ဇာနီအောင် (ရမ္မာဝတီ)
ဘယ်မှာ ဘယ်ကိုကြည့်ကြည့် အလှချည့်ရယ်သာ။ တကယ်ပါပဲလေ….
ဒါထက် ထူးခြားတာက ကျေးလက်သဘာဝ တေးကဗျာက ရမ်းဗြဲကျွန်းရဲ့အလှကို လှသထက်လှအောင် ဂုဏ်ဆောင်မွမ်းမံလို့ထားပြန်တယ်။
ကဗျာတေးတွေဝေဆာထွန်းကား စကားကြွယ်တတ်ကြတဲ့ ရမ်းဗြဲသူ ရမ်းဗြဲသားတွေ ဘဝ ခရီးလမ်းတစ်ကွေ့မှာပဲ ဆိုပါတော့၊ ယောက်ျားပျိုတစ်ယောက်က မိန်းမပျိုတစ်ယောက်ကို တွေ့လိုက်ရုံမျှနဲ့ ရုတ်တစ်ရက်ပဲ နှုတ်ကခွန်းဟ လှစ်ခြွေ၊ တေးကဗျာစေညွှန်းလိုက်တာပဲ ဖြစ်ပါတယ်။
· မောင်မယ်သီတာ ချစ်ခွန်းတေးသီဖွဲ့ကဗျာ
ကျားဆို-တခွန်းခေါ် ခေါ်လို့မထူး
နှစ်ခွန်းခေါ် ခေါ်လို့မထူး
တစ်ရွာနိန် တစ်ပြည်သားကို စိတ်ခြားလို့လား
မချစ်ဆို မလိုလို့လား…….ပုချေ။
အဓိပ္ပါယ်မှာ- တစ်ခွန်းခေါ်လို့လည်း ပြန်လည် ခွန်းတုံ့မပြန်ပါလား… နှစ်ခွန်းခေါ်လို့လည်း ခွန်းတုံ့မပြန်ပါလားကွယ်… တစ်ရွာတစ်ရပ် တစ်ပြည်သား တစ်ယောက်မို့.. (မတူမတန်မို့) စိတ်ခြားလို့လား…
(တကယ့်ကို) မချစ်နှစ်သက်တဲ့အပြင် လုံးဝကိုပဲ အဖက်တောင်မှ မလုပ်ပါလားကွယ်.. ချစ်သည်းရယ်။
ယောက်ျားပျိုဖြစ်သူ တစ်ရွာသားက ရိုးရိုးသားသား မိတ်မဖွဲ့ပါပဲ စကားချိတ် စကားစနဲ့ ချစ်စဖွယ်ကောင်းတဲ့ အကြောင်းလေးပါ ပါဖြစ်အောင် ဆိုဖွဲ့လိုက်တယ်လေ။
ဒီတော့ မိန်းမပျိုကလည်း ဘယ်ခေလိမ့်မလဲလေ၊ ရမ်းဗြဲသူပဲလေ၊ တေးကဗျာလေးနဲ့ ပြန်စေလိုက်တယ်ပေါ့။
မဆို-
ဇာဂလာကေ
ဇာရွာရေသား -ရောင်
စကားအရာ..
ပျားသကာ..
ချိုပါရေကား..
ပျိုသက်ထားလေ…။
အဓိပ္ပါယ်မှာ-အဘယ်ရွာအရပ်က လာသလဲကွယ်.. အဘယ်ရွာသားများ ပါလိမ့်ကွယ်..
သူ့ရဲ့ဆိုစကားလေးတွေက များသကာတမျှရယ်… နားဝမှာ ချိုလှလေသလား.. ပျိုသက်ထားရယ်..
