ရခိုင်တိုင်းတွင် ဓည၀တီ၊ မေဃ၀တီ၊ ရမ္မာဝတီ၊ ဒွါရာဝတီဟူ၍ “၀တီ” လေးရပ်
ထင်ရှားသည်။ ဓည၀တီသည် ရခိုင်မြို့ခေါ် မြောက်ဦးမြို့ကို ဆိုလိုသည်။
မေဃ၀တီသည် မာန်အောင်မြို့ကို ခေါ်သည်။ ရမ္မာဝတီဟူသည် ရမ်းဗြဲမြို့ ဖြစ်သည်။
ဒွါရာဝတီကား သံတွဲမြို့တည်း။
သံတွဲမြို့ကို ဒွါရာဝတီမြို့ဟု အသိအမှတ်ပြုကြသည်။ ပြောစမှတ်ရှိကြသည်။ ယခုသံတွဲမြို့ဟုခေါ်သော ရှေးက ဒွါရာဝတီမြို့သည် အာကာပျံဝဲခဲ့သည်။ အာကာပျံဒွါရာဝတီမြို့ကို သံဖြင့်တွဲခြင်းခံရသဖြင့် သံတွဲမြို့ခေါ်လာ သည်။ နိပါတ်လာဇာတကတွင် အရင်းခံနေသည်။ ဒသနိပါတ်၊ ဃဋပဏ္ဍိတဇာတ်တွင် ဤသို့ပါရှိသည်။
နိပါတ်ဇာတက
တစ်ကျိပ်သော မင်းညီနောင်တို့သည် ဇမ္ဗူဒိပ်ကျွန်း အလုံး၌ရှိသော မင်းအဖြစ်ကိုယူကုန်အံ့ဟု မြို့မှထွက်၍ အစဉ်သဖြင့် ကာဠယောနကမည်သော မင်း၏နေရာဖြစ်သော အယုဇ္ဈမြို့သို့ရောက်လျှင် ထိုအယုဇ္ဈပြည်ကို မိမိတို့လက်သို့ ရောက်လေကုန်၏။ ထိုဒွါရာဝတီမြို့၏ တစ်မျက်နှာမှာကား သမုဒ္ဒရာ၊ တစ်မျက်နှာမှာ ကား တောင် ရှိ၏။ ထိုဒွါရာဝတီမြို့ကို ဘီလူးတို့သိမ်းဆည်းအပ်သည်ဖြစ်၍၊ ထိုမြို့ကိုစောင့်ရှောက်သော ဘီလူးသည် ရန်သူတို့ကိုမြင်၍ မြည်းအသွင်ဖြင့် မြည်လျှင် ထိုမြည်သောခဏ၌ ဘီလူးတို့ အာနုဘော်ဖြင့် မြို့အလုံးအရင်းသည်ကောင်းကင်သို့ ပျံတက်၍၊ မဟာသမုဒ္ဒရာဝယ် ကျွန်းငယ်တစ်စု၌တည်၏။ ရန်သူတို့ သွားကုန်သည်ရှိသော်၊ တဖန်ပြန်လတ်၍ မိမိနေရာ၌သာလျှင် တည်၏။ ထိုမင်းညီနောင်တကျိပ်တို့ ရောက် လာသောအခါ၌လည်း၊ မြည်းယောင်ဆောင်သော ဘီလူးတို့သည် ထိုမင်းညီနောင်တကျိပ်တို့၏ လာခြင်းကို သိ၍ မြည်း၏မြည်ခြင်းကို မြည်၏။ ထိုမြို့သည် ကောင်းကင်သို့ပျံတက်၍ သမုဒ္ဒရာကျွန်းငယ်၌ တည်၏။ ထိုမင်းညီနောင်တကျိပ်တို့သည် မြို့ကိုမမြင်ကုန်၍ ပြန်ကုန်သည်ရှိသော်၊တဖန်လာပြန်၍ မိမိနေရာအရပ်၌ တည်၏။ ထိုမင်းညီနောင်တကျိပ်တို့သည် ဒွါရာဝတီမြို့၌ မင်းအဖြစ်ကို ယူခြင်းငှာ မတတ်နိုင်သည်ရှိသော်၊ တဏှာဒီပါယနအမည်ရှိသော ရသေ့အထံသို့သွားပြီးလျှင် ရှိခိုးကုန်၍ “အရှင်ဘုရား၊ အကျွန်ုပ်တို့သည် ဒွါရာဝတီမြို့၌ မင်းအဖြစ်ကိုယူခြင်းငှာ မတတ်နိုင်ပါကုန်။ အကျွန်ုပ်တို့အား တစ်ခုသောအကြောင်းကို ပြတော် မူပါကုန်လော့” ဟု မေး၍“ကျုံးပြင်အရပ်၌ တစ်ခုသောမြည်းသည် ရှိ၏။ ထိုမြည်းသည် ရန်သူတို့လာ သည်ကိုမြင်၍ မြည်း၏အသံကို မြည်သော ခဏ၌ မြို့သည်ပျံ၍ သွား၏။ သင်တို့သည် ထိုမြည်း၏ခြေတို့ကို ကိုင်လေကုန်။ ဤသည်လျှင် သင်တို့၏ အလိုကြီးခြင်း၏အကြောင်းတည်း” ဟုဆိုသည်ရှိသော်၊ ထိုမင်း ညီနောင်တကျိပ်တို့သည် ရှင်ရသေ့ကို ရှိခိုးပြီးလျှင် သွားလေ၍၊ တကျိပ်သော မင်းညီနောင်တို့သည်ပင် လျှင် မြည်း၏ခြေကိုကိုင်ပြီးလျှင် “အရှင့်ကိုထား၍ အရှင်မှတပါးသောသူသည် ကိုးကွယ်ရာမရှိပါ။ ငါတို့မြို့ကို သိမ်းယူသောအခါ၌ မမြည်ပါလင့်” ဟု တောင်းပန်ကုန်၏။ မြည်းသည် “ငါသည်မမြည်ဘဲ နေခြင်းငှာ မတတ်ကောင်း၊ သင်မင်းသားတို့သည်ကား ရှေးဦးစွာ လာလတ်ကုန်၍ လေးယောက်ကုန်သောသူတို့သည် ကြီးစွာသော သံချောင်းတို့ကိုယူ၍၊ မြို့တံခါးလေးမျက်နှာတို့၌ ကြီးစွာသော သံတံသင်းတို့ကိုမြေ၌ စိုက်၍ မြို့၏ပျံအံ့သောကာလ၌ သံချောင်းတို့ကို ကိုင်၍ သံချောင်း၌ဖွဲ့အပ်သော သံကွင်းကို သံတံ သင်း၌ စွပ်လေ ကုန်။ မြိုသည် ပျံတက်ခြင်းငှာ မတတ်နိုင်လတံ္တ့” ဟုဆို၏။
ထိုမင်းညီနောင်တကျိပ်တို့သည် ကောင်းပြီဟုဆို၍ ထိုနေ့ည သန်းခေါင်ယံ၌ ၀င်လျက်သံချောင်းတို့ကိုယူ၍ မြို့တံခါးလေးမျက်နှာတို့၌ သံတံသင်းတို့ကို မြေ၌စိုက်၍ တည်ကုန်၏။ ထိုခဏတွင် မြည်းသည်မြည်၏။ မြို့သည် ပျံခြင်းငှာ အားထုတ်၏။ တံခါးလေးမျက်နှာတို့၌ တည်ကုန်သော မင်းသားတို့သည် လေး ခုသော သံချောင်းတို့ဖြင့် ကိုင်ကုန်၍၊ သံချောင်း၌ ဖွဲ့အပ်သောသံကွင်းတို့ကို သံတံသင်းတို့၌ ဖွဲ့ကြကုန်၏။ မြိုသည် ပျံတက်ခြင်းငှာ မတတ်နိုင်။ မင်းညီနောင်တကျိပ်တို့သည် ထိုနောက်မှမြို့သို့ ၀င်ပြီးလျှင် မင်းကိုသတ်၍ ဒွါရာဝတီပြည်ကို ယူကုန်၏။
ဤသံတွဲမြို့ဇာတ်ကြောင်းသည် နောက်ပိုင်းပြောဆိုလာကြရာတွင် အပိုအလွန်အရောအနှော၊ အထွေးအ ယှက်များ ရှိလာခဲ့သည်။ ဇာတ်ကြောင်းများလည်း လွဲချော်၍ ပြောလာကြသည်။ ရာဇ၀င်များတွင်ပင် ဤသို့ဖြစ်တတ်ကြောင်းကို ရမ်းဗြဲတောင်ကျောင်းဆရာတော်သည် ရခိုင်ရာဇ၀င်သစ်ကို ပြုစုရေးသားရာတွင် ဆရာငမည်းရာဇ၀င်၊ ထိုရာဇ၀င်ကို မှီ၍ ရေးသောအချို့သော ရာဇ၀င်သစ်တို့၌ကား၊ အပိုအလွန်များစွာ ပါလေသည်။ ဇာတ်လာစကားနှင့်မညီလေ” (၁၈၇)ဟူ၍၎င်းင်း။ “အချို့ရာဇ၀င်သစ်၌လည်း စီစစ်ခြင်းမပြု၊ ဇာတ်ဝတ္ထုစကားပြင်ထက်၊ ချဲ့ထွင်ကာရေးသား၍ အများကြီးပါလေသည်။ ပညာဖြင့် ဆင်ခြင်၍ ဇာတ်တွင်လာ စကားကိုသာ မှတ်သားနှလုံးမူရမည်” (၂၀၀) ဟူ၍၎င်း စကားချပ်၍မှာကြားထားသည်။ သို့သော် သံတွဲမြို့သည် မိုးပျံဒွါရာဝတီဖြစ်သည်ဟူသော အယုံအကြည်ကိုကား အညီအညွတ် လက်ခံ သဘောတူကြသည်။
ဒွါရာဝတီ
ဒွါရာဝတီသည် မဇ္ဈိမဒေသရှိ အိန္ဒိယဒွါရာဝတီနှင့် သံတွဲမြို့ခေါ်သော၊ ရခိုင်ဒွါရာဝတီဟူ၍ နှစ်မြို့ရှိနေသည်။ အင်္ကုရပေတ၀တ္ထုတွင် အင်္ကုရမင်းသားသည် ဒွါရာဝတီပြည်မှ ကမ္ဗောဇပြည်သို့ လှည်းတစ်ထောင်ဖြင့် ကုန်သွယ်သွားကြောင်း၊ အပြန်တွင် ဒွါရာဝတီ၌ အလှူကြီးပေးကြောင်း ပါသည်။
ဤအကြောင်းကိုထောက်၍ အိန္ဒိယကြေးမုံကျမ်းကြီးကို စီစဉ်ရေးသားရာတွင် ဆရာတော်ဦးကိတ္တိသည် “ဒသနိပါတ်ဃဋပဏ္ဍိတဇာတ်၌ ၀ါသုဒေ၀မင်းသားတကျိပ်တို့ နေရာဒွါရာဝတီမြို့သည် တဖက်က သမုဒ္ဒရာ၊ တစ်ဖက်က တောင်ရှိကြောင်းကို ဆိုလိုတော်မူသည်”” ဟု အိန္ဒိယ ဒွါရာဝတီမြို့ကို ညွှန်ပြသည်။ ထိုနောက် ““ဤအခါသမယမှာလည်း ဒွါရကမြို့ (ဒွါရာဝတီ)သည် တောင်တဖက် သမုဒ္ဒရာတစ်ဖက်၌ ရှိ၏။ မြို့နား၌ လည်း ရိုးမတီးခေါ်သော မြစ်ငယ်လည်းတစ်ခုရှိ၏။ သေးငယ်သော မြို့ပင်ဖြစ်ငြားသော် ကမ္ဘာပေါ်မှာ ထင်ပေါ် လျက် ရှိနေ၏။”” ဟု အိန္ဒိယဒွါရာဝတီကို ““အိန္ဒိယကြေးမုံကျမ်းကြီး”” (စာမျက်နှာ ၁၁၈-၁၂၀)တွင် ခရီးစဉ်နှင့်ညွှန်ကြားရေးသားထားသည်။
အိန္ဒိယတွင် ဒွါရာဝတီမြို့သည် အထင်အရှားရှိသည်။ ရခိုင်ပြည်တွင်လည်း ၀တီလေးရပ်အပါအ၀င် ဒွါရာဝတီ မြို့သည် အထင်အရှားရှိနေသည်။ ထိုအကြောင်းကို ““ဒွါရာဝတီမြို့ကို သံဖြင့်တွဲ၍ ယူအပ်လေသည်ကို အကြောင်းပြု၍ သံတွဲမြို့ဟု တွင်ပေကြောင်း၊ ဤသံတွဲမြို့ဟူသည်လည်း အခြားတပါးပြည် မဟုတ် ““ငါတို့ ရခိုင်လေးမြို့အ၀င် ဒွါရာဝတီသံတွဲမြို့ ဖြစ်ကြောင်းစသည်တို့ဖြင့် ရာဇ၀င်မှတ်စု၊ ရတုမော်ကွန်း အခန်းခန်းတို့ တွင် စီစဉ်ရေးသားမှာ ထားမိန့်ဆိုကြလေသည်”” ဟု