၅)ခုကို လိုက်လျောပေးရန်၊ သို့မဟုတ်ပါက အဆုံးမရှိသာ စစ်ပွဲကို ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း ရာဇသံ ပေးထားပါသည်။

အချိန်ကိုက် လက်ဝါးရိုက်ထားကြသည့်အတိုင်း သူတို့၏ ၀တ်ပြုဆုတောင်းမှုမှာ အလ္လာအရှင်ထံ ၀တ်ပြု ဆုတောင်းမှုမဟုတ်ဘဲ၊ ဗလီများထဲမှ လက်နက်မျိုးစုံကို ကိုင်စွဲထွက်လာကြပြီး တွေ့သမျှ ရခိုင်လူမျိုးတို့အား အသေသတ်ကြခြင်းသာ ဖြစ်သည်။ ရခိုင်ရွာများကို မီးတင်ရှို့ကြသည်။ လုံခြုံရေး အစောင့်များ လက်လှမ်း မမီသော ရခိုင်ဟူသမျှတို့အား သတ်ဖတ်ကြသည်။ မိန်းမနှင့် ကလေးများကိုပင် အလွတ်မပေးကြပါ။ (နောက်ထပ်တစ်ကြိမ် အံ့အားသင့်စရာ ကောင်းသည်မှာ ဤကိစ္စရပ်များအပေါ် ကမ္ဘာ့မီဒီယာအားလုံးက အသံတိတ်နေကြခြင်းနှင့် လူအခွင့်အရေးဆိုသော အသံတစိုးတစိ မကြားလိုက်ရခြင်း ဖြစ်သည်။)

အကျိုးဆက်ကတော့ မောင်တောတစ်မြို့တည်းတွင် ရခိုင်လူမျိုး ဆယ်ပေါင်းများစွာ အသတ်ခံလိုက် ရခြင်းဖြစ်သည်။ ၁၆၂ ဦး ပျောက်ဆုံးနေသည်။ (ထို ၁၆၂ ဦးမှာ ဘာသာတရားကိုင်းရှိုင်းသော မူစလင်တို့ လက်တွင် အသက်ပျောက်ခဲ့ရခြင်းဖြစ်ကြောင်း ယုံကြည်ရသည်။)

တစ်ချိန်တည်းတွင် ဘင်္ဂလီကုလားရာပေါင်းများစွာတို့က စစ်တွေမြို့တွင် အသုဘယာဉ်တန်းတစ်ခုအား တိုက်ခိုက်သည်။ ဤကိစ္စတွင် ရခိုင်လူမျိုးများစွာ ဒဏ်ရာရပြီး ဆေးရုံတင်လိုက်ရသည်။

နောက်တစ်ရက်တွင် ဘုမေရွာဘက်မှ မူစလင်တို့က မင်းဂံရွာကို တိုက်ခိုက်ပြီး ဗမာတစ်ဦးနှင့် ရခိုင်နှစ်ဦးကို သတ်ပစ်လိုက်ကြသည်။ (သွေားဆာနေသော မူစလင်များက ဗမာတစ်ဦးကို အရှင်လတ်လတ် ခြေ လက်ဖြတ်တောက်ပစ်ပြီး မီးရှို့သတ်လိုက်ကြသည်။ ဘင်္ဂလီတချို့က သေသူ၏အသားကို စားကြသည်။) ဤပြုမူလုပ်ဆောင်ချက်ကို မိသားစုဝင်အများက အနီးကပ် မြင်လိုက်ကြရသည်။

နောက်တစ်နေ့တွင် တရားသိစုရပ်ကွက်မှ မူစလင်များအားလုံး ထွက်ခွာသွားပြီးနောက် ဘင်္ဂလီတစ်ဦးက မိမိ၏အိမ်ကို မီးတင်ရှို့သည်။ ရည်ရွယ်ချက်မှာ အနီးရှိ ရခိုင်အိမ်များ မီးကူးလောင်ကျွမ်းစေရန်ဖြစ်သည်။

