Friday, 10 October 2014

ရက္ခိုင်အကများနှင့် ပျော်ပွဲသဘင်များ



၁။   ဒုံးကြမ်းအက
၂။   ဒုံးယိမ်းအက
၃။   ပင့်ကူအကခေါ် ရှေးဇာတ်နိပါတ်များကို ကပြခြင်းများ
၎။   ငစည်အက
၅။   ကြိုးတန်းလျှောက်တိုင်တက်အက၊ (စကြော့စုအစို့သားများက ကကြသည်။)
၆။   နဂါးအက
၇။   တိုးအက
၈။   ဆံတောက်ပိုးအက
၉။   ရှေးသူရုပ်မကြီးများအက
၁၀။ ရုပ်သေးအက
၁၁။ နတ်အက
၁၂။ ၁၂ ရာသီပွဲသဘင်များ 
                                                    ၁။ ဒုံးကြမ်းအက           
        ဒုံးကြမ်းအကဆိုသည်မှာ လူလတ်တန်းအရွယ်များတို့သည် အနည်းဆုံး ၂၅ယောက်မှ အများဆုံး၄၀၊ ၅၀ ထိ ၄ယောက်တန်းစီ စီကာ ဇာတ်တော်ကြီး၊နိပါတ်တော်ကြီး၏ အဖြစ်အပျက်များ၊ ရာဇ၀င်ရေးရာအဖြစ် အပျက်များ၊ ဒဏ္ဍာရီပုံပြင်အဖြစ်အပျက်များတို့ကိုစာဆိုတော်တစ်ဦးဦးကဖြစ်စေ၊ ကဗျာလင်္ကာစီကုံးရေးသား တတ်သူတစ်ဦးကဖြစ်စေ စီကုံးရေးသားပြီး ခေါင်းဆောင်ပြုလုပ်ကာ တူရိယာအစုံတို့ဖြင့် ကွက်စုံနင်း၍ကပြ သည်။ အတက်အဆင်းကဖြင်း၊ ကပြသောဝတ္ထုမှာပါသည့်အတိုင်း ထီးပုံနန်းပုံ၊ သစ်ပင်ပုံတို့ကို ပုံပေါ်အောင် ရုပ်လုံးဖော်ကခြင်း၊ ယင်းကကွက်တို့တွင်သီဆိုသောအသံနှင့်ကိုက်ညီအောင် သရုပ်ဖော်၍ ကရသည်။ရှေးအ ခါကပင် အစဉ်အဆက်ကလာကြသည်။ လွန်ခဲ့သောနှစ်ပေါင်း(၃၀)ခန့်လောက်ကစ၍ ဒုံးကြမ်းကိုပစ်ပြီးလျှင် ဒုံးယိမ်းကို ကလာကြသည်သာ များပြားလာသည်။ အဘယ်ကြောင့်ဆိုသော် ဒုံးကြမ်းမှာ ခြေနင်းတစ်ကွက်၊ လက်ခုပ်တစ်ချက်စီ မြှောက်၍ကနေရာမှ ကုန်း၍တီးရသည်။ ထို့ကြောင့် ပင်ပန်းသည်၊ ခက်ခဲသည်၊ ညောင်း ညာ သည်။ ယခု ကပြမည့်ဆရာလည်း နည်းပါးလာမှုကြောင့် ကပြခင်းနည်းပါးလာကြသည်။ ၄င်းပြင် ယင်းဒုံး ယိမ်းမျိုးကိုဘုန်းကြီးပျံ၊ဈာပနပွဲတော်တို့မှတစ်ပါး အခြားအရာတို့၌ မကကြရချေ။ ယင်းအကမျိုးကို သက္ကရာဇ် ၈၉၀ ကျော်တွင်ဆရာတော်အဂ္ဂသိဉ္ဇေယျ ဈာပနပွဲတော်မှ အစပြု၍ ကလာကြသည်။ ယင်းအခါတွင် ရှေးရာ ဇ၀င်အရ မာရယုမင်း၏၀တ္ထုဒုံးခြင်းကို သီဆိုကခုန်ကြသည်။ ထို့ထက်ရှေးရှေးတွင် ဒုံးခြင်းသံ ဆိုကကြသည် ဟူ၍မတွေ့ရသေး။ တွေ့ကောင်းတွေ့နိုင်လေမည်ဟူ၍ စုံစမ်းနေဆဲဖြစ်သည်။ ဘုရင်များ၊ မိဖုရားများနတ်ရွာ စံလွန်ပွဲတွင်စတင်ကပြနိုင်သည်။စစ်ချီစစ်တိုက်၍စစ်စည်သံညံလျက် ကပြနိုင်ရာသည်။ ထိုကအစပြုခဲ့မည်ဟု ယူဆကြသည်။
                                                    ၂။ ဒုံးယိမ်းအက
     ဤအကမျိုးသည် ဒုံးကြမ်းနှင့်အတူတူပင်ပေါ်ပေါက်လာခဲ့သည်။ ဇာတ်နိပါတ်ရာဇ၀င်အစရှိသည်တို့နှင့် နိုင်ငံရေးရာအဖြစ်အပျက်တို့ကိုလည်း ပါဝင်စီကုံးကြသည်။ ကကွက်တို့မှာ ဒုံးကြမ်းကဲ့သို့မဟုတ်ဘဲ ကွက်နင်း အက၊ အတက်အဆင်းအက၊ အနွဲ့အကဟူ၍အမျိုးမျိုးကရသည်။ အဆိုတွင်လည်း အကနှင့်ညီအောင်ခွဲခြား ၍ဆိုရသည်။ အကတစ်ခုနှင့်တစ်ခု အဆုံးတွင်ဖြစ်စေ၊အချိုးတစ်ခုအဆုံးတွင်ဖြစ်စေ၊ သံတိုင်သံချပ်မျိုးတို့ကို သီဆိုရသည်။ ရှေးအခါကစ၍ ယနေ့ထိတိုင်အောင် ကခုန်ကြသေးသည်။ ဤအကမျိုးကို ဘုန်းကြီးပျံပွဲတွင် ဖြစ်စေ၊အပျော်တမ်းကပွဲများတွင်ဖြစ်စေ ကနိုင်သည်။ ပါဝင်သောသူများကား ၂၀မှ ၄၀၊၅၀ ယောက်ထိကနိုင် သည်။
                            ၃။ ပင့်ကူအကကဲ့သို့ ရှေးဇာတ်နိပါတ်များကို ကပြခြင်းအကများ
        
