Friday, 10 October 2014

အလောင်းမင်းတရားကြီး၏ နွယ်တော်စဉ်နှင့် ရခိုင်ရာဇဝင်အဆို


ရခိုင်ပြည်တွင် သိရီသုဓမ္မရာဇာမင်းလက်ထက်တွင် လောင်းကြက်စားအမတ်ငကုသလသည် ဗေဒင်အတတ်၊ အင်းအိုင်၊ မန္တန်အတတ်တို့ ကို အထူးတတ်ကျွမ်းသည်။ ယင်းအမတ်ငကုသလသည် မိဖုရားနတ်ရှင်မယ်နှင့် ချစ်ကြိုက်မိသည်။ မင်းကိုပရိယာယ်ဖြင့်သတ်၍ ထီးနန်းကိုလုယူသိမ်းပိုက်ရန်ကြံရွယ်သည်။ သီရိသုဓမ္မရာဇာမင်းကို ဆင်ဖြူတော်ရောက်ပါလိမ့်မည်။ ဤသို့ လုပ်တော်မူပါဟုလျှောက်ရာ မင်းလည်းယုံကြည်၍ ဆိုတိုင်းလိုက်လုပ်မိ၏။ ပညာရှိငလက်ရုံးက ငကုသလ၏မတော်မတရားပြုလုပ်ပုံများကို တင်လျှောက်ပြီးလျှင် ဆေးဝါးပယောဂ၍ အရှင်မင်းကြီးကိုယ်တော်၌ပင် ရောဂါကပ်ရောက်နေပြီဖြစ်ကြောင်း၊ ဤအတိုင်းဆိုလျှင် ခုနစ်လစေ့သောအခါ၌ပင် နတ်ရွာစံရတော့မည်ဖြစ်ကြောင်း သတိပေးလျှောက်ထားခဲ့သော်လည်း မင်းကြီးယုံတော်မမူချေ။ မြို့ တွင်းမြို့ ပြင်တွင် ခလေးများက
၁- မင်းဟရီမှောက်မှား အလားလား ဟရီလည်းသေ ပြည်လည်းကြေ။
၂- ကျွန်နှင့်မတန် မင်းဖြစ်ကြံသည် အမှန်တန့် တန့်  ခုနစ်လတွင် မင်းဖြစ်အံ့။
၃- ဖွတ်ကမီးချောင်းဖြစ် ချောင်းမြောင်းမခံသာ၊ ကျွန်သူကောင်းဖြစ် တိုင်းပြည်မစည်ရာ။ စသော တဘောင်များကို ကြားရပြန်၏။
ပညာရှိအမတ်ငလက်ရုံးလည်းနောက်ထပ် လျှောက်တင်ပါသေးသည်။ သို့ သော်နတ်ရှင်မယ်၏လှည့်စားချက်များကြောင့် မင်းကြီးသီရိသုဓမ္မရာဇာနားမဝင်တော့ပေ။ မိဖုရားနတ်ရှင်မယ်၏လှည့်စားမှုဖြင့် လေးမြို့ စားငကုသလလည်း ရာထူးမပျက်ချမ်းသာစွာနေရသည်။ ပညာရှိငလက်ရုံးလည်း ပညာနည်းသောမင်းထံခစားနေသော် နောင်အပြစ်ကြီးစွာရောက်ရာသည်ဟု မင်းထံခွင့်ပန်၍ ရဟန်းပြုလေတော့၏။ လောင်းကြက်စားလည်း လောကီပညာများဖြင့် မင်းကိုနံနှိပ်ပြီး နန်းတော်၌ (ငစည်)ကပြစေ၏။ ပညာရှိအမတ်ကြီးများ၏အကြိမ်ကြိမ်သတိပေးပါသော်လည်း “မ”တည်းဟူသော နတ်သျှင်မယ်မိဖုရား၏လှည့်ဖျားယောင်းမှုကို မလွန်ဆန်နိုင်ခြင်းကြောင့် မပျက်စီးတန်ဘဲ ပျက်စီးရချေသည်။ မင်းကြိးလွန်လျှင် သားတော်မင်းစနေ နန်းတက်ပါသော်လည်း ရက်ပေါင်း(၂၀)အတွင်းမှာပင် နတ်သျှင်မယ်၏လက်ချက်ဖြင့်ပင်နတ်ရွာစံတော်မူရှာလေသည်။ ရခိုင်ရာဇဝင်၌ မဖြစ်ဖူးမြဲ အလွန်ဆိုးဝါးသော အဖြစ်အပျက်တရပ်ပေတည်း။
