By: ဒေါက်တာမြင့်သိန်း (သမိုင်းသုတေသန)
တိုင်းရင်းသားမဟုတ်သော ရခိုင်အနောက်ဘက်ခြမ်းမှ မူဆလင်များကလည်း တောင်တန်းဒေသ စုံစမ်းရေး အဖွဲ့ခေါင်းဆောင် ဘော်တွမ်လေထံ ပေးစာတစ်စောင်ကို ၂၄ ဖေဖော်ဝါရီ ၁၉၄၇ ရက်စွဲဖြင့် တွေ့ရှိရသည် … စာရွက်၏ ထိပ်စည်းတွင် ဂျမေတူအူလမာ၊ ရခိုင်(အာရကန်) မြောက်ပိုင်း၊ မောင်တောဟု ရေးသားထားသည် . . .
ကိုလိုနီခေတ် ၁၉၃၅ခုနှစ် မြန်မာနိုင်ငံ (စီရင်အုပ်ချုပ်မှု) ဥပဒေအရ ၉၁ ဋ္ဌာန အုပ်ချုပ်ရေးဖြင့် ဗြိတိသျှတို့က ၁၉၃၇ ခုနှစ်တွင် အုပ်ချုပ်ရေး စနစ်သစ်ဖြင့် ပြောင်းလဲ အုပ်ချုပ်ခဲ့သည်။ ထိုအုပ်ချုပ်ရေးတွင် တောင်တန်း ဒေသများနှင့် ပတ်သက်၍ ဇယား(၁)၊ ဇယား(၂) ဧရိယာများ သတ်မှတ်ကာ ပြည်မအုပ်ချုပ်ရေးနှင့် ကွဲပြား ခြားနားသော အုပ်ချုပ်ရေး စနစ်တစ်ခုကိုပါ ဖန်တီးထားခဲ့သည်။ အထူးအုပ်ချုပ်ရေးနှင့် အုပ်ချုပ်ရန် သတ်မှတ် ထားသည့် ဒေသများကို စာရင်းပြုစုထားရာ အပိုင်း(၁) ဇယားဝင် ဒေသများမှာ ပဒေသရာဇ် ရှမ်းပြည်၊ ပဒေသရာဇ် ရှမ်းပြည်တွင် မပါဝင်သော ရှမ်းနယ်များ ဖြစ်ကြသည့် သောင်သွပ်၊ ဆင်ကလိန်ခန္တီးနှင့် ခန္တီလုံ၊ ရခိုင် တောင်တန်း ဒေသများ၊ ချင်းတောင် စီရင်စု၊ မြစ်ကြီးနား၊ ဗန်းမော်နှင့် ကသာစီရင်စုတို့ ပါဝင်သော ကချင် တောင်တန်း ဒေသများ၊ တြိဂံနယ်မြေဟု တွင်သောဒေသ၊ အထက်ချင်းတွင်း စီရင်စု မြောက်ဘက်တွင် ရှိသည့် ဟူးကောင်း တောင်ကြားဒေသ ဟုတွင်သောဒေသ၊ သံလွင်စီရင်စုနှင့် အုပ်ချုပ်မှု မရှိသေးသော ဒေသအားလုံး ပါဝင်သည်။
အပိုင်း(၂) ဇယားဝင် ဒေသများမှာ အပိုင်း(၁) ဇယားတွင် မပါဝင်သည့် မြစ်ကြီးနားနှင့် ဗန်းမော်တို့မှ အစိတ်အပိုင်းများ၊ အထက်ချင်းတွင်းရှိ ဟုမ္မလင်း၊ မော်လိုက်၊ ယခင် တမူးမြို့နယ်ရှိ ကျေးလက်ဒေသများ၊ ကြာအင်းမြို့နယ်၊ ကော့ကရိတ်မြို့နယ်မှ မြ၀တီတိုက်နယ်၊ တောင်ငူ စီရင်စု အရှေ့ဘက်ခြမ်းနှင့် သထုံစီရင်စုရှိ တောင်တန်း ဒေသများ၊ ဖြစ်သည်။ ယေဘုယျအားဖြင့် အပိုင်း(၁) ဒေသများသည် ယခင်က မဖွံ့ဖြိုးသေးသော ဒေသများ ဖြစ်သည်။ အပိုင်း ၂ ဒေသမှာ ဘုရင်ခံအား စိတ်ကြိုက် ကိုယ်စားလှယ်ခန့်အပ်ခွင့် ပြုထားသည့် ဒေသများ ဖြစ်ကြသည်။ တစ်နည်းအားဖြင့် ပြည်မနှင့် တောင်တန်းဒေသများကို သွေးကွဲစေရန် ခွဲခြား အုပ်ချုပ် ထားခြင်းပင် ဖြစ်သည်။ ထိုတောင်တန်းဒေသများကို မည်ကဲ့သို့ အုပ်ချုပ်မည်နှင့် ပတ်သက်၍ တောင်တန်းဒေသ အုပ်ချုပ်ရေး ကြေညာချက်ကို ၁၉၄၆ အောက်တိုဘာ ၂၆ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
ဒုတိယ ကမ္ဘာစစ်အပြီး အမျိုးသားရေး လှုပ်ရှားမှု အရှိန်အဟုန် ပြင်းထန် လာချိန်တွင် လွတ်လပ်ရေး အမြန်ပေးရန် တောင်းဆို လှုပ်ရှားမှုများကို ဖဆပလမှ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ကာ လှုပ်ရှားလာခဲ့သည်။ နေသူရိန် အစည်းအဝေးမှ စတင်ကာ တောင်တန်းဒေသများ အပါအ၀င် လွတ်လပ်သော မြန်မာနိုင်ငံ ထူထောင်နိုင်ရန် တောင်းဆိုမှုများ ပြုလုပ်လာခဲ့ရာ ရွှေတိဂုံ အလယ်ပစ္စယံ အစည်းအဝေးတွင် ပိုမို ပြင်းထန် လာခဲ့ သည်။ ၁၉၄၆ ခုနှစ် နှောင်းပိုင်းကာလတွင် ပြင်းထန်လာသည့် လူထုလှုပ်ရှားမှုများကို ဖြေလျှော့နိုင်ရန် အတွက် ဘုရင်ခံအသစ်ကို အစားထိုးကာ ဖဆပလအဖွဲ့မှ ဗြိတိသျှ အစိုးရ၏ အမှုဆောင်ကောင်စီတွင် ပါဝင်ရေး