(စစ်တွေမြို့ပေါ်ရှိ) နာဇီရပ်ကွက်၊ ကျောင်းတက်လမ်းရပ်ကွက်နှင့် အခြားရပ်ကွက်များနေ မူစလင်တို့သည် အာဏာပိုင်များ၏ အကူအညီဖြင့် သဲချောင်းရှိ လုံခြုံစိတ်ချရသော ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့ ကြသည်။ ဤသို့ မပြောင်းရွှေ့မီတွင် ရခိုင်တို့က ဘင်္ဂလီအိမ်များကို မီးရှို့ပါသည်ဟု စွပ်စွဲနိုင်စေရန်အတွက် ကိုယ့်အိမ်ကို ကိုယ်တိုင် မီးရှို့ပစ်ခဲ့ကြသည်။ (ဘယ်သူတွေ နေအိမ်ဆုံးရှုံးရမှာ ပိုမို စိုးရိမ်ကြသလဲ၊ ဘယ်သူ တို့၏ နေအိမ်များက ပိုမိုကောင်းမွန်ကြသလဲ၊ စဉ်းစား၍သာ ကြည့်ကြပါကုန်)

ထိုတစ်နေ့တည်းတွင်ပင် ဘင်္ဂလီကုလားများက-
-ရွာသာရွာကို တိုက်ခိုက်ဖျက်စီးလိုက်ကြသည်။ (ရခိုင်တစ်ဦးသေသည်၊ အများအပြား ဒဏ်ရာရ သည်။)

-ဆတ်ရိုးကျရွာကို တိုက်ခိုက်သည်။ (ရခိုင်(၂)ဦးနှင့် မူစလင်(၁)ဦး သေသည်။)

-သံထော်လီရွာမှ ဘင်္ဂလီများက ကျေးတောပိုက်ဆိပ်ရွာကို တိုက်ခိုက်ဖျက်စီးသည်။ (ရခိုင် (၇)ဦးနှင့် ဘင်္ဂလီ(၂)ဦး သေသည်။)

ဤအဓိကရုဏ်းသည် ရသေ့တောင်မြို့နယ် ကူတောင်ရွာသို့ ကူးစက်ပြီး ကူတောင်တွင် ရခိုင်(၁၀)ဦး ရက်စက်စွာ အသတ်ခံကြရသည်။ ယင်းတို့အနက် ကိုးဦးတို့အား အတုံးတုံး အတစ်တစ်ဖြစ်အောင် ဖြတ်တောက်ပစ်လိုက်ကြသည်။

-မလေးရှားနိုင်ငံတွင် ငြိမ်းချမ်းရေးကို မြတ်နိုးသော ဘင်္ဂလီမူစလင်တို့၏ လက်ချက်ဖြင့် ရခိုင်လူမျိုး အချို့သေဆုံးကြရပြီး  ရခိုင်လူမျိုးပိုင်ဆိုင်မှုများ ဖျက်ဆီးခံလိုက်ရသည်။ (နောက်တစ်ကြိမ် အံ့အားသင့်စရာ ဖြစ်ရပြန်ပါပြီ။ လူ့အခွင့်အရေးမြတ်နိုးသူ တစ်ဦးတစ်လေကမျှ ဤကိစ္စကို ထုတ်ဖော်ပြောဆိုခြင်း မပြုပါ။)

-ကျောက်တော်မြို့တွင် ဘင်္ဂလီကုလားများက ရခိုင်ရွာတစ်ချို့ကို တိုက်ခိုက် ဖျက်စီးသည်။ လူ(၁၃) ဦးသေသည်။ (ဘင်္ဂလီလား ရခိုင်လား ခွဲခြားမသိရပါ။)

မေးခွန်းများ

၁။ ကုလသမဂ္ဂအဖွဲ့အစည်းကြီးကို လူမျိုးတစ်မျိုးက ပိုင်ဆိုင်ပါသလား။ အင်အားကြီးသော အုပ်စုတစ်စုက ပိုင်ဆိုင်ပါသလား။

၂။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကိုယ်စားလှယ်တော်ကြီးသည် နှစ်ဘက်လူထုအား မတွေ့ဆုံခဲ့ဘဲ ဘင်္ဂလီမျာိးကုသာ ဘာကြောင့် တွေ့ဆုံသွားခဲ့ပါသလဲ။

၃။ ဤဘင်္ဂလီပြဿနာတွင် ဤကိုယ်စားလှယ်တော်ကြီး၏ အကျိုးစီးပွား တစ်စုံတစ်ခု ရှိနေပါသလား။

၎။ ဘင်္ဂလီကုလားများအနေဖြင့် ရိုဟင်ဂျာဟု သတ်မှတ်ခံရမှုတွင် မဟာဆုလာဘ်ကြီးဖြစ်သည်ကို သင်သိပါသလား။ ရိုဟင်ဂျာအဖြစ် သတ်မှတ်ခံလိုက်ရလျှင် နိုင်ငံခြားတိုင်းပြည်များ၌ ဒုက္ခသည်အဖြစ် နေထိုင်ခွင့် ရလိုက်ခြင်းပင်ဖြစ်သည်။