လောင်းကြက်စားငကုသလမင်းတက်လုပ်ခြင်း
သီရီသုဓမ္မရာဇာမင်းကြီး၏ သားတော်မင်းစနေကို နတ်သျှင်မယ်၏အကူအညီဖြင့် အဆိပ်ထည့်သတ်လိုက်ပြီးလျှင် လောင်းကြက်စားငကုသလသည် နရပတိကြီးဟူသောဘွဲ့ အမည်ဖြင့် မြောက်ဦးရွှေနန်းတော်ကို သက္ကရာဇ် (၁၀၀၀)ပြည့်တွင် မင်းပြုတော်မူလေသည်။ နရပတိကြီး နန်းတက်တော်မူသောအခါ မိမိအသက်အန္တရယ်ကိုစိုးရိမ်သောကြာင့် မင်းဆွေ မင်းမျိုး၊ မှုးမတ်၊ သေနာပတိ၊ ပညာရှိပုဂ္ဂိုလ်များကို တိုင်းသူပြည်သားတို့ မသိရအောင် ညအချိန်တိုင်းလိုလို ဖမ်းယူသတ်ဖြတ်ခြင်းပြု၏။ မှူးကောင်း၊မတ်ကောင်း၊ ပညာရှိ၊ သေနာပတိ၊ ရဟန်းရှင်လူအများမှာ ဝေးရာအရပ်သို့  ရှောင်ပုန်းကြလေ၏။ စစ်ကွပ်ဆရာတော်ကြီးနှင့် ပညာရှိငလက်ရုံးတို့ လည်းပြေးကြရာ ငလက်ရုံးမလွတ်ခဲ့ချေ။ သို့ သော်မသတ်တော့ဘဲ ပညာဝံသဘွဲ့ ဖြင့် ခစားစေသည်။ ရခိုင်ပြည်တခုလုံးလည်းတုန်လှုပ်ခြောက်ခြားလေတော့၏။ ဤအကြောင်းကိုကြား၍ သီရိသုဓမ္မရာဇာမင်း၏အကြည်တော် အင်းဝမင်းသာလွန်မင်းတရားသည် ရခိုင်ပြည်သို့  ရာဇသံကို သံအမတ်ဖြင့်လွှတ်၏။ ရာဇသံထဲ၌-
“ဘုရားပလ္လင်ကျသည် ဟုတ်တေးလော။ ရာဇပလ္လင်မှာ ခွေးသေးဖြန်းသည်ဟုတ်တည်းလော။ ကြယ်များရေဝယ်ကျသည် ဟုတ်တည်းလော” ဟူ၍ပါလတ်၏။ အဓိပ္ပါယ်မှာ ရဟန်းသံဃာတော်များကို တောအရပ်သို့ နှင်ထုတ်ခြင်းသည် ဘုရားပလ္လင်ကျခြင်းပင်တည်း။ ကျွန်အမျိုးက မင်းဖြစ်ခြင်းသည် ရာဇပလ္လင်မှာ ခွေးသေးဖြန်းခြင်းပင်တည်း။ မင်းသား၊ မင်းသမီး၊ မှူးမတ်များကို သတ်ဖြတ်ခြင်းသည် ကြယ်များရေဝယ်ကျခြင်းတည်း။
သီရိသုဓမ္မရာဇာမင်း၏ သားတော်အလတ်(ငတုံးခင်)သည်  ရခိုင်ပြည်၏အနောက်အစွန်းကံသာမြီု့ ၌ မြီု့ စားအဖြစ်ဖြင့်ရှိနေရာမှ နရပတိမင်းဖြစ်သောအခါ ထိုမြို့ မှာပင်ခြားနား၍အလုံးအရင်းနှင့်နေလေ၏။ မင်းဆွေ၊ မင်းမျိုး၊ မှူးကြီးမတ်ရာ၊ သေနာပတိ၊ ပညာရှိပုဂ္ဂိုလ်များသည် ငတုံးခင်ထံသို့ ဝင်ရောက်ကြလေသည်။