အတွက် လိုက်လျောမှုများ ပြုလုပ်လာခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဖဆပလ ခေါင်းဆောင်များ အမှုဆောင် ကောင်စီတွင် ပါဝင်လာသော်လည်း လွတ်လပ်ရေး တောင်းဆိုမှုကို အလျှော့ပေးခြင်း မရှိဘဲ ဗြိတိသျှ အစိုးရထံသို့ ၁၉၄၇ ခုနှစ် ဧပြီလထဲတွင် တိုင်းပြည်ပြု လွှတ်တော် ရွေးကောက်ပွဲ ကျင်းပပေးရန်၊ တောင်တန်းဒေသ ကိုယ်စားလှယ်များအား ယင်းတိုင်းပြည်ပြု လွှတ်တော်တွင် ပါဝင်ရန်၊ ၁၉၄၇ ခုနှစ် ဇန်န၀ါရီ ၃၁ရက် မတိုင်မီ လွတ်လပ်ရေး ပေးရန် အချက်များကို တောင်းဆို လိုက်သည်။ ထိုတောင်းဆို ချက်ကြောင့် မြန်မာ နိုင်ငံတွင် တိုင်းပြုပြည်ပြု လွှတ်တော်အတွက် ရွေးကောက်ပွဲကို ၁၉၄၇ ခုနှစ် ဧပြီလထဲတွင် ကျင်းပပေးရန် သဘောတူခဲ့သည်။ ဒီဇင်ဘာ ၂၀ ရက်နေ့တွင် အက်တလီက ဗြိတိသျှ အောက်လွှတ်တော်၌ အချုပ်အခြာ အာဏာပိုင်သော နိုင်ငံ တည်ဆောက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးရန် မြန်မာ ကိုယ်စားလှယ်များကို လက်ခံတွေ့ဆုံမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။
ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းနှင့် အဖွဲ့သည် ဇန်န၀ါရီလ ၉ ရက်နေ့တွင် လန်ဒန်သို့ ရောက်ရှိပြီးနောက် ဇန်န၀ါရီ ၁၃ ရက်နေ့တွင် ဗြိတိသျှ အစိုးရနှင့် စတင်ဆွေးနွေးခဲ့သည်။ ဇန်န၀ါရီ ၂၇ ရက်နေ့တွင် မြန်မာ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်နှင့် ဗြိတိသျှ နန်းရင်းဝန် မစ္စတာအက်တလီတို့သည် အဓိက အချက်ကြီး (၈)ချက် ပါဝင်သော အောင်ဆန်း – အက်တလီ စာချုပ်ကို လက်မှတ်ရေးထိုး နိုင်ခဲ့သည်။
ယင်းစာချုပ်ပါ အရေးအကြီးဆုံး အချက်တစ်ခုမှာ အောင်ဆန်း-အက်တလီစာချုပ် အပိုဒ် ဂ ““တောင်တန်းဒေသများ”” ဟူ သော ခေါင်းစဉ်၌-တောင်တန်းဒေသများနှင့် ၀န်ကြီးဌာန စနစ်ဖြင့် အုပ်ချုပ်သော မြန်မာနိုင်ငံကို ယင်းဒေသများတွင် နေထိုင်သော သူများ၏ လွတ်လပ်သော သဘောတူညီချက်အရ၊ ဆောလျင်စွာ ပေါင်းစည်းရေးမှာ ဗြိတိသျှ အစိုးရနှင့် မြန်မာနိုင်ငံ ကိုယ်စားလှယ်များ၏ နှစ်ဦးနှစ်ဘက် သဘောတူပြီး ဖြစ်သော ရည်ရွယ်ချက် ဖြစ်သည်။ ယင်း ရည်ရွယ်ချက် နှင့်အညီ စပ်ကူးကာလအတွင်း မိမိတို့ လက်ခံနိုင်မည်ဟု ထင်သော မြန်မာနိုင်ငံ အစိုးရနှင့် ပူးပေါင်း တွဲဖက်ပုံနှင့် ပတ်သက်၍ မိမိတို့ ထင်မြင်ချက်များကို ဖော်ထုတ် ပြောဆို နိုင်ရန် နောက်လဆန်းတွင် ကျင်းပမည့် ပင်လုံကွန်ဖရင့် သို့မဟုတ် ဤကိစ္စအတွက် ကျင်းပသော အထူးကွန်ဖရင့်တွင် နယ်ခြားဒေသ ခေါင်းဆောင် ကိုယ်စားလှယ်များကို မေးမြန်းရမည် ဖြစ်ကြောင်း”ဟူသော အပိုဒ် ဖြစ်သည်။
ထိုအခြေအနေ များကြောင့် ၁၉၄၇ ဖေဖော်ဝါရီတွင် တိုင်းရင်းသားတို့ ပင်လုံညီလာခံ ကျင်းပရန် စီစဉ်နေသည့် အချိန်တွင် ဖဆပလက တိုင်းရင်းသားကိစ္စ ဆောင်ရွက်ရန် စီစဉ်လိုက်ခြင်း ဖြစ်သည်။ မကျင်းပမီ သခင်နုနှင့် ကိုခင်မောင်လေးတို့ မြစ်ကြီးနားသို့ သွားကာ ကချင်-မြန်မာ စည်းရုံးရေး ပြုလုပ်ပြီး သဘောတူညီချက် ရယူခဲ့ကြသည်။ ဒုတိယပင်လုံ ညီလာခံကို ၁၉၄၇ ဖေဖော်ဝါရီ ၃ မှ စတင်ကျင်းပခဲ့သည်။ ပင်လုံညီလာခံ အစည်းအဝေးသို့ ကချင် ကိုယ်စားလှယ်များအဖြစ် မြစ်ကြီးနားနယ် ဂျိန်းဖော ကိုယ်စားလှယ် ဒူဝါများ၊ ဗန်းမော်နယ်မှ ခေါင်းဆောင်များနှင့် ရှမ်းပြည်သိန်းနီ ဂျိန်းဖောတောင်တန်းနယ် အရပ်ရပ်မှ ကချင် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ ထို့အပြင် ချင်းတောင်တန်းဒေသမှ ချင်း ကိုယ်စားလှယ်များ၊ ရှမ်းပြည်မှ စော်ဘွား မြို့စားများနှင့် ရှမ်းပြည် လွတ်လပ်ရေးအဖွဲ့ချုပ်မှ ရှမ်းပြည်သူတို့၏ ကိုယ်စားလှယ်များပါ တက်ရောက် ကြသည်။ ညီလာခံသို့ ဗိုလ်ချုပ်အောင်ဆန်း အမှုးပြုသော ဆာမောင်ကြီး၊ ဦးတင်ထွဋ်၊ ဦးအောင်ဇံဝေ စသည့်ဝန်ကြီးများနှင့် သခင်ဝတင်၊ ဦးဖေခင် စသော ဖဆပလ လူကြီးများ တက်ရောက်ကြ သည်။ အစည်းအဝေးသို့ တောင်တန်းဒေသ စုံစမ်းရေး အဖွဲ့မှ ဘော်တွမ်လေ (Mr. Arthur Bottomley) လည်း တက်ရောက် ခဲ့သည်။
ပင်လုံညီလာခံတွင် တောင်တန်းဒေသများမှ တိုင်းရင်းသားများ၏ အခွင့်အရေးများကို တောင်းဆို ညှိနှိုင်းကြခြင်းဖြင့် ပြည်မနှင့် သဘောတူညီမှုများ ရရှိခဲ့ကြပြီး ပင်လုံစာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။ သို့သော် အချို့သော တိုင်းရင်းသား ခေါင်းဆောင်များ၏ ထွက်ဆိုချက်တွင် တောင်တန်းဒေသ အုပ်ချုပ်ရေး အောက်တွင်ပင် ဆက်လက် နေလိုကြောင်း တောင်းဆိုချက်များ ရှိသကဲ့သို့၊ ဗြိတိသျှတို့၏ ဒိုမီနီယံ အုပ်ချုပ်ရေး အောက်တွင် သီးခြား ရပ်တည်နိုင်သော အုပ်ချုပ်ရေး နယ်တစ်နယ် အဖြစ် တောင်းဆိုကြ သူများလည်း ရှိသည်ကို တွေ့ရသည်။ ထိုသို့ သီးခြားနေလိုသော အခြေအနေကို ရယူကာ ခွဲထွက်ရေး လှုပ်ရှားမှု ကြိုးပမ်းနေသည့် တိုင်းရင်းသားမဟုတ်သော ရခိုင် အနောက်ဘက်ခြမ်းမှ မူဆလင်များကလည်း တောင်တန်းဒေသ စုံစမ်းရေး အဖွဲ့ခေါင်းဆောင် ဘော်တွမ်လေထံ ပေးစာတစ်စောင်ကို ၂၄ ဖေဖော်ဝါရီ ၁၉၄၇ ရက်စွဲဖြင့် တွေ့ရှိရသည်။ စာရွက်၏ ထိပ်စည်းတွင် ဂျမေတူ အူလမာ၊ ရခိုင်(အာရကန်) မြောက်ပိုင်း၊ မောင်တော ဟု ရေးသားထားသည်။
ထိုပေးစာထဲတွင် မောင်တော၊ ဘူးသီးတောင်နှင့် မေယုအနောက်ခြမ်း ရသေ့တောင် တို့သည် မြောက်ပိုင်း ရခိုင်တွင် ပါဝင်ကြောင်း၊ ဧရိယာစတုန်းရန်း မိုင် ၃၀၀၀ ကျော် ရှိကြောင်း၊ လူဦးရေ၏ ၉၀ ရာခိုင်နှုန်းမှာ မူဆလင်များ ဖြစ်ကြောင်း ရေးသားထားသည်။ နောက်စာပိုဒ်တွင် ၄င်းမူဆလင်တို့သည် ရခိုင်တွင် ၇၈၈ ခုနှစ် လောက်ကပင် နေထိုင်ခဲ့ကြောင်း၊ ရခိုင်ဘုရင်များ ခေတ်က မူဆလင်အမည်များ ခံယူခဲ့သူများ ရှိကြောင်း၊ မူဆလင်နှင့် ရခိုင်ဗုဒ္ဓဘာသာများ ငြိမ်းချမ်းစွာဖြင့် ရာစုနှစ်များစွာ နေထိုင်လာခဲ့ကြောင်း၊ သို့သော် နောက်ပိုင်းတွင် ပဋိပက္ခများ ရှိလာကြောင်း၊ ၁၉၄၂ခုနှစ် ပဋိပက္ခတွင် များစွာ သေဆုံးခဲ့ကြောင်း ရေးသား ထားသည်။ ထို့အပြင် ဒုတိယ ကမ္ဘာစစ် အတွင်းက ဗြိတိသျှ အစိုးရတပ်များနှင့် ပါဝင်ကူညီခဲ့ပြီး ထိုဒေသ၏ တည်ငြိမ် အေးချမ်းရေးအတွက် ငြိမ်းချမ်းရေး ကော်မတီဖွဲ့ကာ ထိန်းသိမ်း ဆောင်ရွက်ခဲ့ခြင်းကို ဗြိတိသျှ စစ်တပ်က အသိအမှတ် ပြုခဲ့ကြောင်း၊ မူဆလင်နယ်မြေ အဖြစ်ပင် ထုတ်ပြန် ပေးခဲ့ကြောင်း၊ စစ်အတွင်း ကာလတစ်လျှောက် ထိုနယ်မြေကို မိမိတို့ကိုယ်တိုင် ကိုင်တွယ် အုပ်ချုပ်နိုင်ခြင်းကို ထောက်၍ မြန်မာနိုင်ငံ လွတ်လပ်ရေး ပေးလျှင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရသည့် အခြေအနေ အဖြစ်ဖြင့် တောင်တန်းဒေသ နယ်အောက်တွင် နေလိုကြောင်း ရေးသား ပါဝင်ခဲ့သည်။
