Friday, 10 October 2014

ရခိုင့်တော်လှန်ရေးနိဒါန်း (တတိယပိုင်း)


ရခိုင့်တော်လှန်ရေးနိဒါန်း (တတိယပိုင်း)

ရခိုင်သက္ကရာဇ် ၁၁၆၀ မှ ၁၁၇၃ ခုအထိ ဒုတိယပိုင်း ရခိုင့်တော်လှန်ရေးနိဒါန်း စိုင်းတင်မြို့စားရခိုင်ဗိုလ်ချင်းပြန်၏ဒုတိယအကြိမ်မြန်မာတော်လှန်ရေး

မြန်မာရို့သည် ရခိုင်တော်လှန်ရေးဂေါင်းဆောင်များဖြစ်ကြသော ဗိုလ်ချင်းပြန်၊ လက်ရုံးဗိုလ်၊ ပလက်စားဗိုလ်စံ၊ ဗိုလ်တုံးစံရွှေ၊ အရှိဝင်းမှူး၊ လက်ဝဲမြန်ဖောင်သာရို့အားဖမ်းဆီးပီးရန် အင်္ဂလိပ်အစိုရထံ အကြိမ်ကြိမ်တောင်းဆို၏။ အိန္ဒိယတိုင်းမင်းကြီးလည်း အကောက်ဝန်ဧရကောက်ကိုသံပြု၍ မြန်မာဝန်များဖြစ်ကြသော ကျော်ထင်ငသီဟ၊ ရမ်းပြည့်ဝန် ငလယ်ကိုင်းစား၊ မာန်အောင်ဝန်ရို့နှင့် ရခိုင်သက္ကရာဇ် (၁၁၆၁) ခု နတ်တော်လတွင် မြောက်ဦးမြို့ ဗားဗူတောင်ထိပ်၌ မျက်နှာစုံညီစည်းဝေး၏။

သက္ကရာဇ ၁၁၆၈ ခု နံယုန်လတွင် ယိုးဒယားထိုင်းနိုင်ငံသို့ စစ်တိုက်ရန် ရခိုင်လေးမြို့တွင်နီသောလူပေါင်းများစွာကို မြန်မာရို့သည် အတင်းအဓမ္မသိမ်းရုံးဆောင်ယူလား၏။ ဗိုလ်ချင်းပြန်သည် စစ်တကောင်းနယ်မှယှောင်ထွက်လာပြီးလျှင် များစွာသောသူရဲအပေါင်းနှင့် နတ်မြစ်လက်ယာဖက်၌အစောင့်ချထားသော မြန်မာတပ်မှူးမုံတောစားကို ခြီမှုန်းပြီးလျှင် မယူကမ်းအောင်တပ်၌ အောင်တပ်တည်၍နီ၏။

သက္ကရာဇ် ၁၁၇၃ ခု ကဆုန်လတွင် မြောက်ဦးမြို့ကို အကြီးအကျယ်ထိုးနှက်တိုက်ခိုက်၍ မြန်မာကျူးကျော်သူများထံမှ ပြန်လည်သိမ်းပိုက်လိုက်၏။ ဤသည်ကိုကြားလျှင် မာန်အောင်၊ ရမ်းပြည်၌တပ်စွဲထားသော မြန်မာတပ်များ လာ၍တိုက်ခိုက်၏။ ဗိုလ်ချင်းပြန်၏တပ်များသည် လက်နက်အင်အားမမျှသဖြင့် ဆုတ်ခွာကာ ဆည်တိုင်ကန်တွင် တပ်တည်၍နီ၏။

မာန်အောင်ဝန် ငရန်တိုင်၊ ရမ်းပြည့်ဝန် လက်ယာစည်သူ ငနော်ရထာ၊ သံတွဲဝန်ငရွှေပန်းစသော မြန်မာကျူးကျော်သူများသည် ဗိုလ်ချင်းပြန်တပ်စွဲရာသို့ လာ၍တိုက်၏။ သို့သော် မာန်အောင်ဝန်အစဟိသော မြန်မာကျူးကျော်သူများသည် တယောက်မကျန် ခြီမှုန်းခြင်းခံရ၏။ ထိုအခါ မြန်မာတပ်မှူး ဗိုလ်မှူးရို့သည် ရှိဆက်မတိုက်ဝံ့ဘဲ ကြောက်ရွံ့ကာ လောင်းကိုပစ်၍ ကုန်းကြောင်းထွက်ပြီးကြကုန်၏။

