Thursday, 9 October 2014

ငြိမ်းချမ်းရေးလေးမျက်နှာ (ပုထိုးတစ်ဆူ၏ မြောက်ဦးဗေဒ)

ရွှေအိုရောင် အလင်းတန်းများသည် ဖိုးခေါင်တောင်စွယ်မှ စိမ်းမြမြ သစ်ရွက်များပေါ်တွင် ၀င်းလက်နေ ကြသည်။ ထုက္ကန့်သိမ် ပုထိုးတော်၏ အနောက်မျက်နှာတွင် နေရောင်လင်းနေဆဲပါ။ ပုထိုးတော်အရိပ် ဖုံးလွှမ်းထားသော ကျောက်လှေကားထစ်များသည် နွေးမြဆဲပင်ဖြစ်သည်။ ဂန္ထ၀င် မဟာလှေကားထစ် များပေါ်တွင် ကျွန်တော်ရပ်နေမိသည်။

အို...မိတ်ဆွေ၊ လှပလွမ်းမြေ့ဖွယ် ညနေခင်းတစ်ခုတွင် ဤလှေကားထစ်များပေါ်သို့ မိတ်ဆွေတက်ရောက် ဖူးပေမည်။ ရင်ထဲ မည်သို့ခံစားရပါသနည်း။

ဖာရောက်ဘုရင်တစ်ပါးနှင့် ပိရမစ်၊ ပါသီနွန်ကျောင်းတော်နှင့် ဂရိဆိုဖစ်တစ်ဦး၊ ဘိုင်ဇင်တိုင် ဘုရားရှိ ခိုးကျောင်းနှင့် သူတော်စင်တစ်ဦး၊ အလယ်ခေတ် ဂျာမန်ရဲတိုက်ကြီးနှင့် မြို့စားကြီးတစ်ဦး။ လွတ်လပ်စွာ ရင်ခုန်ခံစားခွင့် ရှိပါသည်။

ဤပတ်ဝန်းကျင်၌ သျှစ်သောင်း၊ ထုက္ကန့်သိမ်၊ အံတော်သိမ်၊ ရတနာပုံစေတီ၊ လောင်ပွန်းပြောက်၊ အနော် မာစေတီ၊ ပိဋကတ်တိုက် စသည်ဖြင့် ကပ်လျက် ဆက်လျက် တည်ရှိနေကြသည်။ မြောက်ဦးခေတ် ထေရ ၀ါဒ သာသနာ၏ ဗဟိုရပ်ဝန်းဟုပင် ဆိုနိုင်တော့သည်။ ဤပုထိုးစေတီတို့သည် ရခိုင်တို့၏ နှလုံးအိမ်မှ၊ ဦးနှောက်မှ၊ လက်ဖျားမှ စိမ့်စက်ကျလာသော ယဉ်ကျေးမှု အနုပညာများ ဖြစ်ပါသည်။ ပိရမစ်များ၊ ဂရိနတ်ကွန်းကြီးများ၊ ရောမဘုရားကျောင်းများ၊ ဂျာမန်ရဲတိုက်များ၊ စိနမဟာတံတိုင်းများနှင့်အတူ လူ့ ယဉ်ကျေးမှုဥယျာဉ်ထဲမှ ရောင်စုံပန်းပွင့်များ ဖြစ်ကြပါသည်။