ထိုအပြင် စာပါ အကြောင်းအရာများတွင် လန်ဒန်ကွန်ဖရင့်၌ ဗြိတိသျှ အစိုးရက တောင်တန်း ဒေသသားများ၏ သဘောတူညီမှု မရဘဲ တောင်တန်းဒေသများကို ပြည်မနှင့် ပူးပေါင်းပေးမည် မဟုတ်ကြောင်း ပါရှိချက်အရ ပင်လုံညီလာခံ ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း၊ ကျွန်ုပ်တို့၏ အင်ဒို-ဘားမား နယ်စပ် ဒေသ သည်လည်း တောင်တန်းဒေသ အောက်တွင် ပါရှိရမည် ဖြစ်ပြီး မိမိတို့ကိစ္စများကို ထိုကွန်ဖရင့်တွင် တင်ပြခွင့်ရှိရမည် ဖြစ်ကြောင်း၊ ကွန်ဖရင့်မှာ ပြီးဆုံးရန် နီးကပ် လာသော်လည်း မိမိတို့အတွက် မျက်ကွယ် ပြု ခံနေရကြောင်း၊ ပင်လုံ ကွန်ဖရင့်သည် မြောက်ပိုင်း ရခိုင်တွင် နေထိုင်သူများ အတွက် မည်သည့် အခွင့်အရေးများမှ တန်းတူ တင်ပြခွင့် မရရှိကြောင်း ရေးသား ဖော်ပြထားသည်။ ထို့ကြောင့် အစိုးရနှင့် ဘော်တွမ်လေ မှတစ်ဆင့် ဒီမိုကရက် မြောက်ပိုင်း ရခိုင်၏ အခွင့်အရေးများကို ပင်လုံကွန်ဖရင့် ရလာဒ်များ ပူးပေါင်းခံစားခွင့် ဆောင်ရွက် ပေးပါရန် အသနားခံ ပါသည်ဟု ရေးသား ထားသည်ကို တွေ့ရသည်။
စစ်အတွင်း ၁၉၄၆ တွင် Jami-a-tul Ulema-e Islam အဖွဲ့ ပေါ်ပေါက် လာရာ ၄င်းပါတီက ၁၉၄၇ ခုနှစ် တွင် ကရာချိ သို့သွားကာ ပါကစ္စတန် လွတ်မြောက်ရေး လှုပ်ရှားနေသော မူဆလင် ခေါင်းဆောင်ဂျင်းနားနှင့် တွေ့ဆုံပြီး ဘူးသီးတောင်၊ မောင်တော၊ ရသေ့ တောင်တို့ကို ပါကစ္စတန် နိုင်ငံနှင့် ပူးပေါင်းခွင့်ပြုရန် တောင်းဆို ခဲ့သည်။ ထိုသို့ဆွေးနွေးရာတွင် ရခိုင်မြောက်ပိုင်း ဒေသကို တိုက်ခိုက်ပြီး ပါကစ္စတန် ထဲသို့ သွတ်သွင်းရန် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ရရှိအောင် ဗိုလ်ချုပ်အောင်ဆန်းအား တိုက်တွန်းပေးရန် ဖြစ်သည်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်း အိန္ဒိယသို့ အသွားတွင် မူဆလင်ခေါင်းဆောင် မစ္စတာဂျင်းနားနှင့် တွေ့ဆုံခဲ့ရာ ဂျင်းနားက ဘူးသီးတောင်၊ မောင်တောဒေသမှ မူဆလင်များက ပါကစ္စတန်ထဲသို့ ပူးပေါင်းရန် တောင်းဆိုမှုကို မိမိကိုယ်တိုင် မထောက်ခံကြောင်း ပြောကြားခဲ့သည်။
မူဆလင်ခေါင်းဆောင် ဂျင်းနားကရခိုင်ပြည် မောင်းတောနှင့် ဘူးသီးတောင် နယ်များကို ဘင်္ဂလားပြည်ထဲသို့ သွတ်သွင်းပေးရန် စစ်တကောင်း မူစလင်အချို့က တောင်းဆိုချက်နှင့် ပတ်သက်၍ ဤသို့ လုံးဝမဖြစ်စေရပါဟု ပြောရင်း ဗမာပြည်သာမက မည်သည့် အခြားနယ်ပယ်ကိုမှ သိမ်းယူရန် သို့မဟုတ် တောင်းယူရန် မူစလင်လိခ်၌ ရည်ရွယ်ချက် မရှိကြောင်း၊ ထိုကဲ့သို့ ဘင်္ဂလားပြည် အရှေ့ပိုင်းမှ လက်တစ်ဆုပ် မျှလောက်သော မူစလင်လူမျိုး အချို့၏ တောင်းဆိုချက် ဆိုသည်မှာလည်း ဘာမှ ဂရုစိုက်စရာ မလိုကြောင်း” စသည်ဖြင့် ရှင်းပြခဲ့သည်ကို ဦးပု၏ “ငါတို့ဗိုလ်ချုပ်ဘာတွေလုပ်” စာအုပ်တွင် ဖော်ပြထားခဲ့သည်။
ဂျမေတူအူလမာ အဖွဲ့မှ ပင်လုံညီလာခံတွင် ဆွေးနွေးခွင့်၊ အခွင့်အရေးများ ရပိုင်ခွင့်၊ ကိုယ်ပိုင် အုပ်ချုပ်ရေး ရပိုင်ခွင့်များ တောင်းဆိုသည့် စာကို ဆူလတန်အာမက်က ဥက္ကဋ္ဌအဖြစ် ခေါင်းဆောင်သော (၁၁)ဦးက လက်မှတ် ရေးထိုးကာ လန်ဒန်အစိုးရ၊ လန်ဒန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ အတွင်းရေးမှုးရုံး၊ ဖဆပလအဖွဲ့ချုပ် ဥက္ကဌ၊ ရခိုင် ကော်မရှင်နာမင်းကြီး၊ The Voice of Burma သတင်းစာ၊ ကလကတ္တားရှိ The Statesman သတင်းစာ၊ နယူးဒေလီရှိ The Dawn သတင်းစာများသို့ လိပ်မူ ပေးပို့ခဲ့သည်။