နရပတိကြီးသည် သက္ကရာဇ်(၁၀၀၇)ခုနှစ်တွင် ကွယ်လွန်၍ သားတော်အိမ်ရှေ့မင်းသည် သတိုးမင်းတရားဘွဲ့ အမည်ဖြင့် ဆက်ခံလေသည်။ သတိုးမင်းတရားလွန်တော်မူလျှင် သားတော်စန္ဒသုဓမ္မရာဇာ။ စန္ဒသုဓမ္မရာဇာလွန်တော်မူလျှင် သားတော်ဥက္ကာဗလသည် သက္ကရာဇ် (၁၀၃၆)ခု၌ ဥက္ကာဗလ သီရိသုဓမ္မရာဇဘွဲ့ ဖြင့် ဆက်ခံလေသည်။
သီရိသုဓမ္မရာဇာမင်းကို မှူးမတ်၊ ကိုယ်ရံတော်များက ခြိတ်ချောင်းဘုရားအနီးတွင် လုပ်ကြံလိုက်လေသည်။ ထိုမင်း၏ တောင်နန်းစံ သုဝဏ္ဏကလျာမိဖုရားနှင့် မြောက်နန်းစံမိဖုရားကြီးတို့ မှာ ရောက်ရာပေါက်ရာ မထင်မရှားထွက်ပြေးကြကုန်၏။ တောင်နန်းစံမှာ ပဋိသန္ဓေသုံးလ၊ မြောက်နန်းစံမှာ ခုနှစ်လရှိပြီးဖြစ်လေသည်။ တောင်နန်းစံမှာ ဗူးရွက်မညှိးလမ်းမှ အနောက်ရိုးမတောင်ကိုဖြတ်ကျော်၍ အရှေ့ပြည်သို့ ကူးလာခဲ့၏။ မြောက်နန်းစံမှာကား ပဋိသန္ဓေရင့်မာနေပြီဖြစ်၍ အဝေးသို့ မပြေးနိုင်တော့ဘဲ မြို့ တော်နှင့်ဝေးကွာသော ရွာငယ်တခု၌ မထင်မရှား သူဆင်းရဲအသွင်ဖြင့် တိမ်းရှောင်နေခဲ့လေသည်။
ပထမ ကုန်းဘောင်မင်းဆက်၊ အလောင်းမင်းတရားကြီး၏ နွယ်တော်စဉ်နှင့် ရခိုင်ရာဇဝင်အဆို
အရှေ့ဖက်သို့ ထွက်ပြေးသွားသော တောင်နန်းစံမိဖုရားသည် သူဆင်းရဲအသွင်ဖြင့်မုဆိုးဘို(ရွှေဘို)မြို့ သူကြိးအိမ်၌ တည်းခိုနေသည်။ သူကြိးလည်း မိဖုရားအသွေးအမွေးကိုမြင်၍ ချစ်ခင်ကြင်နာစွာ သမီးအဖြစ်ဖြင့် မွေးစားထားသည်။ သူကြီးအိမ်၌ပင်ထူးကဲစွာသောနိမိတ်များဖြင့် မိဖုရားသည်သားတော်တပါးဖွါးမြင်၏။ မောင်အောင်ဇေယျဟုအမည်ပေးလေ၏။ သို့ သော် ငယ်ရွယ်စဉ်အခါမှာ သားတော်အားမိမိ၏မျိုးရိုးကို ထုတ်ဖေါ်၍မပြောခဲ့ပေ။