၅။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လူများသည် လှေစီးလျက်ထွက်ခွာလာခဲ့ပြီးနောက် ရိုဟင်ဂျာဟု သတ်မှတ်ခံ လိုက်ရလျှင် စာနာသနားသူ များစွာရရှိလျက် တတိယနိုင်ငံများသို့ ၀င်လမ်းဖြောင့်ဖြူးသွားသည်ကို သင်သတိပြုမိပါသလား။

၆။ ခြိမ်းခြောက်မှု အမှတ်တကယ်ခံနေကြရသူများ ဘယ်သူလဲဆိုသည်ကို သင်သိပါသလား၊ ဘင်္ဂ လားဒေ့ရှ်မှ ၀င်ရောက်လာသူတို့ကြောင့် မိမိပိုင်မြေ လက်လွှတ်ဆုံးရှုံးလိုက်ရသူများ ဘယ်သူလဲဆိုသည် ကိုကော သင်သိပါရဲ့လား။

၇။ ဒီမိုကရေစီဖခင် နိုင်ငံကြီးများသည် နှစ်ဘက်လုံးရှိ လူများအား ဘာကြောင့် ဖိတ်ခေါ်မှု မပြုခဲ့ပါသလဲ။ နှစ်ဘက်လုံး၏ အသံကို နားထောင်ပြီးမှကောက် ချက်ချခြင်း မဟုတ်ပါဘဲ တစ်ဘက်တည်းကိုသာ ဖိတ်ခေါ်၊ တစ်ဘက်တည်း၏ အသံကိုသာ နားထောင်ပြီး ကြိုတင်စီမံထားပြီးသား ကောက်ချက်များကို ဘာကြောင့် ချမှတ်နေကြပါသလဲ။

၈။ မူစလင်(၁၀)ဦး အသတ်ခံရချိန်တွင် အသုံကုန် အော်ဟစ်ခဲ့ပြီး မောင်တောမြို့၌ ဇွန်လ(၈)ရက် တစ်နေ့တည်း ရွာ(၃၅)ရွာ မီးရှို့ခံရ၊ လူဒါဇင်ပေါင်းများစွာ အသတ်ခံရ၊ လူရာပေါင်းများစွာ ပျောက်ဆုံး သွားခဲ့ရသောအခါမှာတော့ ဘာသံမှ မကြားရသည်မှာ ဘာကြောင့်ပါလဲ။

ဘာသာပြန်သူ
မောင်ကျော်ဇော

Source: Article published on Friday, 24 August 2012. 19:12

Written by Won Thar Nu Hits: 706

Title: The true Picture of What Happened in Rakhine State In Myanmar

အာရကန်လှိုင်းသံ အမှတ်(၁၀)မှ-

Arakan Folks ဘလော့မှ

ဦးရာဇ်ဓါတ်စေတီတော်


  ဦးရာဇ်စေတီတော်သည် ဓည၀တီ ရက္ခိုင်ပြည် ဂစ္ဆပနဒီမြစ် အနောက်ဘက် ကမ်းခြေ၊ သေလပီဋ္ဌ ပဗ္ဗတတောင်ထိပ်ပေါ်တွင် တည်ရှိသည်။ မြတ်စွာဘုရား၏ ဦးရာဇ်တော်ဓါတ်မြတ် ကိန်းဝပ်၍ ဦးရာဇ်တောင်စေတီဟုခေါ်တွင်သည်။ မည်သည့် အချိန်မှစ၍ ခေါ်တွင်ခဲ့သနည်း။ ဓည၀တီခေတ်မှ စ၍ ခေါ်တွင်ခဲ့သည်။ ယင်းခေတ်တွင် မည်သည့်မင်း၊ မည်သည့်သက္ကရာဇ်မှစ၍ တည်ခဲ့သနည်း အစ ရှိသောမေးခွန်းများကို အကြင်သူတို့သည် မေးမြန်းကြသည်ရှိသော် မည်သို့ဖြေကြားမည်နည်း။ သူတစ်မျိုး ငါတစ်ဖုံ တွေ့ရာသောင်းပြောင်း ပြောဆိုနေကြမည်။ ယခုခေတ်သည်ကား စာပေပညာရှင်များ
ထွန်းကားသောခေတ်ဖြစ်၏။ ယင်းကြောင့် ခေတ်မီသမိုင်းသုတေသီတို့သည် သုတေသနနည်း၊ ယုတ္တိဗေဒ နည်းတို့နှင့်ညီအောင် ဆန်းစစ်လေ့လာကြသည်။ သမိုင်းရုပ်ကြွင်း၊ သမိုင်းမှတ်တမ်းများနှင့် အထောက် အထားတို့နှင့် ညှိနှိုင်းတိုက်ဆိုင်ပြီးမှ ယုံကြည်ကြသည်။ ရက္ခိုင်သမိုင်းသုတေသီများသည်လည်း သမိုင်းများကို ရွှေပြား၊ ငွေပြား၊ ကြေးပြားစာ၊ ကျောက်စာ၊ ပေစာ၊ ပရပိုက်စာ စသည်တို့ဖြင့် အဆင့်ဆင့် လက်ဆင့်ကမ်း၍ ရေးကူးမှတ်တမ်းတင်ခဲ့ကြသည်။ ကာလကြာညောင်းသဖြင့် မှတ်တမ်းစာပေများ ပျက်စီးဆုံးပါးခြင်းများ ရှိနေကြသည်။ ကျောက်အဆောက်အအုံကြီးတို့မှာ ပျက်စီးယိုယွင်းနေ ကြငြားသော်လည်း ငါတို့သည် သမိုင်းမှတ်တိုင်ကြီး အနေဖြင့် ရှိနေကြသေးသည်ဟု မားမားစွင့်ကာ တည်ရှိနေကြသည်။ မြေအောက်မှ မှတ်တိုင်ရုပ်ကြွင်းများသည်လည်း တဖြည်းဖြည်းပေါ်ထွက် နေကြ ဆဲဖြစ်သည်။ ယင်းတို့အထဲတွင် ဦးရာဇ်စေတီတော်မြတ်ကြီးမှာလည်း ဂစ္ဆပနဒီမြစ်ဝတွင် မားမားရပ်၍
တည်ရှိပါဝင်နေသည်။ သမိုင်းကြောင်းကို ခြေရာကောက် သုတေသနနည်းဖြင့် ကောက်ယူခဲ့သော် သမိုင်းအဆင့်ဆင့် အဆိုအားဖြင့် ဤသို့တွေ့ရှိရပါသည်။

    သာသနာတော် သက္ကရာဇ် ၂၁၈ခု(အေဒီ ၃၀၀)ကျော်တွင် စေတီပေါင်း ရှစ်သောင်းလေးထောင်ကို တည်ထားတော်မူခဲ့သော သီရိဓမ္မာသောကမင်းကြီးသည် ရှင်မဟာတိဿနှင့် အရှင်ဘာကူလတို့အား ဓါတ်စေတီတော် လေးဆယ့်ရှစ်ဆူတို့ကို တည်ထားရန်လျှောက်ထားသဖြင့် ဓည၀တီသို့ ကြွလာတော်မူ ကြလေသည်။ ဓည၀တီပြည်ရှင် သူရိယစိတ္တယမင်းကြီးက ဗျာဒိတ်ဝင်ဓါတ်စေတီကို ဗျာဒိတ်ဝင်နေ ရာ လေးဆယ့်ရှစ်ဋ္ဌာနတွင် ရဟန္တာများ ညွှန်ပြ၍တည်ထားတော်မူလေသည်။ ယင်းအခါမှစ၍ ဦးရာဇ် ဓါတ်စေတီမြတ်တို့ ပါဝင်ခဲ့လေသည်။ သူရိယမင်းဆက်များ အဆက်ဆက်တို့ ပူဇော်ခဲ့ကြ ပြီးနောက် ဝေသာလီကျောက် လှေကားမြို့တော် မဟာသူရိယတိုင်းစိုင်းဒြား (ဒွေဉ္စန္ဒရား) မင်းသည် အေဒီ ၄ရာစု အစပိုင်းတွင် ထပ်မံပြုပြင်ခဲ့လေသည်။ ထို့နောက် နီတိ၊ ပြီတိ ၀ီရစသော စိုင်းဒြား မင်းဆက်များ ပြုပြင် ပူဇော်ခဲ့ကြလေသည်။ ပထမခေတ်တွင် စတူပါပုံစံမျိုးဖြစ်သည်။ တစ်ဆင့်စီ တစ်ဆင့်စီ သူ့ခေတ်နှင်သူ ပုံစံအမျိုးမျိုးပြောင်းလဲလာသည်။ မြောက်ဦး ခေတ်သို့ရောက်ရှိလာသောအခါ ဂဇပတိ မင်းစောမွန်သည် (အေဒီ ၁၅၂၁ခု ကောဇာ သက္ကရာဇ် ၈၈၃)ခုတွင် ထပ်မံပြုပြင်သည်။ သက္ကရာဇ် ၉၄၁ခု၊ အေဒီ ၁၅၇၉ခုတွင်၊ ဘုရင်မင်းဖလောင်းကြီးသည် ပန်းရံတော် တစ်ထောင်တို့နှင့် ကျောက်တုံးကျောက်ခဲကြီးတို့ဖြင့် တည်ဆောက်တော်မူ လေသည်။ သမိုင်းအဆိုအရ မင်းလံ (၈၀) လုံးပတ်တော် ရှိသည်ဟု ဆိုသည်။ မြေပေါ်အမြင့်ကဲ့သို့ မြေအောက်ဋ္ဌာပနာစေတီကိုလည်း အတူတူပြုတော်မူသည်ဟုဆိုသည်။