ထိုစာကို ဗြိတိသျှအစိုးရက ၁၈-၆-၁၉၄၇ တွင် စတင် လက်ခံ ဆောင်ရွက်သည့် ရက်စွဲကို တွေ့ရသည်။ စတင် လက်ခံသည့် ပုဂ္ဂိုလ်က မှတ်ချက်ချထားသည်မှာ-
ပထမအချက်က မောင်တောနှင့် ဘူးသီးတောင်ကို တောင်တန်းဒေသ လက်အောက်တွင် ထားပေးရန် တောင်းဆို ထားခြင်းဖြစ်သည်။ ဒုတိယ တောင်းဆိုချက်က တရားမ၀င်ပါ။ အိန္ဒိယမှ မူဆလင် ခေါင်းဆောင် ဂျင်းနားက ကြေညာပြီးသား ဖြစ်သည့် ၄င်းအနေနှင့် မြန်မာနိုင်ငံ၏ မည်သည့် အစိတ်အပိုင်းကိုမျှ ပါကစ္စတန် စီမံချက်ထဲကို မထည့်ပါဟု ပြောပြီးသား ဖြစ်သည်။ ထိုကြောင့် ဘာမျှ အရေးတယူ ဆက်လုပ်ရန် မလိုပါဟု မှတ် ချက် ပြုထားသည်ကို တွေ့ရသည်။
ထိုမှတ်ချက်၏ နောက်ကျောတွင် အသေးစိတ် မှတ်ချက် ပြုထားသည့် အချက်များ ကိုလည်း တွေ့ရသည်။
၎င်းမှတ်ချက်များထဲတွင်-
သူတို့က ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင် အစိတ်အပိုင်းအချို့ကို မြန်မာပြည်သစ်တွင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ မူဆလင် state အဖြစ် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ပေးရန် တောင်းဆို ထားသည်။ သို့သော် မြန်မာနိုင်ငံတွင် များစွာသော အကြောင်းအချက် များအရ သီးခြား မူဆလင် state အဖြစ် ဖန်တီးပေးရန် ကိစ္စမှာ လက်တွေ့တွင် မဖြစ်နိုင်ချေ။ ဘာသာရေး တစ်ခုတည်းဖြင့် ဆောင်ရွက်ခြင်းမျိုးမှာ နိုင်ငံသားများ၏ အခြေခံ မဖြစ်နိုင်ချေ။ ထိုသို့ လုပ်ဆောင်ရန် မြန်မာနိုင်ငံမှာရော ကမ္ဘာမှာပါ ထုံးတမ်း စဉ်လာလည်း မရှိချေ။ အခြားသော ဒေသများသည် သီးခြား လွတ်လပ်သော အသွင်ဖြင့် မြန်မာ နိုင်ငံတွင် တည်ရှိခဲ့ကြ သော်လည်း ရခိုင်တွင်ရှိသည့် မူဆလင်များသည် ရခိုင်ဘုရင်နှင့် မြန်မာဘုရင်များ လက်အောက်တွင် အမြဲနေထိုင်ခဲ့သူများ ဖြစ်ပြီး state တစ်ခုအဖြစ် မတည်ရှိခဲ့ချေ။ နယ်မြေအရလည်း အမြဲတန်း မြန်မာနိုင်ငံ လက်အောက်တွင် ပါဝင်ခဲ့ပြီး၊ မြန်မာဘုရင် လက်အောက်တွင် နေခဲ့စဉ်ကပင် မည်သည့်အခါကမျှ သူတို့ကိုယ်တိုင် အချုပ် အခြာပိုင်အဖြစ် တောင်းဆိုခဲ့ဖူးခြင်း မရှိခဲ့ခြင်းကြောင့် ယခုအခါ တွင်မှ သီးခြား state အဖြစ် တောင်းဆိုပိုင်ခွင့် မရှိချေ။
၎င်းတို့ အနေဖြင့် မြန်မာနိုင်ငံတွင် မွေးဖွားခဲ့လျှင် မြန်မာနိုင်ငံသား အဖြစ် ရအောင်ယူသင့်ပြီး မြန်မာနိုင်ငံ လက်အောက်တွင်ပင် နေကြရမည် ဖြစ်သည်။ ဘာသာရေးကို အခြေခံကာ သီးခြား state တောင်းနိုင်ခွင့် မရှိချေ။ မြန်မာနိုင်ငံထဲသို့ ၀င်ရောက်နေထိုင်သူများ ဖြစ်ခြင်းကြောင့် လွတ်လပ်သော နိုင်ငံကဲ့သို့သော အခွင့်အရေးမျိုးကို တောင်းပိုင်ခွင် မရှိချေ။ သည်အတွေးအခေါ်မျိုးကို မကြာခင်က ပါကစ္စတန် လွတ်လပ်ရေး တောင်းဆိုနေသည့် အိန္ဒိယမှ မူဆလင်ခေါင်းဆောင် မစ္စတာဂျင်းနားထံမှ လာပုံပေါ်သည်။ သည်သို့ တောင်းခံ ချက်မျိုး မြန်မာနိုင်ငံတွင် မဖြစ်နိုင်ချေ။ အမျိုးချင်းတူသူများ နေထိုင်သည့် ပြည်နယ်ကြီးများတွင်သာ ဖြစ်နိုင်သည်။ အကယ်၍ ထိုသို့ တောင်းဆိုချင်သော အမြင်ရှိလာလျှင် ရခိုင်ဒေသတွင်း ကြီးမားသည့် အုပ်ချုပ်ရေး ပြဿနာ အရှုပ်အထွေးများ ဖြစ်လာလိမ့်မည်”ဟု ဝေဖန်မှတ်ချက် ပြုခဲ့သည်။
ထို့သို့ ဝေဖန်မှတ်ချက် ပြုခြင်းနှင့်အတူ အနာဂတ်တွင် လုပ်ဆောင်နိုင်မည့် အချက်များကိုလည်း လမ်းကြောင်း ဟပေးခဲ့သည့် မှတ်ချက်များကို တဆက်တည်း တွေ့ရလေသည်။ ၄င်းမှတ်ချက်တွင်-