သို့ သော်လူကမပြောသော်လည်း သွေးကပြောသည်ဆိုသောစကားအတိုင်း မြန်မာတမျိုးလုံးကို မွန်တို့ တိုက်၍  အင်းဝမြို့ တော်ကိုပါ သိမ်းပိုက်ထားကြောင်းတွေ့ ရသောအခါ လူမျိုးတမျိုးက လူမျိုးတမျိုးကို စိုးမိုးချုပ်ချယ်ခြင်းသည် သက်သက်မတရားသောအမှုဖြစ်သဖြင့် မွန်တို့ ၏ရန်ကို တွန်းလှန်တိုက်ခိုက်လိုသော ဇာတိမာန်ကြောင့် လူစုဆောင်းရာ တစတစ အင်အားကြီးမားလာ၏။ မိဖုရားကြီးမှာ သား၏ချစ်ခြင်းဖြင့် အားချင်းမမျှသောရန်ကို မတွန်းလှန်စေလို၍ တားမြစ်သေး၏။ သို့ သော် သားတော်၏ ဇာတိမာန တက်ကြွသောစိတ်ကို တား၍လည်းအချဉ်းအနှိးဟု မြင်တော်မူသော မယ်တော်သည် တနေ့ သောအခါမှာ မျိုးရိုးနှင့်တကွ နွယ်တော်စဉ်ကို ထုတ်ဖေါ်ပြောပြလေတော့၏။ ထိုနေ့ မှစ၍ “သေမြေကြီး၊ ရှင်ရွှေထီး” ဆိုသောစကားအရ မွန်တို့ ရန်ကို ငါတွန်းလှန်မည်ဟု အဓိဌာန်ပြုပြီးလျှင် လူအင်အား၊ လက်နက်အင်အားမမျှသော ရန်သူတို့ ကို ဇာတိသွေး၊ ဇာတိမာန်တည်းဟူသော လက်နက်ဖြင့် သည်းသည်းမဲမဲ တိုက်ခိုက်တွန်းလှန် အောင်မြင်တော်မူသောကြောင့် မြန်မာတနိုင်ငံလုံးကို သိမ်းပိုက်အုပ်ချုပ် မင်းလုပ်တော်မူလေသတည်း။
မင်းဖြစ်သောအခါ အလောင်းမင်းတရားဟူသောဘွဲ့ တော်ကို ခံတော်မူလေသည်။ မွန်၊ မြန်မာမင်းများနှင့်တကွ နိုင်ငံတော်သူ၊ နိုင်ငံတော်သားများကို စည်းရုံး၍ ဖရိုဖရဲပြိုကွဲနေသော မြန်မာပြည်ကို ဧကရာဇ်အဖြစ်ဖြင့် စိုးစံတော်မူခဲ့ပေသည်။ ယင်းသို့  မြန်မာတနိုင်ငံလုံးကို သိမ်းပိုက်ပြီးနောက် အလောင်းမင်းတရားသည် အဘယ်ကြောင့် ရခိုင်ပြည်ကို မတိုက်ခဲ့ပါသလဲ။ ဖြတ်ကျော်သွားလာရန်ခဲယဉ်း၍ကား မဟုတ်ပေ။ တောင်ကြားလမ်းများရှိပါ၏။ ဗူးရွက်မညိုးတောင်ကြားလမ်းသည် အလွယ်ဆုံးလမ်းဖြစ်ပါသည်။ သို့ ဖြစ်ပါလျက် ရခိုင်ကိုမတိုက်ခြင်းမှာ အကြောင်းရှိပါသည်။
အကြောင်းကား- ဥက္ကာဗလသီရီသုဓမ္မရာဇာ မြောက်နန်းမိဖုရားသည် ပဋိသန္ဓေခုနစ်လနှင့် မထင်မရှား ပုန်းလျှိုးနေခဲ့ရာမှ သားတော်တပါးဖွါးမြင်သည်။ သားတော် ငယ်နာမည်ကား ဒုံးညိုတည်း။ အရွယ်ရောက်သောအခါ ရခိုင်ပြည်၌ သူတမင်း၊ ငါတမင်း မှူးမတ်ခြွေရံတော်များ မင်းလုပ်နေကြသည်ကို သုတ်သင်၍ သက္ကရာဇ်(၁၀၇၂) ၌ စန္ဒဝိဇယရာဇာဘွဲ့ တော်ဖြင့် ထီးနန်းအုပ်ချုပ်မင်းလုပ်တော်မူလေသည်။ ယင်းကဲ့သို့ နောင်တော် စန္ဒဝိဇယရာဇာရှိနေကြောင်း သိတော်မူ၍သာ ရခိုင်ကို