         ပင့်ကူအကမျိုးမှာ ဇာတ်တော်၊နိပါတ်တော်များနှင့် တခြားဝတ္ထုများကိုလည်း ကပြကြသည်။ ရှေးခေတ် နန်းတွင်း အကသဘင်မျိုးဖြစ်လေသည်။ များသောအားဖြင့် ပင့်ကူကခေါ် ဘယကုမ္မာဇာတ်၊ ကော်ကာနူ ဇာတ်တို့ကို ကခုန်ကြသည်။ ယခုအခါ ပထမကမ္ဘာစစ်ကြီးပြီးဆုံးသည့်နေ့မှစ၍ ဘယကုမ္မာဇာတ်ခေါ် ပင့်ကူ အကတစ်ခုကိုသာလျှင်အများအပြားကကြသဖြင့် ပင့်ကူကိုအစွဲပြုကာ ပင့်ကူအကဟူ၍ခေါ်တွင်သည်။ ယနေ့ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသည့်နေ့မှစ၍ လူအနည်းနယ်နှင့်သာ မစုံမလင်ကခုန်ကြရပေသည်။ အစုံအလင် ကခုန်ရာ၌ လူပေါင်း၄၀ကျော်ခန့် ပါဝင်ကပြကြရပေသည်။ ကကွက်တီးကွက်တို့မှာ နန်းတွင်းဇာတ်တော်ကြီး တို့ကို ကပြဘိသကဲ့သို့ သူ့နေရာနှင့်သူ အခန်းစုံ၊ ကကွက်စုံ၊ တူရိယာစုံ ကခုန်တီးမှုတ်ရသသည်။ ရခိုင် ပြည်အတွင်းတွင် လူအနည်းငယ်ဖြင့်ကခုန်ကြသော်လည်း ရက္ခိုင် အမျိုးသားနှင့်သွေးတူသားချင်းဖြစ်သော မြုံပြည်၊ သက်ပြည်၊ဗိုလ်မင်းထောင်၊ ဖလန်ထောင်တို့၌ကားဝတ်စုံစားစုံနှင့်ယနေ့ထိကခုန်ကြသေးသည်။ယခု ဖော်ပြပါပင့်ကူအကခေါ်ဘယကုမ္မာဇာတ်လမ်းအစမှ အဆုံးတိုင်အောင် ၂ ညကမှသာပြီးဆုံးသည်။သာသနာ တော်၂၅၀၀ပြည့်ဗုဒ္ဒနေ့တွင် ရက္ခိုင်ပြည်နယ်မြောက်ပိုင်း၊ ယခုချင်းဝိသေသတိုင်း ပလက်ဝစီရင်စု၊ ဒလက်မြေ ရွာတွင် အစုံအလင်ကခုန်ကြသည်။ တူရိယာများလည်း အစုံအလင်တီးမှုတ်သီဆိုကြသည်။ ယင်းနည်းတူ တ ခြားဇာတ်တော်ကြီးများကိုလည်း ကခုန်ကြသည်။ ဤအကမျိုးကိုဝေသာလီခေတ်စန္ဒရား မင်းဆက်မှစ၍ ပေါ် ပေါက်လာသည်ဟူ၍ စကားအစဉ်အဆက်ရှိသည်။                                                      ၄။ ငစည်အက
      