ခုနက စတင်ခွန်းဆိုလိုက်တဲ့ ရွာသားယောက်ျားပျိုကို တစ်ရွာသူ မိန်းမပျိုက တေးကဗျာမွန် သံသာတေးနဲ့ ချက်ချင်းပဲ တုံ့ပြန်ကာ နှုတ်ချွေခွန်းတေး ဟစ်ကြွေးလိုက်ပြန်တယ်။
တစ်နယ်က ရွာသားလိုပဲ ရိုးရိုးသားသား ဆိုစကားရယ်သက်သက် မဟုတ်ပါ၊ အစောင်းအချိတ် ခရာတာတာ ငေါ့တော့တော့ မထိတထိနဲ့ ပြန်ထေ့ပါတယ်။
ကျားဆို-
မောင့်လက်ကို ကိုင်လေ
မေ့လက်ကိုဆွဲ
ငွေတူပင်မှာ
ရွှေတူရိုက်ယောင်
ရိုက်ပစ်ကတ်မေ ပုချေ…။
အဓိပ္ပါယမှာ- မေက မောင်ရဲ့လက်ကို ပိုင်ပိုင်နိုင်နိုင်ဆုပ်ကိုင်ဆွဲပြီး၊ မောင်ကလည်း မေ့လက်ကို ပိုင်ပိုင်နိုင်နိုင် တွဲပြီးတော့ပေါ့လေ….။ (ဥပမာ) ငွေအဆင်းရှိတဲ့ မေဆိုတဲ့ အပင်ပျိုဆီမှာ ရွှေအဆင်းရှိတဲ့ မောင်ရဲ့ အပင်ပျိုယှက်နွယ်ရစ်ပတ်ကာ ပနံရစေဖို့ တို့တွေ ရစ်ပတ်တွယ်တာ နေလိုက်ကြမယ်… ချစ်သည်းရယ်…။
တစ်ရွာသားယောက်ျားပျိုကရယ်၊ စကားအရာ အလင်္ကာတွေကြွယ်လှတယ်… သူနဲ့ပျုမေတိုနှစ်ယောက် ဘဝကိုနှစ်ကိုယ်တစ်စိတ် ချစ်သူဘဝနှယ် တင်စားကာရယ်၊ ဘယ်သို့ ဘယ့်နှယ် ချစ်ချင်ဖွယ် နေလိုက်ချင်ကြောင်း ကဗျာတွေ စာစေညွှန်းချက်က သင်းလှတယ်။
ဒီတော့ တစ်ရွာသူ လှပျိုမေလဲလေ.. မခေသူ ပီပီရယ်.. တုံ့ပြန်ခွန်းတေး ကဗျာနှင့် ချက်ချင်းပဲသီကာ ညွှန်းရပြန်ပါတယ်။
မဆို-
မျက်စိကမြင် ဝမ်းကကြင်
စိတ်တွင်ကချစ်
ပုချေမောင်ကို မေတ္တာရိုက်လို့
အချစ်စွဲကာ ကြားကလူတိ
အောင်သူဖျက်လို့ ဖျက်ရဖို့လား ပုချေ….။
အဓိပ္ပါယ်မှာ-(သူ့ကို) မျက်စိနဲ့စတင်မြင်ကတည်းကပဲ၊ ရင်ထဲကပါ ရင်နာနှစ်သက်ရုံမက စိတ်နှလုံးထဲကပါ ချစ်လာနေရလေတယ်ကွယ်… ခုတော့ ချစ်သည်းမောင့်ကို… သည်းမေ့မှာရယ်… မေတ္တာနွယ်ဓာတ်… ရစ်ပတ်လို့… အချစ်ဓာတ်လည်း စွဲမြဲနေပြီကွယ်…
ဒါပေမယ့်.. မကောင်းဆိုးရွားကြား အဖျက်လူတွေနဲ့ (ချစ်သည်းမောင်ရဲ့ ကိုယ့်ရွာက ချစ်သူရဲ့ အောင်သူ(သွယ်)တွေ ဝင်ဖျက်လို့ မေ့ကိုချစ်တာများ ပျက်ပြယ်သွားရမှာကိုရယ် စိုးကြောက်တယ်ကွယ် ချစ်သည်းမောင်ရယ်…