ရမ်းဗြဲတောင်ကျောင်း ဆရာတော်သည် ရခိုင် ရာဇ၀င်သစ်တတိယတွဲ စာမျက်နှာ ၁၀၀ တွင် ရေးခဲ့သည်။ တဖန်““ဒွါရာဝတီပြည်ဟူသည့် အိန္ဒိယပြည်ကြီး ၏ မြောက်ပိုင်းတွင်သာ ရှိသည်ဟု ဆိုသင့်သည်။ ယင်းသို့ယူသင့်သော်လည်း ရှေးပဝေဏီက စီစဉ်ရေးသား မှာထားစီရင်သော ရာဇ၀င်ဝတ္ထုရတုမော်ကွန်း အခန်းခန်းတို့၌ ဒွါရာဝတီဟူသည် ငါတို့ရခိုင်လေးမြို့အ၀င် သံတွဲမြို့ပင်ဖြစ်ကြောင်းနှင့် ဆိုသောကြောင့် ထိုရာဇ၀င်စကားတို့ကို ထောက်ထားရှုမျှော်၍ သင့်လျော် ရာ ရေးပြလိုက်ပေဦးအံ့”” ဟု ဆက်လက်မိန့်ကြားသည်။
““အန္တရကပ်တစ်ဆယ့်တစ်ကပ်မြောက် အဦး၌ တင်မြှောက်အပ်သော မဟာသမ္မတမင်းမှစ၍ ၀ရမန္ဓါတုမင်းဖြစ်တော်မူသောအခါ ထိုမင်း၏သားတော်သည် ဂဇါပတိ၊ အဿါပတိ၊ နရာပတိ၊ ၀ဏ္ဏပညာဟူ၍ ၄ယောက်ရှိကြောင်း။ ထို၎-ယောက်တို့တွင် ဂဇာပတိသားတော်အား ဇမ္ဗူဒိပ်ကျွန်း ၏ မြောက်ပိုင်းကို၊ အဿာပတိအား ဇမ္ဗူဒိပ်ကျွန်း၏ တောင်ပိုင်းကို၊ နရပတိအား ဇမ္ဗူဒိပ်ကျွန်းအရှေ့ပိုင်း ကို ပေးအပ်တော်မူကြောင်း အငယ်ဆုံးဝဏ္ဏပညာကို မေးတော်မူရာ မိမိကပေးရာကို လိုပါသည်လျှောက် သဖြင့် ကံမြင့်ရာဇာတွင်ပေကြောင်း၊ ၎င်းကံမြင့်ရာဇာအား ဂ၀ံပတိ၊ ပရမီသွာ နတ်မင်းတို့ ဖန်ဆင်း တည်ထောင်၍ ပေးအပ်သော ငါတို့ရမ္မာဝတီပြည်၊ ဒွါရာဝတီပြည်၊ မေဃ၀တီပြည်၊ ဓည၀တီပြည်တို့ဖြင့် ထွန်းပေါ်ပေါက်လေကြောင်းနှင့် ဆိုလေသည်။ ယင်းသို့ဆိုအပ်သော စကားများကိုလည်း ထောက်ထား၍ ဆင်ခြင်ယူရမည်။ ဤသို့ရေးသားပြဆိုအပ်သော ရာဇ၀င်စကားတို့သည် တင်စားသည်ပင်ဖြစ်စေ၊ စင်စစ်မှာမူ ၀ါသုဒေ၀စသော မင်းညီနောင်တကျိပ်တို့ မလာမရောက်မီကပင် ဒွါရာဝတီ၊ ဝေသာလီ စသော ငါတို့ရခိုင်ပြည် မဟာဝိမိကတိုင်း၌ ရှေးရှေးသော မဟာသမ္မတမင်းတို့၏ အဆက်အနွယ်ဖြစ်သော မင်းများတို့ ပြုစုတည်ထောင် မင်းမူဘူးကြသော တိုင်းပြည်ဟူ၍ကာ၊ မှတ်သားသင့်ပေကြောင်း”” ဟူ၍လည်း ထောက်ခံရေးသားထားသည်။
ရခိုင်ရှေးဟောင်းသမိုင်းစာတမ်း လက်ရေးရာဇ၀င် မူတစ်ခု၌လည်း ဒွါရာဝတီသံတွဲမြို့အကြောင်းကို ဤသို့ ရေးသားပါရှိသည်။
ဒွါရာဝတီအကြောင်း