မြန်မာငရွှေပန်း၊ ရမ်းပြည့်မြန်မာဝန် လက်ယာစည်သူ ငနော်ရထာရို့သည် သူရဲဘောကြောင်စွာ ထွက်ပြီးကြကုန်၏။ ထိုအခါ ဗိုလ်ချင်းပြန်နှင့် လက်ရုံးဗိုလ်ရို့သည် မြန်မာလူမျိုးအများအပြားကိုသတ်၍ လက်နက်အမြောက်အများကို သိမ်းပိုက်ရယူလိုက်၏။ ဗိုလ်ချင်းပြန်လည်း ဗိုလ်ချုပ်မျက်တောင်ရှည်ကို နန္ဒိသေနဗန္ဓုလဘွဲ့အပ်နှင်း၍ စစ်သူကြီးအရာ ပီးသနားတော်မူ၏။ ဗိုလ်ချင်းပြန်။ လက်ရုံးဗိုလ်၊ ဗိုလ်ချုပ်မျက်တောင်ရှည်ရို့ဦးဆောင်သော ရခိုင်တပ်ရို့သည် ဆက်လက်ချီတက်ကာ ရမ်းပြည့်၊ မာန်အောင်၊ သံတွဲနယ်အားလုံးကို မြန်မာကျူးကျော်သူများလက်ထဲမှ ပြန်လည်သိမ်းပိုက်ရယူလိုက်၏။

ရခိုင်နိုင်ငံတော်၏ပြည်မဖက်တွင် ဗိုလ်ချင်းပြန်သည် လက်ယာမြန်အရပ်၌ ပလက်စားဗိုလ်စံ၊ တပ်မှူးဗိုလ်မောင်ရွှေရို့ကို၎င်း၊ ငရကောက်အရပ်၌ နောင်တော်လေးမြို့စားကျော်အောင်ကို၎င်း၊ ရွှေနတ်ပင်အရပ်၌ ဗိုလ်အောင်ကျော်ရွှေကို၎င်း၊ လောင်းကြက်မြို့ဟောင်း၌ ဗိုလ်စော်ကဲ၊ တပ်မှူးသောက်ကြာအောင်ကို၎င်း၊ ရန်းဝမြစ်က ဗိုလ်နန်းရွှေ၊ တပ်မှူးသာရကန္တ၊ ဗိုလ်တိုးအောင်ကျော်ရို့ကို၎င်း၊ ခုနှစ်ခရိုင်တောင်စိုင်တွင် မြန်မာရို့လာလမ်းဖြစ်သော မအီအရပ်က တောင်စားဗိုလ်မှူးမောင်ညို၊ တပ်မှူးညိုရောင်ဖြူရို့အား အသီးသီးတပ်စောင့်ချထား၏။

ဤသို့အသီးသီးတပ်စောင့်ချထားပြီး ဗိုလ်ချင်းပြန်သည် ဂစ္ဆပနဒီမြန်အနောက်ဖက်ကမ်း ရိုးငူအရပ်၌ တပ်စီးတပ်နင်းပြု၍နီသည်ကို ဘိုးတော်င၀ိုင်းကြားသောအခါ ရခိုင်နိုင်ငံတော်တွင်ကျန်ဟိနီသော အကြွင်းအကျန်မြန်မာတပ်ရို့အား အင်အားဖြည့်တင်းရန် ငလှစည်သူကို စေလွှတ်လိုက်၏။ ထိုနှစ်တွင် ဗိုလ်ချုပ်မျက်တောင်ရှည်၊ လမ္မုစားရို့ဦးစီးသော ရခိုင်တပ်များနှင့် ရမ်းပြည့်မြို့တွင်ဟိသော မြန်မာတပ်များ အကြီးအကျယ်တိုက်ပွဲဖြစ်ပွား၏။ ရခိုင်တပ်များသည် အင်အားဖြည့်တင်းထားသော မြန်မာတပ်များနှင့်တိုက်ခိုက်ရာ အင်အားမမျှသဖြင့် လက်ဖန်အညာအရပ်သို့ဆုတ်ခွာပီးရကာ ရခိုင်သက္ကရာဇ် ၁၁၇၃ ခု ၀ါခေါင်လဆန်း (၂) ရက် စနီနိတွင် စနည်းချောင်း၌ လှီတပ်တည်၍ နီကုန်၏။