အနာဂတ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲမည်မှာ မြန်မာနိုင်ငံ၊ လွှတ်တော်က ဖြစ်ပြီး ဗြိတိသျှ အစိုးရက ရေးဆွဲမည် မဟုတ်ချေ။ ရခိုင်ရှိ မူဆလင်တို့အနေဖြင့် သီးခြားနိုင်ငံအဖြစ် ခွဲထွက် နေထိုင်ခြင်းမျိုး တောင်းခံ ခြင်း မပြုဘဲ လွှတ်တော်တွင်း ပါဝင်ကာ မိမိတို့အနာဂတ်ကို အကောင်အထည်ဖော် ရန်ပင်ဖြစ်သည် ဟူ၍ ပါရှိသည်။ အမှန်တကယ်လည်း ဆူလတန် အာမက်တို့ လွှတ်တော်တွင်းသို့ ပါလီမန် အမတ်အဖြစ် ရောက်ရှိလာပြီး လွှတ်တော်မှတဆင့် တောင်းဆိုခြင်းများ၊ သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ခြင်းများကို ဆောင်ရွက် လာသည်ကို ပါလီမန်ကာလမှ စတင်ကာ တွေ့ရှိလာရသည်။ သူနှင့်အတူ လွှတ်တော် ကိုယ်စားလှယ်များ လေးဦး ဖြစ်လာသည်ကို တွေ့ရသည်။ သူကိုယ်တိုင်ပင်လျှင် မြန်မာ့မြေ၌ မွေးဖွားခဲ့သူ မဟုတ်ချေ။
စူလတန် အာမက်၏ ဘော်တွမ်လေထံ ပေးစာအပေါ် ထိုဒေသရှိ ဖဆပလ၏ သဘောထားကိုလည်း ဗြိတိသျှ အစိုးရ မေးမြန်းခဲ့ရာ ဖဆပလခေါင်းဆောင် ဦးစံထွန်းအောင်က ၃၀-၄-၄၇ ရက်စွဲဖြင့် ဗြိတိသျှ အစိုးရထံ သဘောထား ပေးပို့ခဲ့သည်။ ထိုသဘောထားကိုလည်း အစိုးရ၏ စာဖိုင်တွင် တစ်ခါတည်း တွဲထားသည်ကို တွေ့ရသည်။ ၄င်းစာတွင်
ဘူးသီးတောင်၊ မောင်တောမြို့ ဂျမီတူအူလေမာ အသင်းမှ ဤနယ် ၂ နယ်ကို တောင်တန်းနယ်နှင့် အလားတူ နယ်ခြားအဖြစ် အသိအမှတ်ပြု၍ ဖြစ်စေ၊ ပလက်ဝနယ်နှင့် ပူးပေါင်းအုပ်ချုပ်ရန် ဖြစ်စေ၊ တောင်းဆိုကြောင်း သိရပေသည်။ ဤနယ်တို့သည် ရာဇ၀င်အရဖြစ်စေ၊ ပထ၀ီဝင်အရဖြစ်စေ နေထိုင်သော လူမျိုးဘာသာ အရဖြစ်စေ မည်သည့်အခါမျှ နယ်ခြားအဖြစ် ထား၍ တောင်တန်းနယ်ပယ် များကဲ့သို့ အုပ်ချုပ်ရေးကို ပေးရန် ထိုက်သင့်သည်မဟုတ်၊ ရာဇ၀င်၌လည်း မရှိဘူး၊ ပထ၀ီအရ နယ်ခြား၌ တည်ရှိသော်လည်း တောင်သူ တောင်သား နေရာမဟုတ်၊ ယဉ်ကျေးသော လူမျိုးများချည်းသာ နေထိုင်လာခဲ့သဖြင့် မည်သည့် အခါကမျှ နယ်ခြား နယ်ပယ်အဖြစ် သီးခြားအုပ်ချုပ်ရေး မရှိစဖူး၊ မည်သည့် တိုင်းပြည်၌မျှ နယ်စပ်ရှိ နယ်ပယ်ဖြစ်ရုံမျှနှင့် ယဉ်ကျေးသော လူတို့၏ နေရာကို နယ်ခြားနယ်ပယ် ပြု၍ သီးခြားဥပဒေဖြင့် အုပ်ချုပ်ရိုး ဓမ္မတာမရှိ၊ အကြောင်း ယုတ္တိ မညီညွတ်ဘဲ၊ ကမ္ဘာ့ဓမ္မတာ အစဉ်အလာကို ဖောက်ဖျက်ကာ နယ်ခြားနယ်ပယ် ပြု၍ သီးခြားဥပဒေဖြင့် အုပ်ချုပ်ခြင်းသည် အလျဉ်း မသင့်လျော်ပေ၊ ရအပ်သော လွတ်လပ်ရေးကို လူတိုင်းလူတိုင်းတို့ ခံစားအပ် သော အခွင့်အရေးတို့ကို ဆုံးရှုံးစေမည့် နယ်ခြားအုပ်ချုပ်ရေး ဥပဒေဖြင့် အုပ်ချုပ်ရန် တောင်းဆိုခြင်းကို ဤအဖွဲ့မှ လေးနက်စွာ ကန့်ကွက် လိုက်ရပါကြောင်းဟု ပါရှိသည်။
ဆူလတန်အာမက်၏ ဘော်တွမ်လေထံ ပေးစာနှင့် ဗြိတိသျှ အစိုးရ၏ မှတ်ချက်တို့တွင် စဉ်းစား လေ့လာစရာ အချက်များ ပါရှိလာသည်ကို တွေ့ရသည်။ ပထမအချက်မှာ ဗြိတိသျှ အစိုးရထံပေးစာ အရ သီးခြား လွတ်လပ် သည့် မူဆလင် state တစ်ခု ထူထောင်ရန် တောင်းဆိုခြင်း ဖြစ်ပြီး ထို ဆောင်ရွက်မှုကို ဂျမေတူအူလမာ အသင်းကြီးက ဦးဆောင်ကာ စတင်ခဲ့သည်ကို တွေ့ရသည်။ ဒုတိယ အချက်မှာ ဂျမေတူအူလမာ အသင်းကြီးက ဦးဆောင်ကာ ထိုသို့ နယ်မြေ တောင်းဆိုခြင်း ပြုလုပ်သည့် ၁၉၄၆ ခုနှစ် ကာလအထိ မူဆလင် လူမျိုးများအတွက်ဟု ရေးသား တောင်းဆိုခြင်း ဖြစ်ပြီး ထိုအချိန်အထိ ရိုဟင်ဂျာဟူသည့် အသုံးအနှုန်းမျိုးဖြင့် ရေးသား တင်ပြထားခြင်းမျိုး မရှိသေးခြင်းပင် ဖြစ်သည်။