မတိုက်ရခြင်းဖြစ်ပေသည်။ အကယ်၍ ရခိုင်ပြည်၌ ဆူပူလျက်ရှိနေသေးလျင် အလောင်းမင်းတရားလာရောက်တိုက်ခိုက်ရပေမည်မှာ သေချာသည်။ ဤသို့ အားဖြင့် ညီတော်၊ နောင်တော်နှစ်ပါး နန်းပြိုင်အုပ်ချုပ်တော်မူခဲ့ကြကြောင်းကို အကြောင်းပြု၍ “အရှေ့မှာ အောင်ဇေယျ၊ အနောက်မှာ ဝိဇယ” ဟူ၍ ရခိုင်ပြည်၌ ဆိုရိုးစကားရှိခဲ့ပေသည်။
မှတ်ချက်။   
မြန်မာရာဇဝင်၌ကား မောင်အောင်ဇေယျမွေးဖွါးသက္ကရာဇ်ကို (၁၀၇၆)ဟုဖေါ်ပြထား၍ ရခိုင်ရာဇဝင်၌ ဥက္ကာဗလသီရိသုဓမ္မရာဇာ သူပုန်တို့ လက်ချက်နှင့် နတ်ရွာစံသော သက္ကရာဇ် (၁၀၄၇)ဟုဖေါ်ပြထားရာ ရခိုင်ရာဇဝင်အလိုအားဖြင့် မောင်အောင်ဇေယျကို ဖွါးမြင်သော သက္ကရာဇ်သည်လည်း ခမည်းတော်ကွယ်လွန်သောနှစ်မှာပင် မယ်တော်ဝမ်း၌ ပဋိသန္ဓေရှိနေခြင်းကြောင့်(၁၀၄၇) ခုပင်ဖြစ်ရပေမည်။ သို့ဖြစ်ရာ မွေးဖွါးသောသက္ကရာဇ်မှာ မြန်မာရာဇဝင်နှင့် ရခိုင်ရာဇဝင် (၂၉) နှစ်မျှ ကွာခြားနေကြောင်းတွေ့ ရပေသည်။ တဖန်တုံလည်း ရခိုင်ပြည်၌ စန္ဒဝိဇယမင်းနန်းတက်သောနှစ်မှာ သက္ကရာဇ်( ၁၀၇၂)ခုဟု ဖော်ပြထားရာ ထိုနှစ်မှာပင်မဟုတ်သော်လည်း၊ ထိုနှစ်အနီးအနား (ဆယ်နှစ်မှ ဆယ့်ငါးနှစ်အတွင်း) မှာ အရှေ့တလွှားကို အောင်ဇေယျအုပ်စိုးနေသောအချိန်ဖြစ်ရပေမည်။ သို့ သော် မြန်မာရာဇဝင်၌ အောင်ဇေယျနန်းတက်သက္ကရာဇ်ကို (၁၁၁၄)ဟု ဖေါ်ပြထားပြန်သဖြင့် ဝိဇယနှင့် အောင်ဇေယျနန်းတက်သက္ကရာဇ်မှာ နှစ်ပေါင်း (၄၂)နှစ်မျှ ကွာခြားနေကြောင်းတွေ့ ရပြန်သည်။
ဤကဲ့သို့  သက္ကရာဇ် မညီညွတ်ရှိသည်မှာ ရှေးရာဇဝင်ဆရာများ သက္ကရာဇ်အယူအဆမတူကြ၍လောဟု တွေးတောဖွယ်ရှိပေသည်။ ရခိုင်ရာဇဝင်ဆရာ အချင်းချင်းပင် အယူအဆကွဲလွဲကြသည်လည်း ရှိပေသည်။ သို့ သော် သက္ကရာဇ်အယူအဆကွဲလွဲသည်ကို အကြောင်းပြု၍ထွက်ဆိုချက်ပါ မှားယွင်းသည်ဟုမဆိုနိုင်ပေ။ အလောင်းမင်းတရား(မောင်အောင်ဇေယျ)၏ နွယ်တော်စဉ်ကို မင်းတုန်းမင်းလက်ထက်က ရတနာပုံ မန္တလေးမြို့ တော်၌စတင်ပုံနှိပ်ခဲ့သော စာအုပ်တအုပ်တွင် ယခုဖေါ်ပြထားသည့်အတိုင်း လွန်ခဲ့သော(၂၅)နှစ်ခန့် က