သည်တော့ မောင်ကလည်း အားကျမခံ ခွန်းတုံ့ပြန်ပါတယ်။
သူ့တေးသံတွေက အချိတ်အဆက်လေးတွေနဲ့ အထေ့ အငေါ့လေးတွေနဲ့… ပလှည့်အပတ် အချွန်အမတွေ အထအနတွေ ဝေဝေဆာဆာ စကားအရာ အလင်္ကာကြွယ် ဆက်စပ်မှုထွေတလာနဲ့ ပါပဲလေ… ကြည့်စမ်းပါလေ…။
ကျားဆို-
ဆံစကေညို
လှနဂိုလေ
ပျိုနှမမှာ
ကိုယ့်ရပ်ရွာ ကိုယ့်ရွာထက်မှာ
လက်ဖျားတင် ကြင်သူများက
ဟိထားရေလား ပုချေ….။
အဓိပ္ပါယ်မှာ-ဆံစလေးညိုတိုတိုနဲ့ ပျိုနှမ၊ လှပတဲ့ ပျိုနှမလေးရယ်… (မင်းမှာသာ) ကိုယ့်ရပ်ကိုယ့်ရွာ ထက်မှာ လက်တွဲကြင်ဖော်ဖြစ်သူ ချစ်သူလေးတွေများ ရှိများရှိထားရော့သလားကွယ်… ချစ်သည်းရယ်… ပါတဲ့လေ။
မေကလည်းမောင့်ကို အလျော့မပေးနိုင်ပါ… အမေးရှိက အဖြေရှိသလို… အဆိုရှိက အချေရှိရမယ်လေ၊ နို့မို့ရင် ပညာသည်ချင်း ခုလိုဆုံရတဲံပွဲမှာ… အရှက်တကွဲ အကျိုးနည်းရယ် ဖြစ်ကုန်မယ်။ မိမိရဲ့ဂုဏ်သိက္ခာတို့ မိမိကြောင့် လျော့ကျသွားနိုင်တယ်လေ။ ဒါကြောင့် အဖတ်ဆယ်မှဖြစ်မယ်။
မဆို-
သာခြင်းဆို လူပျိုမောင်လိုင်
ကိုယ့်ရပ်ရွာ ကိုယ့်ရွာထက်မှာ
လက်ဖျားတင် ကြင်သူများက
ဟိမထားပါ ပုချေ….။
အဓိပ္ပါယ်မှာ-(ခုမေနဲ့) သီချင်းဆိုနေတဲ့ လူပျိုမောင်ရယ် (မစိုးရိမ်ပါနဲ့) ကိုယ့်ရပ်ကိုယ့်ရွာထက်မှာ… လက်ပွန်းတတီး ခင်သူ ကြင်သူဆိုတာများ…. လားလားကိုမှ ဒီမေ့မှာ ရှိကို မရှိလှပါဘူးကွယ်.. ချစ်သည်းရယ်တဲ့လေ…။
တစ်ရွာသူပျိုမေက သို့ကလို ခွန်းတုံ့ပြန်ဆိုလိုက်တဲ့အခါ တစ်ရွာသူလူပျိုမောင် ငြိမ်မနေသာပြန်။ တစ်ကျော့ခွန်းတုန့်ပြန်ပါတော့တယ်။ ချစ်စရာနော်။
ကျားဆို-
ဒေတောခေါင် ဒေတောင်ယေကြားမှာ
စကားသာချို ဒေမေဆို ပျိုစကား
ကြားရရေခါ စိတ်ဝမ်းသာ ထဗျာက
ကြည့်ရဖို့ယာ….။