ကတျာတောင်ကို မြေညှိကာ တံတိုင်းလေးဖက်ကာရံပြီး ၎င်းပေါ်တွင် ထုက္ကန့်သိမ်ပုထိုးတော်ကို တည်ခဲ့ သည်။ ဒါယကာတော်မှာ မင်းဖလောင်းဖြစ်သည်။ ရဲတိုက်တစ်ခုနှယ် ဟန်နှင့်မာန်နှင့်၊ ခံတပ်တစ်ခုနှယ် ထုထည်နှင့် ခိုင်ခိုင်ခန့်ခန့်။ ခရုပတ်လိုဏ်ဂူ၊ ကျယ်ပြန့်သော စင်္ကြံလမ်း၊ အလင်းဝင် လမ်းပေါက်များ၊ ဘဲဥပုံ တံခါးများ၊ ပ၀ါရဏခန်း၊ မှိန်ရာမှ တဖြည်းဖြည်း လင်း၍ လင်း၍လာပြီး လှေကားထစ်များအတိုင်း ဂန္ဓကုဋီ တိုက်ခန်းသို့ ဓမ္မလမ်း။ လမ်းအဆုံး၌ ဖူးပွင့်လာသော ဓမ္မအလင်းရောင်၊ ခေါင်မိုးပေါ်ရှိ အလင်းတံခါးပေါက် ကြီးမှ မိုးကောင်းကင်ကို မြင်ရသည်။ ရခိုင်ဗိသုကာ၏ အလင်းဓမ္မနိမိတ်ပုံ မဟုတ်ပါလား။

ထုက္ကန့်သိမ် လှေကားထစ်များပေါ်မှ သျှစ်သောင်းပုထိုးတော်ကြီးကို မြင်နေရသည်။ ဖိုးခေါင်တောင်က လပ်ပေါ်မှ ရန်အောင်ဇေယျပုထိုးတော်။ မဇ္ဈိမဒေသမှ ဓါတ်တော်ရှစ်သောင်း၊ ကျောက် ကြေး သံ ရွှေ ရတနာတို့ဖြင့် သွန်းထုသော ဆင်းတုတော် ရှစ်သောင်းကို ဌာပနာထား၍ တည်ခဲ့သော ပုထိုးတော်။ အနောက်ဘင်္ဂါ ဆယ့်နှစ်တိုင်းနှင့် ပေါ်တူဂီရေတပ်ကို အောင်နိုင်မှုအထိမ်းအမှတ် ရန်အောင်ဇေယျ ပုထိုးတော်။ ကြီးမြတ်မှု၊ အောင်မြင်မှု သင်္ကေတများသည် စေတီ၏ဆည်းလည်းသံများနှင့် တွယ်ငြိ လှပချိုမြနေကြသည်။

ကျွန်တော်ကတော့ ထုက္ကန့်သိမ်လှေကားထစ်များပေါ်မှ မင်းစောမွန်ကိုသာ လွမ်းဆွတ်တမ်းတ နေမိ တတ်ပါသည်။

ထုက္ကန့်သိမ်နောက်ဘက်မှ ကြည့်လျှင်၊ လေးမျက်နှာ ပုထိုးတော်ကို မြင်ရသည်။ မြင်ကွင်းကို အားရကျေ နပ်ခြင်း မဖြစ်မိချေ။ ဥပုသ်ဆောင် ကျောက်လှေကားအိုမှတစ်ဆင့် ပုထိုးတော်ခေါင်မိုးသို့ တက်မည်။ ခေါင် မိုးပေါ်ရှိ ပင်မစေတီခြေရင်းမှ ကြည့်လိုက်မှသာလျှင် ရင်ထဲ ပွင့်လင်းသွားသည်။ ကြည်နူးလာသည်။ ဆွတ်ပျံ့လွမ်းမောသွားသည်။ သို့နှင့် ၀မ်းနည်းကြေကွဲလာပြန်သည်။ လေးမျက်နှာပုထိုးတော်သည် တော ရဆောက်တည်နေသော မထေရ်အိုတစ်ပါးနှင့် တူနေသည်။ သျှစ်သောင်း၊ ထုက္ကန့်သိမ်၊ အံတော်သိမ် တို့နှင့် နှိုင်းယှဉ်လျှင် မြေပြင်ညီနိမ့်နိမ့်၌ တိတ်ဆိတ်အေးချမ်းစွာ တည်ရှိနေသည်။ ငြိမ်းချမ်းရေးသူရဲကောင်း မင်းစောမွန်တမ်းတခဲ့သော၊ တည်ဆောက်ခဲ့သော၊ ငြိမ်းချမ်းရေးနှင့်လိုက်ဖက်စွာ ငြိမ်းချမ်းတိတ်ဆိတ်နေ သည်။ "ငြိမ်းချမ်းရေး လေးမျက်နှာ"ဟု ရင်ထဲတိုးညှင်းစွာ ဆိုနေမိတော့သည်။