သံတွဲမြို့ကိုဝိုင်းရံထားသော ရခိုင်ဗိုလ် မြို့သစ်စားမောင်ငယ်၊ ဗိုလ်ဘချစ်ရည်ရို့လည်း စစ်ရေးမသာသောကြောင့် ထိုသက္ကရာဇ် ၀ါခေါင်လတွင် လမ္မုချောင်းဝ၌ တပ်တည်၍နီကတ်ရကုန်၏။ မာန်အောင်မြို့ကို ၀ိုင်းရံထားသော လက်ရုံးဗိုလ်၊ တိမ်ကြားဗိုလ်ရို့လည်း စစ်ရေးမမျှသဖြင့် မာန်အောင်မြို့ အုန်းချောင်းဝ၌ တပ်တည်၍နီရကုန်၏။

ဤသို့ ရမ်းပြည့်၊ သံတွဲ၊ မာန်အောင်ရို့၌ ရခိုင်တပ်ရို့ အင်အားမသာကြောင်းကြားသိရလျှင် မြန်မာမြို့ဝန် ငလှစည်သူသည် အသစ်ခန့်ထားသော မာန်အောင်ဝန်ကို အရှိခုနှစ်ခရိုင်ကိုတိုက်ရန် လွှတ်လိုက်၏။ မြန်မာမာန်အောင်ဝန် သူရဲတထောင်နှင်ချီလာပြီး ရခိုင်သက္ကရာဇ် ၁၁၇၃ ခု ၀ါခေါင်လပြည့်နိ၌ မအီချောင်းဝတွင် တပ်တည်လာ၏။ ယင်းသို့ တပ်တည်လာသော မာန်အောင်ဝန်သစ်တပ်အား ရခိုင်ဗိုလ်လမ္မုစားရွှေလူလား၍တိုက်သော် မြန်မာမာန်အောင်ဝန်သစ်တပ်တည် တယောက်မကြွင်းသီ၏။

ထိုအခါ မြန်မာဆင်ဖြူကျွန်းဗိုလ်သည် အရေးမလှသောမြန်မာတပ်ရို့အား အင်အားဖြည့်တင်းရန် လူတထောင်နှင့် စစ်ကူရောက်လာ၏။ ၄င်းသက္ကရာဇ် တော်သလင်းလတွင် ဒါးလချောင်းဝ၌ တပ်တည်လာပြန်၏။ ထိုသတင်းကိုကြားသောအခါ မြန်မာဆင်ဖြူကျွန်းဗိုလ်တပ်အား ရခိုင်တိမ်ကြားဗိုလ်တပ်လား၍တိုက်သော် မြန်မာတပ်ရို့ အတုန်းအရုံး သီကြီပျက်စီးရကုန်၏။ ယင်းနှစ်တွင် မြောက်ဦးဝန် မြန်မာငကျော်ထင်သည် မြို့သူကြီးငရကောက်ကို ဗိုလ်ချုပ်ခန့်ပြီးလျှင် ကုန်းအားရီအားချီလာပြီး လောင်းကြက်မြို့ဟောင်း၌ တပ်စောင့်ချ၍နီသော ရခိုင်ဗိုလ်စော်ကဲ၊ ဗိုလ်မှူးသောက်ကြာအောင်ရို့တပ်အား အကြီးအကျယ်ထိုးနှက်တိုက်ခိုက်၏။ တပ်မှူးသောက်ကြာအောင်သည် လက်နက်ထိမှန် သီဆုံး၏။