၁၈၄၈ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့တွင် ရခိုင်ဒေသ တစ်ခုလုံး ကောက်ယူသည့် သန်းခေါင်စာရင်းတွင် မူဆလေမန်များ (မူဆလင်) ဟု လူမျိုးအမည်တွင် ပါရှိပြီး ရခိုင်ဒေသတစ်ခုလုံးတွင်မှ လူဦးရေပေါင်း (၂၄,၇၁၂) ယောက် သာရှိခဲ့သည်။ အင်္ဂလိပ်တို့က စနစ်ကျလှ သူများပီပီ ကျား၊ မ၊ လူငယ် လူရွယ်စာရင်းများကိုပါ ခွဲထားရာ ယောက်ျားကြီး ၇,၆၄၂၊ ယောက်ျားငယ် ၅,၂၆၇၊ မိန်းမကြီး ၆,၉၁၁၊ မိန်းမငယ် ၄,၈၆၂ ဦးဟု ထပ်၍ ခွဲပြလိုက် သေးသည်။ မူဆလင်တို့နှင့် မတူသည့် ၀င်လာသည့် အခြားလူမျိုးစုများကို လူမျိုးအမည် နာမများဖြင့် ဖော်ပြထားရာ ဟိန္ဒူ၊ ရာဂျပူဆီ၊ မဒရပ်ဆီ၊ မဏိပူရီ ဟူ၍ ဖော်ပြထားသည်။ သို့ဆိုလျှင် ၁၈၄၈ ခုနှစ် သန်းခေါင်စာရင်း ကာလတွင်လည်း ရိုဟင်ဂျာလူမျိုး မရှိသေးသကဲ့သို့ ၁၉၄၇ ခုနှစ် ၄င်းတို့ကိုယ်တိုင် ဗြိတိသျှ အစိုးရထံ တင်ပြသည့် စာတွင်လည်း ထိုလူမျိုးအဖြစ် ရေးသား ဖော်ပြခြင်း မရှိသေးပေ။ ထိုအမည်ကို မတီထွင်ရသေးသည့် သဘောပင် ဖြစ်သည်။ဗြိတိသျှအစိုးရ၏ မှတ်ချက်ကို လေ့လာသည့်အခါ““၄င်း မူဆလင်များသည် မြန်မာနိုင်ငံထဲသို့ ၀င်ရောက် လာသူများ ဖြစ်ခြင်းကြောင့် ၄င်းတို့တွင် သီးခြား state တောင်းပိုင်ခွင့် မရှိချေ””ဟု မှတ်ချက် ပြုထားသည် ကို တွေ့ရသည်။ တစ်နည်းအားဖြင့် ဘင်္ဂေါ ဒေသမှ လာရောက် နေထိုင်ကြသူများ ဖြစ်ကြောင်း ဗြိတိသျှ၏ မှတ်ချက်ချမှုတွင် ပါဝင်လာခြင်း ဖြစ်သည်။ ဗြိတိသျှ အစိုးရ ကိုယ်တိုင်လည်း မြန်မာနိုင်ငံထဲသို့ ၀င်ရောက်လာသူများ၊ မူဆလင်များ ဟုသာ ရေးသား ထားသည်ကို တွေ့ရသည်။ ထို့အတူ ၁၈၄၈ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့တွင် ရခိုင်ဒေသ တစ်ခုလုံး ကောက်ယူသည့် သန်းခေါင်စာရင်းတွင် မူဆလေမန်များ (မူဆလင်) ဟု လူမျိုးအမည်တွင် ပါရှိပြီး ရခိုင်ဒေသတစ်ခုလုံးတွင်မှ လူဦးရေပေါင်း (၂၄,၇၁၂) ယောက် သာရှိခဲ့သည်။ အင်္ဂလိပ်တို့က စနစ်ကျလှ သူများပီပီ ကျား၊ မ၊ လူငယ် လူရွယ်စာရင်းများကိုပါ ခွဲထားရာ ယောက်ျားကြီး ၇,၆၄၂၊ ယောက်ျားငယ် ၅,၂၆၇၊ မိန်းမကြီး ၆,၉၁၁၊ မိန်းမငယ် ၄,၈၆၂ ဦးဟု ထပ်၍ ခွဲပြလိုက် သေးသည်။ မူဆလင်တို့နှင့် မတူသည့် ၀င်လာသည့် အခြားလူမျိုးစုများကို လူမျိုးအမည် နာမများဖြင့် ဖော်ပြထားရာ ဟိန္ဒူ၊ ရာဂျပူဆီ၊ မဒရပ်ဆီ၊ မဏိပူရီ ဟူ၍ ဖော်ပြထားသည်။ သို့ဆိုလျှင် ၁၈၄၈ ခုနှစ် သန်းခေါင်စာရင်း ကာလတွင်လည်း ရိုဟင်ဂျာလူမျိုး မရှိသေးသကဲ့သို့ ၁၉၄၇ ခုနှစ် ၄င်းတို့ကိုယ်တိုင် ဗြိတိသျှ အစိုးရထံ တင်ပြသည့် စာတွင်လည်း ထိုလူမျိုးအဖြစ် ရေးသား ဖော်ပြခြင်း မရှိသေးပေ။ ထိုအမည်ကို မတီထွင်ရသေးသည့် သဘောပင် ဖြစ်သည်။