ပုထိုးတော်၏ အနောက်ဘက်တွင် သိင်္ဂနဒီမြစ်ကလေးသည် ကွေ့ကောက်စီးဆင်းနေသည်။ မြစ်ကလေး သည် နန်းတော်ကုန်း၏ အနောက်ကျုံးခြေရင်းမှ ဖြတ်စီးကာ၊ မြောက်ဦးမြို့ကိုဖြတ်၍ ပန်းဈီးမြောင်းဘက်ဆီ သို့ ဦးတည်သွားလေသည်။ မြို့တည်စအချိန်တုန်းက အတော်ကျယ်ဝန်းသော မြစ်တစ်စင်း ဖြစ်ပေမည်။ မြစ် ကမ်းနဖူးတွင် ပုထိုးတော်ကို တည်ခဲ့ပေမည်။ ထိုစဉ်က သည်ပတ်ဝန်းကျင်၌ စေတီမရှိ၊ ဘုရားပုထိုး မရှိ၊ ကျောင်းကန်မရှိ။ တောအုပ်ငယ်များ၊ တောင်ကုန်းငယ်များအတိ ဖြစ်နေမည်။ တောရိုင်းတိရစ္ဆာန်တို့ နယ်မြေ ဖြစ်နေမည်။ သည်အရပ်မြစ်ကမ်းနံဘေး မြေပြန့်လွင်ပြင်ညီမှာ ပုထိုးတော်ကို တည်ထားခဲ့ပေသည်။ တည်ဆောက်ရေးအတွက် ကျောက်တုံးကျောက်ခဲများကို ရေလမ်းဖြင့် ပို့ခဲ့ပေမည်။ အလုပ်သမားများ၊ ပညာ သည်များ လှေသမ္ဗာန်တို့ဖြင့် အလုပ်ခွင်သို့ လာကြမည်။ ပုထိုးတော်ကို ဖူးမြော်ရန် ဘုရင်မင်းမြတ်သည် ရေ လမ်းဖြင့် ကြွလာခဲ့ပေမည်။

စတုရန်းထုပုံမှ ဘေးဘက်သို့ မုခ်စွန်းလေးခု ထွက်နေသော ပုထိုးတော်သည် အင်ဂျင်နီယာ ပုံဆွဲပညာ အရ ဖြတ်ပိုင်းယူလိုက်လျှင် ပကတိအချိုးကိုက်ပုံ ဖြစ်သည်။ မည်သည့်ဘက်မှ သာစေ စွန်းစေ မထားရှိ ပါချေ။ မုခ်လေးပေါက်ကို အရပ်လေးမျက်နှာ၌ အတားအဆီးမဲ့ ဟင်းလင်းဖွင့်ထားမှုသည်ပင် အတွေးအမြင် တစ်ရပ်ဖြစ်နေသည်။ အရပ်လေးမျက်နှာ၌ တပြေးညီမှု၊ ပွင့်လင်းသောအလင်းရောင် ခံစားရရှိနိုင်မှုကို ဖော် ကျူးထားသည်။ ဓမ္မအလင်းရောင်နှင့် ငြိမ်းချမ်းမှု၏ ဗိသုကာသင်္ကေတ တစ်ခု ဖြစ်နေတော့သည်။

သည်ရပ် သည်မြေ၌ လေးမျက်နှာပုထိုးတော်သည် မူလဘူတဖြစ်သည်။ ဤသို့ပုထိုးတော်များ ဆင့်ပွားပေါ် ထွက်လာနိုင်ပါဦးမည်လား။ ကျွန်တော့်အတွက် နေရာရွေးချယ်တည်ဆောက်မှုနှင့် ဗိသုကာဒဿနသည် ကဗျာဆန်လှပနေသည်။ လေးမျက်နှာပုထိုးတော်ကိုမြင်လျှင် မင်းစောမွန်အား စစ်သွေးစစ်မာန် ညံ့ဖျင်းသူ တစ်ဦး၊ မင်းဆိုးမင်းညစ်တစ်ဦး ဖြစ်ခဲ့ဖူးသည်ကိုပင် မေ့လျော့သွားမိတော့သည်။