မဟာသုန္ဓရေတွင် မြင်သောသားကား ဘုန်းတန်ခိုး အလွန်ကြီး၊ မဟေသူရာနတ်မင်း၏သမီး သုဝဏ္ဏပဘာနှင့် အိမ်ထောင်သင့်ရာဝယ် သမုတ္တိဒေ၀မင်းသားကို မြင်၏။ ၎င်းလည်း ပါရမီသွာရာနတ်၏ သမီးသုဂန္ဓကလျာနှင့် အိမ်ရာသင့်၏။ မဟေသူရာနတ်သမီးနှင့် ပါရမီသွာနတ်သမီး နှစ်ပါးသည် ညီကြ၍ သားမြေးတို့ကို တည်ထောင်၍ နေစေသော အရာကိုရှာကြရစေဟူ၍ ရှာကြည့်လတ်သော် လူ့ပြည် နတ်ပြည်နှင့် အလွန်နီးသောကြောင့် လူနှင့်နတ်တို့ ရောယှက်သဖြင့် အိမ်ရာတည်ထောင်ထိုက်သော ရသေ့မုနိအလောင်းတော်တို့ကား ဘုရားအဆက်ဆက် ပါရမီပြည့်လတံ့သောအရာ သာသနာတော်လည်း အဆက်ဆက်တည်ရာဖြစ်သော နတ်၏ရတု၊ လူ၏ရတု၊ နတ်တို့၏ပျော်ဘွယ်၊ လူတို့၏ပျော်ဘွယ်၊ နတ်တို့၏ ခဲဘွယ်တို့နှင့် အလွန်ပြည့်စုံသော ရမ္မ၀တီဟူသော ရွှေပြည်မြတ်ကို မြင်လေလျှင် ဤပြည်တွင်သာ ငါတို့ သားမြေးတို့သည် တည်ထောင်အံ့သောအရာကောင်း၏ ဟူ၍ မဟေသူရာနတ်ကား အနောက်ပိဿနိုး နတ်ကားတောင်၊ ကာဠနတ်ကား မြောက်၊ သိကြား အရှေ့၊ ဗြဟ္မာ အလယ် နေကြပြီးသော် ငါးရာ့ ငါးစင်းမြစ်တို့ဝယ် တစင်းအကျုံးဝင်သော ငါးဆယ့်ငါးဖြာအတက်နှင့် ပြည့်စုံသော သတ္တ၀ါတို့၏အလိုကို မဏိဇောတိရသပတ္တမြားကဲ့သို့ ရတနာမျိုးတို့ဖြင့် အလိုခပ်သိမ်းကို ဖြည့်သော ကစ္ဆပနဒီဟူသောမြစ်ကြီးကို အလယ်ထားပြီးသော်၊ တာဝတိံသာနှင့် တုသီတာနှစ်ပါးသည် စပ်ထားဘိသကဲ့သို့ ပြုရကုန်ပြီးမှ လူ့ဘုံ-နတ်ဘုံဝယ် ပျော်မြူးဘွယ်သောအရာတို့ကို ပြုကြပြီးလျှင်၊ မြို့ကြီးလေးမြို့၊ မြို့ငယ်တစ်ရာ့ကိုးဆယ့် ရှစ်မြို့၊ ပြင်ရံမြို့ပေါင်း လေးထောင်၊ အထူးထူးသော ခဲဘွယ်-စားဘွယ်တို့သည် ရတုအလိုက်ဖြစ်ထွန်းသော နတ်ဥယျာဉ်၊ ရေတွင်း၊ ရေကန်၊ အင်းယောင်း၊ အင်းဝန်း၊ အိုင်ချောင်း၊ မြောင်းအပြည့်အမွန်အနှံ့အစပ် စီရင်ပြီးသော်၊ ဆန်းကြယ်စွာသော ကေလာသပတောင်တွင် မြင့်မိုရ်တောင်ထွတ်နှစ်ပါးကို တုစပ်ပြန်ရ သကဲ့သို့ တံတားစင်္ကာ၊ စောင်းတန်း၊ လှေကား၊ ၀န်း၊ တံတိုင်း၊ ရင်တား၊ ဗိမာန်၊ နန်း၊ ပြဿဒ်၊ စရပ်၊ မဏ္ဍပ် ၊ ကန္နား၊ တံခါးကြီး၊ တံခါးငယ်၊ ကျုံး၊ တန်ဆောင်း၊ ပစ္စင်ရင်တား၊ ပြအိုးစသော မြို့အင်္ဂါတို့ကို အစုံစီရင် လျက် ရှေးဦးစွာ ဒွါရာဝတီရွှေမြို့ပျံကို တည်၏။
သံတွဲအကြောင်း