အဓိပ္ပါယ်မှာ-(ကျက်သရေရှိတဲ့) ဒီတောဗွေခေါင် ဒီတောင်တွေကြားထဲမှာ (ခုလို) စကားသာသာ ချိုချိုကို (ဟောဒီ) ပျိုမေရဲ့ ဆိုစကားကို … (ကိုလူပျိုက) ကြားလိုက်ရတဲ့အခါ (ကိုယ့်ကိုယ်ကို မထိမ်းနိုင်ပါပဲ) စိတ်လက်ဝမ်းသာဖြစ်လွန်းမက ဖြစ်လွန်းရာက ထက,မိမတတ်ရယ် ဖြစ်မိပါတယ်ကွယ်… (ပျိုမေ) မကြည့်ရရုံ တမယ်ရယ်…။
သာခြင်းတတ် နှစ်ယောက် တစ်ယောက် တစ်ကျော့ ခွန်းတုန့်သီဆိုနေကြတယ်။ ခုတော့ ပျိုမေရဲ့ အလှည့် တစ်ဖန် ရောက်ခဲ့ပြန်တယ်။
ပျိုမေလည်း အားကျမခံနဲ့ တုံ့ပြန်ကာ ထပ်ကွန့်သီဆို လိုက်ပြန်ပါတယ်။
မဆို-
ဥဒေါင်းယေကြိုးကြာ သာရကာကေ
ဟင်္သာငှက်မ အခါခါ မောင့်ကိုတမ်းလို့
လွမ်းတငိုခါ မောင်ရောက်ရာ ထဗျာကလို့
ကြည့်ရဖို့ယာ…..။
အဓိပ္ပါယ်မှာ- (လှပလွန်းကြတဲ့) ဥဒေါင်းငှက်၊ ကြိုးကြာငှက်တွေရယ်၊ (ပြီးတော့) သာလိကာရယ်၊ (ပြီးတော့ သစ္စာရှိလှတတ်ကြတဲ့) ဟင်္သာငှက်မ(ပမာ)…. အကြိမ်ကြိမ် အခါခါ မောင့်ကိုတမ်းတပြီးတော့ …. လွမ်းတ,နေမိတဲ့ အချိန်အခါမျိုးမှာ (ခုလိုမျှော်လင့်တုန်း) မောင်ရောက်လာခဲ့လို့…. (ဒီကမေ့မှာ ဝမ်းသာလွန်းတာကြောင့် ကိုယ့်စိတ်ကိုယ်မထိမ်းနိုင် ဖြစ်ကာ… ထကာ က,မိမလို့…. ထကာ က,တာကိုကြည့်ရမလို့ရယ်… သူကြည့်သွားရမလိုနှယ် သီသီရယ်လိုတယ်…။
ဒီလိုပဲ မေကခပ်ရွှက်ရွှက်ရယ် ဆိုလိုက်တယ်။ သူတို့တေးတွေက ဆိုဖွဲ့လို့မဆုံးနိုင်ကြဘူး။ ဆိုဖွဲ့လို့လည်း မငြီးငွေ့နိုင်ကြပါ။ ချစ်စရာခပ်ထေ့ထေ့ အနေနဲ့ရယ်၊ အစောင်းအချိတ်တွေ အကွေ့အပတ် အလှည့်အတတ်စုကာ စကားတန်ဆာ အလင်္ကာတွေနဲ့ပါ။
ခုထိ… တွေးသံတွေဝေတုန်းဆဲပါ။ ချစ်စရာလေ ရမ္မာမြေဝယ် တကယ်ပဲ… တကယ်ပဲလေ။
…………….
ဇာနီအောင် (ရမ္မာဝတီ)
မှတ်ချက် ။ ။ ကျောက်ဖြူမြို့တည် (၁၈၀)ပြည့်အထိမ်းအမှတ် “ကျောက်ဖြူ” ၂၀၀၉ မဂ္ဂဇင်းမှ
www.kyaukphrunet.com ဘလော့မှ ကူးယူတင်ပြခြင်းဖြစ်ပါရေ
0 comments:
Post a Comment