ဗြိတိသျှ အစိုးရကိုယ်တိုင် ပါဝင် ကပြခဲ့သည့် ကိုလိုနီခေတ်က ဇာတ်လမ်းမှန်ပင် ဖြစ်သည်။ ဗြိတိသျှတို့ ရခိုင်ကို သိမ်းပိုက်ပြီး ၂၄နှစ် အကြာတွင် ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းအရ ရခိုင်ဒေသ တစ်ခုလုံးတွင် မူဆလင် (၂၄,၀၀၀) ကျော် သာ ရှိခဲ့ရာ ယနေ့အခါ မောင်တောမြို့နယ် တစ်ခုတည်းမှာပင် သုံးသိန်းကျော် ရှိနေပြီ ဖြစ်ပေသည်။ ရခိုင် တစ်ပြည်နယ်လုံးတွင် သိန်းများစွာ ရောက်ရှိနေပြီဖြစ်သည်။ မွေးနှုန်း အချိုးဖြင့် တွက်လျှင် လူဦးရေ မည်မျှ ရှိသင့်သည် ဆိုသည်မှာ အလွယ်တကူ ပေါ်လာမည့် အဖြေဖြစ်သည်ကို အလွန်ပါးနပ်လှသည့် နိုင်ငံတကာ အဖွဲ့အစည်းများ သိကြမည်ပင် ဖြစ်သည်။ ဘာကြောင့် ဖုံးကွယ်ထားသနည်း။ မကြာခင်က မြန်မာ နိုင်ငံသို့ လာရောက်သွားသည့် ဗြိတိသျှ အောက်လွှတ်တော်မှ တာဝန်ရှိသူများ ကိုယ်တိုင်က ရန်ကုန် တက္ကသိုလ် စိန်ရတု ခန်းမတွင် တက္ကသိုလ်မှ ဆရာဆရာမများ၊ ကျောင်းသူ ကျောင်းသားများကို မြန်မာလူမျိုး ဘာသာပြန်မှတဆင့် ပြောဆိုသွားသည့် စကားတို့တွင် ထိုလူမျိုးတို့အတွက် မည်သည့် အခွင့်အရေးများ ပေးရမည် ဟူသော တောင်းဆိုချက်များကို ပြောသွားသည်မှာ ဗြိတိသျှ လူမျိုး တို့အတွက် အရှက်ရစရာပင် ဖြစ်သည်။ အမှားများကို ကြားနေရသည်ကို မခံချင်သည့် ဆရာမများက ထပြောရန် ကြိုးစားကြ သော်လည်း အလိုတော်ရိ ဘာသာပြန်က အတင်းတားသည်ဟု ပြန်ပြောပြချက် အရသိရသည်။
ယခင်က ၄င်းတို့၏ ဗြိတိသျှ အစိုးရ ကိုယ်တိုင် ပါဝင်ကပြခဲ့သည့် သမိုင်းကြောင်းများကိုပင် ဗြိတိသျှနိုင်ငံရေးကို ဦးဆောင် လုပ်ကိုင်သူ တစ်ဦးအနေဖြင့် သိဟန်မတူချေ။ ဖတ်ရှုလေ့လာပုံလည်း မပေါ်။ မြန်မာ နိုင်ငံအကြောင်း ဝေဖန်လိုလျှင် မြန်မာနိုင်ငံ အတိတ်သမိုင်းကို အခြေခံကျကျ လေ့လာပြီးမှ ပြောရန်တော့ လိုပေသည်။ ထိုအတိတ် သမိုင်းတွင် ၀င်ရှုပ်ခဲ့သူများမှာ ၄င်းတို့ ဘိုးဘွားများ ဖြစ်သကဲ့သို့ ယနေ့တိုင် ဖြေရှင်းမရသည့် ပြဿနာများစွာ တို့သည် လည်း ၄င်းတို့ကပင် ဖန်တီးခဲ့ခြင်း ဖြစ်သည်။ မည်သည့် အတွက်ကြောင့် လူသားချင်းစာနာ တတ်သည့် ပုံစံမျိုး ဟန်ဆောင်ပြနေ သနည်း။ သမိုင်းမသိသူများကိုသာ တစ်ပတ်ရိုက်၍ ရမည်ဖြစ်သည်။
တကယ်တော့ လူ့အခွင့်အရေး တစ်ခုတည်းဖြင့် တိုင်းပြည် တစ်ပြည်၏ တည်ငြိမ်မှုကို အကောင်အထည် ဖော်၍ မရကြောင်း သူတို့ကိုယ်တိုင် ခံစားနေရသဖြင့် သိပြီး ဖြစ်နေပေသည်။ မိမိနိုင်ငံထဲတွင် အမှန်တကယ် နေထိုင်လာသူတို့ အတွက် ရသင့်ရထိုက်သည့် ကိစ္စမှန်သမျှ နိုင်ငံတော် ဥပဒေနှင့် လိုက်လျောညီသည့် ကိစ္စများ ဖြစ်ခဲ့လျှင် တရားသဖြင့် ဆောင်ရွက် ပေးစမြဲပင်။ သို့သော် ဗဟိုချုပ်ကိုင်မှု အကျင့် ပါနေသဖြင့် အချိန် နှောင့်နှေးသည်တော့ ရှိတတ်သည်။ သည်လို ကြန့်ကြာမှုမျိုး မြန်မာတိုင်းရင်းသား အားလုံးပင်လျှင် ခံစားနေရသည့် ကိစ္စဖြစ်သည်မို့ ကိုယ့်အရပ်နှင့် ကိုယ့်ဇာတ်ကို နားလည်နိုင်ရန်တော့ လိုသည်။ စင်ကာပူ နိုင်ငံ၏ ဖခင်ကြီး လီကွမ်ယူက အနာဂတ်တွင် နိုင်ငံတိုင်း၌ ပေါ်ပေါက်လာမည့် ပြဿနာသည် ဒီမိုကရေစီမဟုတ်၊ ဒီမိုဂရပ်ဖီ (လူဦးရေနှင့် လူဝင်လူထွက်) ပြဿနာဟု ဒီမိုကရေစီ ဘိုးအေကြီးတို့အား ကြိုတင် နိမိတ်ဖတ် ပြောကြားခဲ့သည်။ နိုင်ငံတိုင်းကို လူ့အခွင့်အရေး ပုံစံခွက်ထဲ ထည့်ကာ အနောက်အုပ်စု ပုံသွင်းသည့်အတိုင်း လိုက်လုပ်ရန်မလို။ ကိုယ့်နိုင်ငံ အခြေအနေ၊ ကိုယ်နိုင်ငံ၏ လုပ်နိုင်စွမ်းအား၊ ကိုယ့်ပြည်သူများ အနာဂတ် ရည်မှန်းချက် ပြည့်မီအောင် အကောင်အထည် ဖော်ရေးနှင့် ယှဉ်၍သာ စဉ်းစားနိုင်မည် ဟူ၍ ပြောကြား ခဲ့သေးသည်။ သို့ဆိုလျှင် ကျွန်တော်တို့ကရော ဘယ်လမ်းကို လိုက်ဖို့ ရည်ရွယ်ထားသနည်း။ လမ်းကြောင်း မှန်ဖို့တော့ လိုသည်။ Smart Power ကိုသုံးနိုင်လျှင် အကောင်းဆုံး။
0 comments:
Post a Comment