    ယင်းကြောင့် သက္ကရာဇ် ၉၅၃ခု၊ တန်ခူးလဆုတ် (၁)ရက်၊ တနင်္ဂနွေနေ့၊ အေဒီ ၁၅၉၁ခုတွင် ဋ္ဌာပနာသွင်း ၍ အောင်မြင်ပြီးစီး ရေစက်သွန်းချခဲ့သည်ဟုဆို သည်။ သက္ကရာဇ် ၁၀၁၀ အေဒီ ၁၆၄၁ခုတွင် သတိုးမင်း တရား ပြုပြင်သည်။ သက္ကရာဇ် ၁၀၅၀၊ အေဒီ ၁၆၈၈ ခုတွင် ၀ရဓမ္မရာဇာမင်း ပြုပြင်သည်။ သက္ကရာဇ် ၁၀၇၂ခု၊ အေဒီ ၁၇၁၀ခုတွင် ဘုရင်စန္ဒ၀ိဇယျရာဇာ ထပ်မံပြုပြင်ခဲ့သည်။ ၁၁၄၆ခု၊ အေဒီ၁၇၈၄ခုတွင် ရက္ခိုင်ပြည် ပျက်စီးပြီးနောက် ပြုပြင်မည့်သူ မရှိဘဲ ပျက်စီးနေခဲ့သည်။ သက္ကရာဇ် ၁၂၄၀၊ အေဒီ ၁၈၇၈ခုတွင် စစ်တွေမြို့၊ မောလိပ်ရပ်မှ (စစ်တွေခရိုင် မောလိပ်)ရပ်ကွက်ဟူ၍လည်း တွေ့ရှိရသည်။ ဇရပ်တကာ ဦးမောင်ချင်းတောင်၏ဇနီး မမြတ်ဦးက ထပ်မံပြုပြင်လှူဒါန်းခဲ့ကြောင်း၊ ဇရပ်တကာ ဦးမောင်ချင်းတောင် ကွယ်လွန်အနိစ္စရောက်သဖြင့် မိမိလင်အား ရည်မှန်း၍ ငွေတစ်သောင်းငါးထောင်ကျော် အကုန်အကျခံ ကာ ရွှေချပူဇော်ခဲ့ကြောင်း စသည်တို့ကို ရေးထိုးထားသော ကျောက်စာချပ်ကြီးတစ်ချပ် တွေ့ရှိခဲ့ သည်။ စေတီတော်ကြီး၏အရှေ့ဘက် သူတို့၏ဇရပ်အနီးတွင် စိုက်ထူထားသည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်း ဗုံးထိမှန်၍ ပျက်စီးခဲ့သည်။ ဤကျောက်စာ၏အဆိုအရ ဇရပ်တကာမ၊ မမြတ်ဦးသည် အင်္ဂလိပ်အစိုးရ လက်ထက် ထပ်မံပြုပြင်မွမ်းမံခဲ့ကြောင်း တွေ့ရှိရသည်။ မမြတ်ဦး၏ကျောက်စာ အကျိုးအပဲ့များကို ဆက်စပ်၍ ၁၉၄၇ခုတွင် စာရေးသူကိုယ်တိုင်ဆက်စပ်ရေးကူးခဲ့သည်။ မူရင်းကျောက်စာ ပြီးစီးပြီးဖြစ်သော်လည်း သမိုင်းလေ့လာသူများအတွက်လည်းကောင်း၊ စာပေ၀ါသနာရှင်များအတွက် လည်းကောင်း၊ အပြီးအပြတ် ပျောက်ကွယ်ဆုံးရှုံးသွားရန် မသင့်သဖြင့် မူရင်းကို တင်ပြရခြင်းဖြစ်ပါသည်။