၎င်းသက္ကရာဇ် တန်းဆောင်ဘုန်းလဆုတ် (၅) ရက် တလင်းလာနိတွင် လက်ယာမြန်အရပ်၌ တပ်စောင့်နီသော ပလက်စားဗိုလ်စံ၊ တပ်မှူးမောင်ရွှေရို့ဦးစီးသောရခိုင်တပ်ရို့အား မြန်မာတပ်ရို့လာတိုက်သဖြင့် အင်အားနည်းသော ရခိုင်တပ်ရို့သည် ကုန်းကြောင်းအားဖြင့် ဆုတ်ခွာပီးရ၏။ ငရကောက်အရပ်၌ တပ်စွဲထားသော ဗိုလ်အောင်ကျော်၊ ရွှေနတ်ပင်တပ်စောင့် ဗိုလ်အောင်ကျော်ရွှေရို့လည်း ဗိုလ်ချင်းပြန်နီသော ဇေယျဝတီမြို့သို့ ဆုတ်ခွာပီးရ၏။

အရေးမသာသောအခြင်းအရာများကို ကြားရသောအခါ ဗိုလ်ချင်းပြန်သည် ဇေယျဝတီမြို့၌ဟိသော တပ်မှူးဗိုလ်မှူးရို့နှင့်တိုင်ပင်၍ စစ်ယှုံးသော ဗိုလ်မျက်တောင်ရှည်၊ လမ္မုစားဗိုလ်ရွှေလူ၊ ဗိုလ်တလိုင်းရှည်၊ ဒင်္ဂါးတောင်စား တုံးစံရွှေ၊ ဗိုလ်စော်ကဲအစဟိသော သုံးရာ့ခုနှစ်ကျိတ်သောလူရို့ကို မြန်မာနှင့်စစ်ပြီးသောအခါ အကုန်သူသတ်ပစ်မည်ဟု မှားယွင်းစွာ တိုင်ပင်ကြကုန်၏။

ထိုအခိုက် မြန်မာတိုင်းတာဝန် အာကာငကျော်ထင်သည် နဂါးရစ်မော်တင်လမ်းက ချီလာ၏။ မကျည်းကျွန်းအနားသို့ရောက်သောအခါ စတုကျွန်း၌တပ်စောင့်ချနီသော ရခိုင်ဗိုလ် တိုးအောင်ကျော်တပ် ဆီးကြိုတိုက်ခိုက်သဖြင့် တိုင်းတာဝန်အာကာငကျော်ထင်သည် မခံမရပ်နိုင်ဖြစ်ကာ ထွက်ပြီး၍ သံတွဲမြို့ထဲသို့ဝင်ကာ သံတွဲဝန်နှင့်ပေါင်းဖက်၍နီ၏။ တခါ ဗိုလ်ကျားကြီး၊ မြို့သစ်စားငဝေစသော မြန်မာတပ်ရို့ပေါင်းဖက်၍ စတုမြစ်သို့ချီလာ၏။

ဗမာဗိုလ်ကျားကြီးတပ်နှင့် စတုကျွန်း၌တပ်စွဲနီသော ရခိုင်တပ်ရို့သည် ရီကြောင်းတိုက်ပွဲဖြစ်ပွားရာ စစ်ကူမရသော ရခိုင်တပ်ရို့ အရေးမလှဆုတ်ခွာပီးရ၏။ ၄င်းရခိုင်စတုတပ်လည်း ရမ်းပြည့်စနည်းဖက်သို့ဝင်ကာ ဗိုလ်မျက်တောင်ရှည်တပ်နှင့် ပေါင်းဖက်၍နီ၏။

ထိုအခါ မြန်မာတိုင်းတာဝန်အာကာငကျော်ထင်နှင့် မြင်းဝန်ငမှိုင်းရို့သည် ကုန်းရီအားချီလာပြီး သံစစ်မြစ်သို့ရောက်လျင် စနည်းတွင်တပ်ချ၍နီသော ဗိုလ်ချုပ်မျက်တောင်ရှည်တပ်နှင့်တွိဆုံ၍ တိုက်ပွဲဖြစ်ပွား၏။ ဗိုလ်ချင်းပြန်ပြောဆိုသောစကားကိုကြားနှင့်ပြီးသော ဗိုလ်ချုပ်မျက်တောင်ရှည်သည် အနည်းငယ်မျှရာ ရင်ဆိုင်တိုက်ခိုက်ပြီး ယှောင်ထွက်လား၏။