ထိုအခါဝယ် မင်းသားညီနောင်တကျိပ်တို့သည် ဒွါရာဝတီရွှေမြို့ပျံကို ဆင်ခေါင်းအရပ်ကနေ၍ စစ်ကပ်လာ၏။ ဆင်ခေါင်းဟူသည်ကား ဂေါတမအလောင်းတော်သည် ဆင်တဇာစ်ဖြစ်၍၊ ခန္ဓာရွေ့လျောပြီးလျှင် ထိုအရပ်ကို ဆင်ခေါင်းဟု တွင်၏။ ၀ါသုဒေ၀မင်း၏ ပြဿဒ်တပင်တိုင်ကို မသွားသာ၍ လူရှစ်သောင်းတို့ တူးပေါက်သည် ကို “စလထုံပေါက်” ဟု တွင်၏။ ထိုဒွါရာဝတီမြို့ပျံကို မင်းညီနောင်တကျိပ်တို့ အကြိမ်ကြိမ်တိုက်ခိုက်သော် လည်း၊ မြစ်တစ်ဖက်၊ တောင်တဖက်ခံနေသောကြောင့် လူပြောဟောသံ ဆင်၊ မြင်းတို့ မြည်သောအသံတို့ သည် ကောင်းကင်သမုဒ္ဒရာကသာကြား၍ တိုက်၍မရနိုင်လျှင် ထိုမြို့၏ အရှေ့ဘက်၌ သီတင်းသုံး၍နေသော နတ်မျက်စိကိုအစိုးရသော ကဏှာဒီပါယနရသေ့ထံသို့ တမန်စေလွှတ်၍ စုံစမ်းလေသော်၊ ကဏှဒီပါယန ရသေ့လည်း ဤမြို့ကိုစောင့်နေသော “ဘီလူးမ ပြည့်ဝ” သည် မြင်းအရုပ်ယောင်ဆောင်၍ မြို့ကိုလက်ျာရစ် လှည့်၍ မြည်ပြီးလျှင် ကောင်းကင်ထက်သို့ ပျံဝဲ၍တက်ပြီး မှ ပန်းဆိုင်းဆွဲသကဲ့သို့ နေ၏။ ထို့ကြောင့် ဤမြို့ သည် ကောင်းကင်သမုဒ္ဒရာ၌သာ အသံကို ကြားရသည်ဖြစ်သောကြောင့်၊ မြို့ပျံဟူ၍ ခေါ်ကြကုန်၏။ ဤမြို့ကို ရလိုသော် ဘီလူးမ ပြည့်ဝကို နွားနို့၊ ထောပတ်အချိုအရသာပေး၍ တောင်းပန်ပြီးမှ ဤမြို့ကို အလယ်ချက်၌ သံတင်းပုတ်ရိုက်၍ ဦးခေါင်း-ခြေလက်တို့ကို တူးဖြတ်လေက ဤမြို့သည် မပျံနိုင်လတံ္တဟု ကဏှဒီပါယန ရသေ့က သင်တို့သခင်ကို ပြောလေဟု မှာလိုက်သည်ကို “ပြောလီကျွန်း” ဟု တွင်၏။
ထိုရသေ့ဆိုလိုက်သည့်အတိုင်းလျှင် မြို့၏လည်ပင်း စသည်တို့ကို ဖြတ်လှီးပြီးသော် တပါးသောအရပ်၌ တံသင်းပုတ်နှက်၍ ထိုမြို့ကို သံကြိုးဖြင့်တွဲ၍ တိုက်လေလျှင် မပျံနိုင်သည်ဖြစ်၍ မင်းနှင့်တကွ မြို့ကို ရလေ၏။ သံနှင့် တွဲရသောအစဉ်အားဖြင့် “သံတွဲ” ဟူ၍တွင်၏။ အရပ်လေးမျက်နှာကို ထွက်ဝင်သွား လာနိုင်သောကြောင့် “ဒွါရာဝတီ” ဟု ရှေးကအမည် တွင်၏။
ဤသမိုင်းစကားမှာလည်း ဒွါရာဝတီမြို့သည် ရခိုင်သံတွဲမြို့ဖြစ်ကြောင်း ရှေးအယူအဆကို ထောက်ခံညွှန်ပြ ထားသည်။
အင်းဝနရပတိကြီး (၈၀၄-၈၃၀)နှင့် မင်းပြိုင်အုပ်စိုးသော မြောက်ဦးဒုတိယမင်းအလီခင် (၇၉၅-၈၂၀)သိမ်း ယူသော သံတွဲဘုရင်မ “စောယင်မိ”သည် အလီခင်ထံ သံတွဲမြို့ဘွဲ့အဖြည့်ခံ ရတုနှစ်ပိုဒ် ဆက်သည်။ ဒုတိယ အပိုဒ်တွင် သံတွဲမြို့သမိုင်းပါရှိသည်။