ဦးရာဇ်တောင် မဟာစေတီတော်မြတ်ဘုရား


    နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
    သံဃေနသဟဿ ယောရဌံ၊ သဒ္ဓဓမ္မာသာသကာရဏံ၊ အနေက ၀ါရဟံ တွာသဒ္ဓါတိဌတုသာသနံ။
    ယောဇိနော၊ ငါးပါးအောင်မြင်၊ ဘုရားရှင်သည်၊ ရဌံ၊ သုနာပရာန်၊ ကမ္ဗဒီပ၊ နာမ၀ှန်းလှိုင်း၊ ဗြဟ္မာတိုင်းသို့၊ သံဃေန၊ ထေရ်မြတ် အရိယာ၊ သံဃာတော်နှင့်တကွ၊ အနေက၀ါရံ၊ အကြိမ်များစွာ၊ အာဂန္တာ၊ ကြွလာတော် မူ၍၊ သဒ္ဓဓမ္မာ၊ သာသကာရဏံ၊ သူတော်ကောင်းတရား၊ သုံးပါးသာသနာ၊ ထွန်းလင်းရာသောအကြောင်းကို၊ အကာပြုတော်မူလေပြီ၊ တာသဇိနဿ ထိုငါးပါးအောင်မြင်၊ ဘုရားရှင်၏၊ သာသနံ၊ မြင့်ရှည် နောက်နောင်၊ ငါးထောင်ပိုင်းခြား၊ ထားခဲ့မိန့်မှာ၊ သာသနာတော်မြတ်သည်၊ သဒ္ဓါ၊ အခါခပ်သိမ်း၊ တိဌတု၊ ထွန်းပရွှန်းဝေ၊ တက်သည့်နေသို့၊ ကြေညာအံ့နှီး၊ ပွားကြီး မြင့်မြတ်၊ တည်လတ်တော်မူသတည်း။