မြန်မာတိုင်းတာဝန်ငကျော်ထင်လည်း ရမ်းပြည့်၊ မာန်အောင်၊ သံတွဲမြို့ကို အစောင့်ချထားခပြီးလျှင် မြောက်ဦးမြို့တော်သို့ ချီတက်လာကုန်၏။ ကျောက်ငနွားအရပ်သို့ရောက်သောအခါ ရခိုင်တပ်များနှင့်တွိဆုံ၏။ သို့သော် ရခိုင်တပ်မှူးရို့သည် ဗိုလ်ချင်းပြန်၏စကားကို ကြားနှင့်ပြီးဖြစ်သောကြောင့် တိုက်ခိုက်လိုသည့်ဆန္ဒမဟိဘဲ တိမ်းယှောင်၍ နီကုန်၏။

ဗိုလ်ချင်းပြန်လည်း ကျူးကျော်လာသောမြန်မာတပ်ရို့အားတိုက်ခိုက်ရန် လမ္မုစားရွှေဗိုလ်၊ မြုံထောင်စားရို့ကို ထပ်လောင်း၍ ချီတက်ခိုင်း၏။ ရခိုင်တပ်မှူးဗိုလ်မှူးရို့သည် ဗိုလ်ချင်းပြန်၏အကြံကို သိရင်းစွဲဟိကြသည်နှင့် ထိုသို့ဤသို့ရာ တိမ်းယှောင်လားကြကုန်၏။ ဗိုလ်ချင်းပြန်သည် ဤအခြင်းအရာကို ကြားသိရသောအခါ မတည်မရပ်နိုင်ဘဲ နောင်တပူပန်ယူကျုံးမရဖြစ်ကာ လေးမြို့နီ ရခိုင်လူဦးရေစုစုပေါင်း ကိုးသောင်းကိုးထောင်ကို သိမ်းကျုံးပြီး ရခိုင်သက္ကရာဇ် ၁၁၇၃ ခု ပြာသိုလပြည့် ဗုဒ္ဓူးနိတွင် ဇေယျဝတီမြို့မှ အင်္ဂလိပ်ပိုင် အနောက်ဘင်္ဂလားနယ်သို့ တိမ်းယှောင်ထွက်ခွာလာရ၏။

မြန်မာတိုင်းတာဝန် အာကာငကျော်ထင်သည် တပ်အလုံးအရင်းဖြင့် အနောက်ဘင်္ဂလားဖက်သို့ချီတက်လာပြီး မုံတောတွင် တပ်စခန်းချလာပြန်၏။ ဤသို့ မြန်မာတိုင်းတာဝန်တပ်ချီလာကြောင်းကို အင်္ဂလိပ်စစ်တကောင်းမြို့ဝန် ကြားသိလီလျှင် အင်္ဂလိပ်တပ်ရို့သည်လည်း အင်အားများစွာနှင့် နတ်မြစ်လက်ယာဖက်ကမ်းအရပ်၌ တပ်တည်၍ နီလာ၏။ ဤသို့ ဗိုလ်ချင်းပြန်နှင့် လက်ရို့ဗိုလ်ရို့သည် ရခိုင်နိုင်ငံတ၀ှမ်းလုံးအား မြန်မာကျူးကျော်သူများလက်ထဲမှ ပြန်လည်သိမ်းပိုက်ထိမ်းချုပ်နိုင်ပြီးခါမှ မြန်မာစစ်အင်အားဖြည့်တင်းလာသည်ကို မခုခံနိုင်ဘဲ ပြန်လည်ဆုတ်ခွာ ပီးရကုန်၏။

(ဤသည်မှာ ရခိုင်သက္ကရာဇ် ၁၁၆၀ မှ ၁၁၇၃ ခုအထိ ဒုတိယပိုင်း ရခိုင့်တော်လှန်ရေးနိဒါန်း စိုင်းတင်မြို့စား ရခိုင်ဗိုလ်ချင်းပြန်၏ ဒုတိယအကြိမ်မြန်မာတော်လှန်ရေးပင်ဖြစ်ပါသည်)

0 comments:

Post a Comment