“မောင်တို့နေရာ၊ ရွှေပြည်သာသို့၊ လိုက်ပါဟူလည်း၊ မတူရာလော၊ မသိမောခဲ့၊ မင်းစောဒသ၊ ဘာတိကတို့၊ ဒီပဇမ္ဗု၊ လုံးလုံးချူ၍၊ ခွန်ယူသိမ်းမြန်း၊ ထီးနန်းတည်ရာ၊ မယ်တို့ရွာလည်း၊ ဒွါရာဝတီ၊ သိင်္ဂီရောင်လျှံ၊ မြိုရှင်ပျံဝယ်၊ ပတ်ရံသုံးထောင်၊ သုံးဆူနောင်လည်း၊ ရှုသောင်ရှုသာ၊ အာကာထက်လင်း၊ ဘ၀ဂ်ချင်းမျှ၊ ခပင်းနတ်လူ၊ ကိုးရာမူသား၊ မျိုးတူဇနီး၊ မကြီးဘုန်းသစ်၊ ချစ်လို့သနား၊ နောင်အားမေတ္တာ၊ သက်လိုပါ၍၊ သရဏပွင့်၊ ပန်းသုံးဆင့်ကို၊မောင်နှင့်ဓိဌာန်ပန်ရစေ”
ဤရတုကို ထောက်ထား၍ “မိုးပျံမြိုဒွါရာဝတီသည် ၀ါသုဒေ၀တို့ကြောင့် သံတွဲမြို့တွင်လာကြောင်း” ရခိုင်တို့ အစဉ်အဆက် ယုံကြည်မှတ်သားလာခဲ့သည်ကို အထင်အရှားတွေ့မြင်ရပါသည်။
ရခိုင်ရာဇ၀င်ဆရာတို့ကဲ့သို့ပင် မြန်မာကဗျာဆရာများ၏ အမြင်မှာလည်း သံတွဲမြို့သည်၊ မိုးပျံမြို့ ဒွါရာဝတီဖြစ်ကြောင်း ကောင်းစွာပင်ထောက်ခံကြပါသည်။ ယုံမှတ်ခဲ့ကြပါသည်။
ရတုန၀ဒေးကြီးသည် “ခရီးမြေရှည်” ချီ သံတွဲမြို့ အံတော်ဘုရားတိုင်ရတု၊ ဒုတိယအပိုဒ်တွင် ““မနီး ရွှေပြည် ၊ရန်စို့ ပယ်ချိုး၊ ဖြူရိပ်မိုးသား၊ တန်ခိုးထန်ပြင်း၊ ရခိုင်မင်း””ဟု မိုးပျံမြို့ကို ဖွဲ့ဆိုခဲ့သည်။
လက်ဝဲသုန္ဒရသည် “မြတ်ပန်းဝေဆာ” ချီကျေးစေရတု ဒုတိယအပိုဒ်တွင် “ပတ်သန်းခွေကာ၊ ရှေးသောအခါ က၊ ဗိုလ်ပါဝန်းကျင် မြို့စီရင်သော်၊ ကောင်းကင်တိမ်မိုး၊ ပျံမည်စိုး၍၊ သံကြိုးရစ်ချည်၊ ဆိုင်းဘူးသည်ဟု၊ မြိုစည်သံတွဲ။ ရမ်းဗြဲပြည်ထောင်။ မန်အောင်တဆိုင်၊ ရခိုင်တသင်း၊ လေးပါးမင်း၊--”” ဟု သံဆိုင်းမြို့ကို အထူးဖွဲ့ဆိုထားပုံကို တွေ့ရသည်။
ရွှေတိုက်စိုးဦးတိုးသည် အိမ်ရှေ့မင်းနှင့်အတူ ရခိုင်ပြည်ကို စစ်ချီရသည်။ သူ၏ ရခိုင်ချီရတုများတွင် သံတွဲမြို့ ကို မိုးပျံဒွါရာဝတီအဖြစ်၊ ဖွဲ့ဆိုခဲ့သည်။ “မြမျက်စိန်ဖြာ” ချီရတုတွင် “ရေ၀န်းတောင်ရံ၊ မြို့မိုးပျံ” ဟူ၍ ၎င်း၊ “ဆင်မြင်းခြေသည်” ချီရတုတွင် “တာရာဦးတွင်၊ ကွန့်မြူးမိုးယံ၊ ဖြူးဖြူးပျံသား၊ မြို့သံတွဲမည်၊ ရခိုင်ပြည်” ဟူ၍၎င်း၊ “ယဉ်ကြည်ရစ်သန်း၊ မိုးပျံနန်း” ဟူ၍၎င်း၊ ရောင်လှစ်လျှပ်ဖြာ”ချီရတုတွင် “ပျံနန်းထွက်တည်၊ မင်းနှင့်ပြည်” ဟူ၍၎င်း၊“နေ၀န်းစကြာ” ချီရတုတွင် “ဆယ်ဆူမင်းပြိုင်၊ တန်ခိုးလှိုင်သား၊ မှိုင်းမြိုင်ဝေမို့၊ ဘီလူးမြို့” ဟူ၍၎င်း၊ “နွေကူးရာသီ”ချီရတုတွင် “တန်ခိုးဆန်းကြယ်မြိုမိုးကယ်” ဟူ၍၎င်း၊ “ပြောင်ရွှန်းရှစ်ပြိုင်” ချီရတုတွင် “ဘီလူးစောင့်သည်၊ သို့သည်ပြည်” ဟူ၍၎င်း၊ “ကောင်းကင်ပျော်သည်၊ ဈာန်ရပြည်” ဟူ၍၎င်း ရေးသားပါရှိသည်။
မော်ကွန်းစာဆို န၀ဒေးသည် ရခိုင်မော်ကွန်း ပုဒ်ရေ ၂၉တွင် ““၀ါသုဒေ၀၊ ဒသနညီနောင်၊ မင်းကုံအောင်တို့၊ ပြောင်ပြောင်ဇမ္ဗူလှည့်သိမ်းယူသော်၊ ရှုရှုပင်လယ်၊ ငှက်နှယ်ပျံဝဲမြို့သံတွဲဝယ်၊ ၀ှန်သဲမည်ရူး၊ မြည်းဘီလူးကို၊ ပွဲဦးခင်းလှစ်၊ မင်းချည်းဖြစ်က--”” ဟု ဒွါရာဝတီမြို့ကို မြို့သံတွဲဟူ၍ပင် မော်ကွန်းထိုးခဲ့သည်။
အာသောကရာမတိုက်၊ ရတနဘုံကျော်ကျောင်းတိုက် ကျောက်စာတွင် ““ရခိုင်ဓည၀တီစသော ဒွါရ၀တီ တိမ်ဆီ မိုးယံပျံသည့် မြို့မှသော်လည်း လက်နက်နိုင်ငံဖြစ်၍ ရွှေဘုန်းတော်အား သိကြားစောင်မ ချီးပင့် သဖြင့် ရွှေမြို့တော်သို့ရောက်တော်မူသော”” ဟူ၍ သံတွဲမြို့အကြောင်း ပါရှိသည်။
စိန္တကျော်သူဦးသြသည် လက္ခဏာသတ်ပုံသံပေါက်တွင် ““ဒွါရပူရံ၊ မိုးသို့ပျံသံနှင့်ချိတ်ကာတွဲ”” ဟု စပ်ဆိုခဲ့၏။ ၎င်းကို မြောင်းလှမြို့စားမင်းကြီး သီရိမဟာဇေယျသူသည် က၀ိလက္ခဏာဒီပနီကျမ်းတွင် ပိဏ္ဍတ္ထအ၀ယ၀တ္ထ တို့ဖြင့် ဃဋပဏ္ဍိတဇာတ်သံတွဲမြို့ဝတ္ထုကို ရည်ညွှန်းဖွင့်ပြဖြေဆို ရေးခဲ့သည်။
ကျည်းကန် ကိုယ်ရင်ကြီး ရှင်နန္ဒဓဇသည်လည်း စွယ်စုံကျော်ထင် အမေးပုစ္တာသတ်ပုံများတွင် ““သူ့ရန်သူကြံ၊ မိုးသို့ပျံ၊ နာမံဘယ်မြို့ဘယ်ကြောင့်နည်း” ဟု ဖွဲ့စပ်မေးမြန်းခဲ့ရာ ကျီးသည်းဆရာတော်သည် အဖြေခန်းတွင် ဃဘပဏ္ဍိတဇာတ်ဖြင့် ရခိုင်သံတွဲမြို့ကို ညွှန်ပြရေးသား ဖြေဆိုခဲ့သည်။
မြန်မာပညာရှိများ၏ အမြင်မှာလည်း ရခိုင်အယူအဆနှင့် မကွဲ ““ဒွါရာဝတီ၊ တိမ်ဆီပျံဝဲ၊ မြို့သံတွဲ”” ပင်တည်း။
ဦးတင်မောင်ဌေး

Arakan Folks ဘလော့မှ
0 comments:
Post a Comment