    မင်္ဂလာတဆောင်၊ ထွန်းလင်းပြောင်စိမ့်၊ ခြောက်ရောင်ပြိုးပျက်၊ လျှပ်နယ် လက်သား၊ အထက်စိုးစွင့်၊ ဘ၀ဂ်မိုးမြင့်၊ ကိုးဂုဏ်ပွင့်၍၊ လေးဆင့်ဗဟိဒ္ဓိ၊ ရှိန်းရှိန်း ညိသား၊ မြတ်ဘုရား၏၊ တည်ထားသာသနာ၊ ငါးထောင်သာဝယ်၊ မြင့်ကြာရှည်စေ၊ ပန္နက်ချွေ၍၊ ထုထွေမှံလစ်၊ သက္ကရာဇ်လေးဆယ်၊ ပြည့်ကြွယ်မလွန်၊ အမွန်ကဲလှိုင်၊ ရခိုင်ပြည် ဓည၀တီ၊ သာစည်ပြန့်မှီး၊ တိုင်းပြည်ကြီး၌၊ သိမ်းပိုက်အ၀င်၊ မည်တွင်ရန်နှိပ်၊ အင်္ဂလိပ်မင်း၊ ထပ်လျဉ်းမသွေု၊ ပြုပြင်ပေသော၊ စစ်တွေမြို့ဝင်ပါ၊ မောလိပ်ဆိုသည့်၊ ဈေးဟောင်းရွာ ၌၊ မွေးပိုက်မှန်စွာ၊ သဒ္ဓာသီလ၊ သုတစာဂ၊ ပညာဟီရိသြတ္တပ္ပါ၊ စွန့်နှစ်ဖြာမှံလှ၊ မြတ်ဓမ္မကို၊ နိစ္စမသွေ၊ စောင့် စွဲနေသော၊ ဇရပ်တကာ၊ သဒ္ဓါပြည့်ဆောင်၊ မောင်ချင်းတောင်သည်၊ လူ့ဘုံဘ၀၊ စုတိကျ၍၊ ကြင်စဇနီး၊ ရှုမငြီးသည့်၊ မယားကြီး ကျော့မှူး၊ မမြတ်ဦးက၊ ကြည်နူးလှပါ၊ စေတနာနှင့်၊ နောင်ဝံသရာ၊ ကျိုးများစွာကို၊ တည်ပါရစ်စေ၊ ဇောစိတ်ချွေ၍၊ သေသူကိုယ်စား၊ ဖြစ်စေသားဟု၊ ဓိဌာန်ပြုသည်၊ နောင်သုံးလူထွေ၊ သမ္ဗုဒ္ဓေ၏၊ ရွှေကိုယ်တော်စား၊ ရုပ်ပွားတော်စစ်၊ ဦးရာဇ်တောင်ပေါ်၊ စေတီတော်မြတ်၊ သုံးလူနတ်ကို၊ နောင် မှတ်အဓွန့်၊ ရှည်စေညွန့်သာ၊ စိတ်ဝယ်ထား၍၊ ရွှေသားမွမ်းမံ၊ ထပ်ရံစုဆောင်း၊ သပြာပေါင်းရေ၊ ကုန်လေအကြောင်း၊ သောင်းငါးထောင်ကျော်ကုန်၊ လှူတုံခမ်းနား၊စွန့်ကြဲပြန့်ပွား၊ အကျိုးအားကြောင်း ၊ ပြောင်းသွားဘ၀၊ စုတိကျသည်၊ မောင်လှသက်ဝေ၊ ရွှေပြည်နိဗ္ဗာန်၊ သာထူးလွန်သည်၊ ပြည့်မွန်မှန်စွာ၊ နိဗ္ဗုတာသို့၊ ရောက်ပါစေကြောင်း၊ ဇောကောင်းမှန်စွာ၊ လှူတန်းရာသား၊ အကျိုးအားကြောင့်၊ လေးဝအပ္ပါယ်၊ သုံးသွယ်သောကပ်၊ ငါးရပ်ရန်သူ၊ မပြုဝှန်ရှောင်း၊ သူတော်ကောင်းတို့၊ အလောင်းတကာ၊ တောင်ဘုံရာ သား၊ ရေမြေသနင်း၊ မင်းဧကရာဇ်မှစ၍၊ တောင်ယာစံဒေ၀ီ၊ ဧသနီ၊ ကေတညီ၊ ရွှေတညီ၊ ကြင်ဒေ၀ီ မိဖုရား၊ သားတော်၊ သမီးတော်၊ ဆွေတော်၊ မျိုးတော်၊ မှူးတော်မတ်ရာ၊ သေနာပတိ၊ စရှိများစွာ၊ ဆရာသမား၊ ဆွေဝါး မိတ၊ ညာတမိတ်ဆွေ၊ အိမ်နေသားချင်း၊ မယွင်းမှန်စွာ၊ ဝေဏေယျ သတ္တ၀ါတို့အား၊ ရညားပါစေ၊ အမျှဝေ၏၊ ၀သုနြေ္ဒ၊ ဤမြေနတ်သား၊ တည်ပန်ကြားသည်၊ အများ သာဓု၊ သာဓုခေါ်စေသောဝ်။ ယခုအကျွန်ုပ်၊ အားထုတ်စိုက်မှု၊ ကြည်ဖြူ သဒ္ဓါ၊ စေတနာကြောင့်၊ ဥစ္စာရွှေငွေ၊ ဆန်ရေစပါး၊ ကျွဲနွားမြင်းဆင်၊ လိုချင် ခပ်သိမ်း၊ မရိမ်းမှန်စွာ၊ ပြည့်စုံရာထွေ၊ ၀ဏ္ဏေအဆင်း၊ ကောင်းခြင်းအသံ၊ ခြံရံတသီး၊ သားသမီး နှင့်၊ မညီးပြည့်စုံ လှူတုံခမ်းနား၊ ကြီးမားမြင့်မြတ်၊ ဥဂ္ဂါတ်တိတိတ်၊ စိတ်သန္ဓေ၊ တည်နေ ရစေ၊ တောင်းဆုဝေ၏၊ တထွေထူးလည်၊ နတ်တို့ပြည်ဝယ်၊ လှူဘွယ်ဆန်းပြား၊ ပတ္တမြား စိန်ကျောက်၊ ၀င်းတောက်လျှံသိမ်၊ စွဲအိမ်ရွှေနန်း၊ စံခန်းမွေ့လျော်၊ စည်းစိမ် ပျော်၍၊ လူကျော်နတ်ကောင်း၊ ဖြစ်ရကြောင်းဟု၊ တောင်းဆုပန်ထွာ၊ လှူဒါန်းပါသည်၊ လျှင်စွာပြည့်စုံပါစေသောဝ်။ ။ နိဗ္ဗာန ပစ္စယော ဟောတု။
(ကျောက်စာ၏ မူရင်းစာလုံးတို့သည် မန္တလေးတွင် ရေးထွင်း၍ မြန်မာအသံများ ဖြင့် ရေးထိုးထားသည်)။