လေးမျက်နှာပုထိုးတော်၏ ဒါယကာသည် မင်းစောမွန်။ သူသည် မြောက်ဦးတည်သူဖြစ်သည်။ သူသည် လေးမြို့ခေတ်၏ နောက်ဆုံးရခိုင်မင်း ဖြစ်သည်။ သူ့ဘ၀သည် ရသဗေဒ၏ လင်္ကာရှည်တစ် ပုဒ်ဖြစ်သည်။ သူသည် တရားသီလမဲ့သူ ဖြစ်သည်။ မင်းစွမ်းရည် ချို့ယွင်းသူ ဖြစ်သည်။ ထို့ကြောင့် အဉ္စန နဒီလေးမြို့မြစ်ရေ ခြင်းခြင်းနီခဲ့ရသည်။ လေးမြို့၌ စစ်မင်းတို့၏ အောင်တေးသံ၊ သေရည်ကျူးသံနှင့် ပြည်သူ အပေါင်းတို့၏ ဘ၀ပျက်ငိုကြွေးသံသည် ဆယ်စု နှစ်လီ တိုင်ခဲ့ရသည်။ ရာဇဓိရာဇ်၊ မင်းခေါင်၊ မင်းရဲကျော်စွာ၊ အမတ်ဒိန်တို့သည် ပြဿနာ၏ ဒုတိယအမှားများသာ ဖြစ်သည်။ နံပါတ်တစ် တရားခံသည် မင်းစောမွန်။

သူ့ဘ၀အဖြစ်အပျက်များသည် ပြဇာတ်ဆန်လွန်းသည်။ စိတ်ကူးထက် ဆန်းကြယ်ပေသည်။ မင်းစောမွန် ပြည်ဝင်ခန်းသည် ခေတ်ပေါ်စွန့်စားမှု ဗွီဒီယိုကားတစ်ခုထက် ဒီဂရီများစွာ စူးရှနေသည်။ စစ်ကူအမတ် ဥလုံခင်သည် လောင်းကြက်ကို ရသောအခါ၊ သူသာလျှင် ပလ္လင်ထက်သို့တက်ကာ မင်းစောမွန်ကို ဗားဘူတောင်တွင် ချုပ်ထားသည်။ ညီတော် မင်းခရီက သူရသတ္တိရှင်များကို စည်းရုံးကာ နောင်တော် လွတ်မြောက်ရေးတိုက်ပွဲ၊ လောင်းကြက်သို့ ဒုတိယထိုးစစ်။ အရေကို ဗုံကြက်၍ ယူလာခဲ့၊ သစ္စာမဲ့သူတစ်ဦး၏ အသေဆိုးနိဂုံး။

မင်းစောမွန်သည် ဇာတ်လမ်း၏အလယ်တွင် လောင်းကြက်မှ ရာဇက္ကနြေ္ဒမဲ့စွာ သွေးရူးသွေးတန်း ဆုတ်ခွာခဲ့သည်။ အရှေ့ပဲခူးတွင် မခိုလှုံဘဲ အနောက်သို့ပြေးခဲ့သည်။ သူသည် လူယုတ်မာတစ်ဦး။ သို့သော် လူပေါလူညံ့တစ်ဦး မဟုတ်။ ပဲခူးနှင့် အင်းဝ၏ စစ်မက်လွန်ပွဲတွင် မှုန်ဝါးလွန်းသော မိမိ၏အခန်းကဏ္ဍကို ကြိုမြင်ခဲ့သည်။ မိမိသည် စစ်တုရင်ခုံပေါ်မှ နယ်ရုပ်အဖြစ် မခံနိုင်။ သူသည် အခွင့်အခါကိုစောင့်ရင်း၊ မိမိ၏ ကိုယ်စိတ်နှလုံးကို ဝေဖန်ပြုပြင် တည်ဆောက်ခဲ့ပေသည်။