စစ်တွေမြို့  အာကျိတ်တော်ကုန်း ဓါတ်လည်စေတီအနီး တောရပ်ဆောက်တည်သော(ငါးဇင်းရိုင်းချောင်း)ဆရာတော်ကြီးထံမှ ရရှိ၍ ဖတ်ဖူး၊ မှတ်ဖူးပါသည်။ ကျတော်သည် ဤအကြောင်းများနှင့်ပတ်သက်၍ ကွယ်လွန်သူ အမျိုးသားပညာဝန် ဦးဖိုးကျား၊ ဒီးဒုတ်ဦးဘချိုတို့ နှင့်လည်း ဆွေးနွေးဖူးပါသည်။ သူတို့ လည်း ဤအတိုင်းပင် ရှေးလူကြီးများ ပြေစကားကို မှတ်မိဖူးကြောင်း ပြောကြပါသည်။
အလောင်းမင်းတရားကြီးသည် ရခိုင်ဖြစ်သည်၊ မြန်မာဖြစ်သည်ဟု အသားပေး အသားယူပြုမူလို၍မဟုတ်ပါ။ မြန်မာနိုင်ငံတော်အတွင်းရှိ တိုင်းရင်းသူ၊ တိုင်းရင်းသား အချင်းချင်းသာမဟုတ် ကမ္ဘာသူ၊ ကမ္ဘာသားအချင်းချင်းပင် ချစ်ကြည်စွာ ပေါင်းသင်းဆက်ဆံရေးကို အမြဲရှေးရူသူဖြစ်ပါသဖြင့် ယောနိသောမနသိကာရဖြင့် ဖတ်ရှုတော်မူကြစေလိုပါသည်။

ဤသို့  ဤသို့ လျှင် သက္ကရာဇ်(၁၀၀၀) ပြည့်နှစ် ငကုသလသည် နရပတိကြီးဘွဲ့ အမည်ဖြင့် ရခိုင်ပြည်၌ မင်းလုပ်အုပ်ချုပ်သည်မှစ၍ ဝိဇယမင်းနန်းတက်တော်မူသော သက္ကရာဇ်(၁၁၇၆)ထိ နှစ်ပေါင်း(၇၆)နှစ်သော အချိန်သည် ရခိုင်ရာဇဝင်၌အဆိုးဆုံးအချိန်ဖြစ်သည်။ မှူးမတ် ကိုယ်ရံတော်များတဥိးကို တဥိးနန်းချကာ သူတမင်း ငါတမင်း စီုးစံကြသောအချိန်ဖြစ်သဖြင့် တိုင်းသားပြည်သူ ရှင်လူအများမှာ ကိုယ်စိတ်မချမ်း၊ ပင်ပန်းနွမ်းရိကြကုန်သည်။ နရပတိကြီးသည် မှူးကြီးမတ်ရာ၊ သေနာပတိ၊ ပြည်ကြီးတံခွန်ဖြစ်ကြကုန်သော ပညာရှိများကို သတ်ဖြတ်နှိပ်စက် နိုင်ထက်ကလူ ပြုမူခြင်းကြောင့် ထိုနှစ်ပေါင်း ခုနှစ်ဆယ်ကျော်မျှသောအချိန်သည် ရခိုင်ပြည်၌ ပညာရှိဆိတ်သုဉ်းချိန်ဖြစ်သည်။ ယင်းကဲ့သို့  တရားလက်လွတ်သူများမှာ ဘုန်းကြီးသော်လည်း အသက်မရှည်၊ အသက်ရှည်သော်လည်း ဘုန်းမကြီးဘဲ မိမိကံကြောင့် ပျက်စီးခြင်းသို့ ရောက်ကြရစမြဲပေတည်း။ တရားသံဝေဂယူနိုင်ကြပါစေ။

ဝန်ခံချက်
ဆရာကြီးဦးအောင်သာဦး၏ “ရက္ခမဏ္ဍလ ရခိုင်ရာဇဝင်” စာအုပ်မှ အလောင်းဖုရားဦးအောင်ဇေယျနဲ့ပတ်သက်သော အချက်အလက်များကို ထုတ်နှတ်တင်ပြလိုက်ပါသည်။

0 comments:

Post a Comment