    နောက်ထပ်ပြုပြင်သူမှာ မြို့အုပ်ကြီး ဦးဘန်းဦး ခေါင်းဆောင်၍ ဦးရာဇ်တောင် မြို့နယ်တစ်ခုလုံး ရပ်ရွာများ ပါဝင်သော ဂေါပကအဖွဲ့ကို ဖွဲ့စည်းလျက် လုပ်ဆောင်ခဲ့ကြသည်။ ၎င်းနောက် ဂေါပကအဆင့်ဆင့် ဖွဲ့စည်း လာခဲ့ရာ ဥက္ကဋ္ဌ ဦးရွှေသာဦးနှင့် ဦးမောင်ထွန်းဖြူတို့ ဦးဆောင်သော ဂေါပကအဖွဲ့က တန်ဆောင်းဇရပ်တို့ ကို ပြုပြင်ခြင်းများကို ဆောင်ရွက်ခဲ့သည်။ ထီးတော်ကစ၍ သပိတ်မှောက်တိုင်အောင် ရွှေဆိုင်းကပ် လှူတော်မူခြင်းကိုလည်း ဆောင်ရွက်ခဲ့သည်။ဦးရာဇ်တောင်ဘုရားကြီးသမိုင်းကို မြောက်ဦးမြို့ သမိုင်း ဆရာကြီး ဦးဦးသာထွန်းအား ပြုစုပေးရန် တောင်းဆို၍ (ဦးရာဇ်တောင်ဘုရားကြီးသမိုင်း) ကို ၁၃၁၃ခု၊ တန်ခူးလ၊ ရခိုင်ပြည် စာပုံနှိပ်တိုက်တွင် ရိုက်နှိပ်ထုတ်ဝေခဲ့သည်။ ယင်းအချိန်မှစ၍ ဂေါပကလူကြီး အဆက် ဆက်တို့သည် ယနေ့ထိ ပြုပြင်ပူဇော်နေကြဆဲဖြစ်သည်။ ဤဆောင်းပါး၌ အစပျိုးခဲ့သည့်အတိုင်း မည်သည့် ခုနှစ်၊ သက္ကရာဇ်တွင် မည်သည့်မင်း၊ မည်သည့်ဒါယကာတို့က စတင်တည်ဆောက်၍ အဆက်ဆက်ပြုပြင် လာခဲ့ကြောင်း အကျွန်သိသ၍ တင်ပြရပါသည်။

(သမိုင်းမူကွဲများ ရှိနေသည်ကိုလည်း ညှိုနှိုင်းကြပါရန် တောင်းပန်ပါသည်။)

ဦးဦးသာထွန်း
ရခိုင်မြန်မာပဏ္ဍိတ်
မြောက်ဦးမြို့


ကိုးကားသည့်ကျမ်းများ

၁။ ရခိုင်မဟာရာဇ၀င်တော်ကြီး (ပေမူ)
၂။ ၀င်သုံးဆယ်ကျမ်း (ပေမူ)
၃။ မင်းဖလောင်းဓာတ်စဉ်သမိုင်းကျမ်း (ပေမူ)
၎။ ငမေရာဇ၀င်(ပေမူ)
၅။ ရခိုင်မဟာရာဇ၀င်တော်ကြီး ၊ ဦးသာထွန်းအောင် (ပုံနှိပ်မူ)
၆။ ရခိုင်ရာဇ၀င်သစ်၊ ရမ်းဗြဲတောင်ကျောင်းဆရာတော် (ပုံနှိပ်မူ)
၇။ မြောက်ဦးမြို့ ဦးဦးသာထွန်း၏ ဘုရားသမိုင်းနှင့် ဦးရာဇ်တောင်သမိုင်း (ပုံနှိပ်မူ)
၈။ ရခိုင်ပြည်သမိုင်း၊ ဒေါက်တာဖောချန်မာ (ပုံနှိပ်မူ-အင်္ဂလိပ်)
၉။ ရခိုင်ပြည်နယ်ဖြစ်စဉ်သမိုင်း၊ (ရခိုင်ပြည်နယ် ပြည်သူ့ကောင်စီထုတ်-ပုံနှိပ်မူ)

 
Arakan folks ဘလော့မှ