ယခုနှင်းကွဲ၍ နေခြည်ဝင်းလက်ခဲ့ပြီ။ မတ်စောက်သော လေးမြို့ကမ်းပါးထိပ်မှ ရပ်ကြည့်လျှင် တသွင်သွင် တဖျပ်ဖျပ်စီးနေသော အဉ္စနနဒီကို မြင်ရသည်။ အဉ္စနသည် ယခင် အဉ္စနပင်လော။ ယခု ငါမင်းစောမွန်သည် ယခင် မင်းစောမွန်ပင် ဖြစ်သလော။ လောကသည် ပြောင်းလဲနေ၏။ သက်တော် ငါးဆယ် မင်းစောမွန်သည် သက်တော်နှစ်ဆယ့်ငါး ရူးမိုက်၊ အကျင့်ပျက်၊ သီလမဲ့၊ တာဝန်မဲ့ မင်းစောမွန် မဟုတ်တော့ပြီ။ မိမိတိုင်းနိုင်ငံ၊ မိမိပြည်သူတို့၏ ငိုညည်းသံများ၊ သေကြေပျက်စီးမှုများကို မိမိတွေ့မြင် ဖြတ်သန်းခဲ့ရပြီ။ ရှေ့ဆုံးမှ မိမိကျူးလွန်ခဲ့ပြီ။

ပြည်သူများအတွက် စီးပွားချမ်းသာကို မိမိရွက်ဆောင်ပေးလိုပါသည်။

ပြည်သူများအတွက် ငြိမ်းချမ်းရေးကို မိမိတည်ဆောက်ပေးလိုပါသည်။

သို့မှသာ မိမိနှလုံးအိမ်သည် ငြိမ်းချမ်းအေးမြ ရပါလိမ့်မည်။


ဤသို့နှင့် လူ့သမိုင်းဥယျာဉ်၌ မြောက်ဦးဆိုသော ယဉ်ကျေးမှုအနုပညာ ပန်းတစ်ပွင့်၊ စိမ်းမြသင်းပျံ့ ရှင်သန်လာခဲ့ပါလေတော့သည်။

သက္ကရာဇ် ၇၉၂ တော်သလင်းလဆန်း၊ တနင်္ဂနွေနေ့ဝယ်  မြို့တည်သောမင်း ကြာသပတေး သားဖြစ်သောကြောင့်၊ မိန်လဂ် မိန်စန်းနှင့်  မြို့တည်မူ မင်းကား အသက်ရှည်အံ့၊ မြို့သက်ကား သုံးနှစ်တွင် ပျက်လတ္တံ။ ကန်လဂ် ကန်စန်းနှင့်  မြို့တည်မူ မင်းသက် သုံးနှစ်သာရှည်အံ့၊ မြို့သက် တစ်ရာကျိန်းရအံ့ဟူ၍ ဟူးရားတတ်တို့ လျှောက်လေသော်၊ ငါ၏အသက်ကား တိုပါစေ။ မြို့အသက်ရှည်သဖြင့် နောင်သား နောင်လာ  ငါ၏ သားမြေးအစဉ်အဆက် ပြည်တိုင်းသားတို့သည်၊ ကြီးပွားထွန်းလင်း၍ ရှည်ကြာစွာတည်မြဲပါစေဟု ဆိုတော်မူပြီး၊ ကန်လဂ်ကန်စန်း၌ မြို့နှင့်နန်းကို တစ်ပြိုင် တည်း တည်တော်မူသည်။
                        (ရခိုင်ရာဇဝင်သစ်)

မင်းယောက်ျားတစ်ဦးအတွက် သက်တော်ငါးဆယ်ဆိုသည်မှာ ဇရာ၏အစပိုင်းမျှသာ ဖြစ်သည်။ ခံစား ယစ်မူးဖွယ်ရာ ကာလများ၊ ရှေ့တွင် စောင့်လျက်။ သို့သော် မင်းအာဏာ မင်းစည်းစိမ်ကို သူ မမက်တော့ချေ။ မိမိ၏ပြစ်မှုများအတွက် ဘဝနှင့် ရင်းပြီး ပေးဆပ်သွားခဲ့ပါသည်။ သူ ဒုက္ခပေးခဲ့သောမြေ၊ သူ ဒုက္ခပေး ခဲ့သော ပြည်သူများကို ကျေးဇူးဆပ်ရန်အတွက်၊ ဘဝတစ်ခုလုံးကို စတေးအနစ်နာခံမှသာလျှင် ပြေဖွယ်ရာ ရှိပါတော့သည်။ သည်သို့ စတေးရန် သူ့စိတ်နှလုံးကို ပြင်ဆင်ပြီးသား၊ အောင်နိုင်ပြီးသား ဖြစ်နေခဲ့ပြီ။ သူ၏ မြောက်ဦးနန်းသက်သည် တိုတောင်းလှပါသည်။ သူ့ဘ၀၏ နောက်ဆုံး နာရီမောင်းသံကို၊ သူသည် အသိတရားရှိရှိနှင့် ကြည်နူးစွာ စောင့်မျှော်နေခဲ့ပါလိမ့်မည်။ သူ့ဘ၀၌ ၀မ်းနည်းစရာ၊ ဆုံးရှုံးစရာ ဘာများ ရှိပါသေးသနည်း။

မင်းဆိုးမင်းညစ်တစ်ကောင်၏ မြောက်ဦးဗေဒသည် ငြိမ်းချမ်းရေး ဖြစ်လာခဲ့ပါသည်။

ငြိမ်းချမ်းရေးသည် ဓမ္မ။
မိမိသည် စစ်နှင့် ငြိမ်းချမ်းရေးကို ဖြတ်သန်းခဲ့ပြီး၊ မိမိ၏ ရင်သွေးမျိုးဆက်တို့သည် မွန်မြတ်သန့်စင်သော တရားအရိပ်၊ သီလအရိပ်အောက်၌ လေ့ကျင့်ကြီးပွားခွင့် မကြုံခဲ့ရရှာပေ။ သူတို့သည် မင်းရေးမင်းရာ နိုင်ငံ့ တာဝန်ကို ထမ်းရွက်နိုင်ကြမည် မဟုတ်ပေး။ ငြိမ်းချမ်းရေးမှ သာယာဝပြောရေးဆီသို့ သွားရမည့်ခရီးတွင် မိမိထွင်းခဲ့သော လှေသစ်ကို ကျွမ်းကျင်လိမ္မာစွာ ပဲ့ကိုင်ထိန်းသိမ်းနိုင်ကြမည်လား။ ယခု ဘုရင်နတ်ရွာစံလျှင် သားတော်မင်းဖြစ်စေ ဆိုသောစည်းမျဉ်းသည် ရာဇနီတိလော။ အနာဂတ် နိုင်ငံသစ်နှင့် လျော်ကန်သင့်မြတ်ပါမည်လော။

မင်းစောမွန်၏ မြောက်ဦးနှုတ်ဆက်ခန်းသည် ဆွတ်ပျံ့ကြည်နူးဖွယ်၊ ရင်နင့်လွမ်းမောဖွယ် ဖြစ်သည်။

မိမိနှင့် တိုက်ဖော်တိုက်ဖက်၊ တိုင်းပြည်ထူထောင်ဖက်၊ တစ်ချိန်က သံသယအမျက်သိုခဲ့သူ၊ နောင်ငယ် မင်းခရီလက်သို့ သန်လျက်နှင့် ထီးဖြူကို အပ်သည်။

"သားတော်နှစ်ပါး မိုက်မှားသည်ရှိလျှင်လည်း အ၀တ်ဖြူနွမ်းနှင့် ၀မ်းဝရုံ ရှိကြပါစေ။ အသက်ဆုံးရှုံး မစီရင်ပါလင့်။" ဟု ညီတော်အား မိန့်မှာသည်။

စွန့်ရဲသူတစ်ဦး၏ မိဘမေတ္တာ ဖြစ်ပါသည်။ ဆွေးမြေ့မှု ထက်ဝက်၊ ပီတိထက်ဝက်ဖြင့် မျက်ရည်ဝေ့သီကာ မှိုင်းညိုရီဝေနေမည့် သူရဲကောင်း မင်းစောမွန်၏ နက်မှောင်သော မျက်လုံးများကို ကျွန်တော် မြင်ယောင်နေမိပါသည်။

သူသည် ရှုံးနိမ့်ခဲ့သည်။ အောင်မြင်ခဲ့သည်။

မင်းပါဘုရင်၊ မင်းဖလောင်း၊ မင်းရာဇာကြီးတို့သည် ကြီးမားသော စစ်အောင်ပွဲများကို ပတ်ဝန်းကျင်နယ်နိ မိတ်တို့၌ ရယူပြသခဲ့ကြသည်။ မင်းစောမွန်သည် သူတို့နှင့် မတူ။ သူ အဓိကအောင်နိုင်ခဲ့သည် မှာ နူးညံ့လွန်းသော၊ ခက်ထန်လွန်းသော၊ အနန္တစွမ်းအားရှိသော စိတ်ကိုသာလျှင် ဖြစ်သည်။ အောင်မြင်မှု တကာတွင် မိမိစိတ်ကို အောင်နိုင်ခြင်းသာလျှင် အမြတ်ဆုံးဟု ရှင်တော်ဗုဒ္ဓ သင်ကြားပေးခဲ့ပါသည်။ ထိုအောင်မြင်မှုသရဖူကို မင်းစောမွန် ဆောင်သွားနိုင်ခဲ့သည်ဟု ကျွန်တော်ခံစားမိပါသည်။

အသောကမင်းသည် ကြမ်းကြုတ်ရက်စက်သော စစ်ဘုရင်ဘ၀မှ သူတော်ကောင်းဘ၀သို့ ပြောင်းခဲ့သည်။ မင်းစောမွန်သည် ယုတ်ညံ့သေးသိမ်သော လူသားဘ၀မှ မြင့်မြတ်သော လူသားဘ၀သို့ မိမိကိုယ်ကို အံ့ဘနန်း ပြောင်းလဲပစ်နိုင်ခဲ့သည်။ လူသားသည် ထာဝရအဆိုးမဟုတ်။ စိတ်ကို အောင်နိုင်ခြင်းဖြင့် အဆိုးမှအကောင်းသို့ အယုတ်မှ အမြတ်သို့ ပြောင်းလဲနိုင်သည်။ ဤသစ္စာတရားကို မင်းစောမွန်သည် ဘ၀နှင့်ရင်းကာ ပြတ်သားတိကျစွာ သက်သေပြ ရေးထိုးသွားခဲ့ပါသည်။ လူသားတို့၏ တန်ဖိုးအစစ်ကို ထီးတည် နန်းတည် ရခိုင်ဘုရင်တစ်ပါးက လှပသင်းမြစွာ ဖွဲ့ဆိုသွားခဲ့ပါပြီ။

လူသားဝါဒ အောင်လံတော်ကို မြောက်ဦးနန်းရိုးပေါ်၌ လွှင့်ထူထားခဲ့ပြီး သံသရာခရီးကို မင်းစောမွန် ဆက်လျှောက်သွားခဲ့ပါလေပြီ။
ထိုသူရဲကောင်း၏ ခြေအစုံမှ မြေမှုန်တို့သည်
ရိုးမတောင်တန်းများပေါ်၌ မုတ်သုန်သစ်တောများ၌...
ပင်လယ်ပြင်၌ လေးဝတီချောင်းမြောင်းများ၌...
လယ်ပြင်တောစပ်များ၌ ကျောင်းရိပ် ကန်ရိပ်များ၌...
ထိုသူရဲကောင်း၏ခြေအစုံမှ မြေမှုန်တို့သည်
ကျွန်တော်တို့ နှလုံးအိမ်များ၌
စိမ်းမြရေစင် ကြာညိုပန်းနှယ် သင်းမြဝေနေပါတော့သည်။

မောင်ခိုင်အောင် (စစ်တွေ)

0 comments:

Post a Comment