      ငစည်အကဟူ၍ တွင်ခေါ်သည့် ငစည်အကဇာတ်ကွက်ဆိုလျှင် ပန်းတျားစည်သံတီးကွက်ဖြင့် ကရသော အကဖြစ်သည်။ ငပြေငါးတက်သက်သံဟန်ဆို၍ ကရလေသည်။ ငါးငစည်(ငရှဥ့်)ရှာပုံဟန် ဇာတ်လမ်း ဖြစ်ရာ ကား သက္ကရာဇ် ၁၀၀၀ပြည့်နှစ်တွင် မြောက်ဦးနန်းတော်၌ နန်းတွင်းအရှုပ်အထွေးများကို သတိရစေသော ငှာ စာဆိုတော်ပညာရှိကြီးဦးဒိုးဝေက ရက္ခိုင်ဒဏ္ဍာရီများ(Folk Dance)တို့ကို ရပ်ရွာတိုင်းရှိကလေးသူငယ်တို့ ကို သီဆိုကပြစေသည်။ထိုရောအခါ နန်းတွင်းအရှုပ်အထွေးတွင်အဓိကပါဝင်သော မိဖုရားခေါင်းကြီး နတ်ရှင် မယ်က စာဆိုတော်ကြီး ဦးဒိုးဝေအားဖမ်းဆီးစေသည်။ စာဆိုတော်ကြီး ရှောင်တိမ်းထွက်ပြေးကာ ရမ္မာဝတီ မြို့မှနေ၍အကျယ်ချဲ့ကာ တစ်ညလုံးကပြနိုင်သည့် ကကွက်ကြီးတစ်ခုကိုကပြစေလေသည်။ ယင်းအခါကစ၍ ပေါ်ပေါက်ကပြလာကြသည်မှာယနေ့တိုင်အောင်ဖြစ်ပေသည်။သို့သော် ၁၁၄၆ခုနှစ်မှစ၍ လူများစွာပါဝင် မ ကပြနိုင်ဘဲ တစ်ယောက်တည်းလုံးချင်းသာလျှင်ကပြနိုင်လေသည်။ကနည်းမှာအဆိုနှင့်အကနှစ်ခုပါပြီး အတီး လွတ်အကမျိုးဖြစ်လေသည်။သို့သော်ပထမကလေးများသီဆိုသော ပန်တျာချင်းတွင်စည်တော်များ၊ တီးကွက် များကို တီးနိုင်သည်။ ငစည်အကဟူ၍ခေါ်တွင်ရခြင်းမှာ ယင်းနန်းတွင်း ဇာတ်တော်ကြီး၏အဓိကမှာ ငစည်ကို အကြောင်းပြု၍ဖြစ်ပျက်နေခြင်းကြောင့် ငစည်အကဟူ၍တွင်လေသည်။
                          ၅။ ကြိုးတန်းလျှောက်တိုင်တက်အက (ရှေးက စကြောအကဟုဆိုသည်)
                                            
           ဤအကမျိုးမှာယခုကာလ အကဆပ်ကပ်ကပြပွဲတို့၌ ပြသကဲ့သို့ကြိုးတန်းလျှောက်ပြခြင်း၊ ၀ါးတစ်လုံး တည်းကိုလူတစ်ယောက်ထူထား၍ ယင်းဝါးလုံးထက်ကျွမ်းထိုးခြင်း၊ကခြင်း၊လွှဲခြင်းတို့ဖြင့်ကပြနေစဉ်အောက်၌ အများဝိုင်းအုံ၍ သီဆိုတီးမှုတ်ကခုန်ကြသည်။ မျက်လှည့်ပြပွဲနှင့်အဆင်တူသည်။ အခကြေးငွေဖြင့် ကပြကြ သည်။ တစ်ဦးတစ်ယောက်က ကျွမ်းကျင်နားလည်သော ပုဂ္ဂိုလ်တို့ကိုစုရုံးကာ တစ်မြို့တစ်ရွာလှည့်လည်၍ ကပြကြ ခြင်းဖြစ်သည်။ယခုဤအကမျိုးကို ကပြလေ့မရှိကြပြီ။                                                          ၆။ နဂါးအက
      
နဂါးအကမျိုးကို ၀ါကျွတ်ပွဲတော်၊တန်ဆောင်တိုင်ပွဲတော်၊ ၀င်္ကပါပွဲတော်တို့နှင့်မင်းကြီး၊စိုးကြီး၊လူကြီး၊သူကြီးတို့ ကြိုဆိုပွဲတို့တွင် ကပြကြသည်။ ဘုရားပွဲတော်တို့တွင်လည်း အခါအခွင့်သင့်လျှင်ကပြကြသည်။ ကပုံကနည်း မှာပါးလွှာလှသော အ၀တ်ကိုပေ၁၀၀၊၂၀၀ခန့်ရှည်သော နဂါးရုပ်ကြီးပြုလုပ်သည်။ ဦးခေါင်းပိုင်းတွင်ပျဉ်ပါးတို့ ဖြင့် နဂါးဦးခေါင်းနှင့် တူအောင်ပြုလုပ်သည်။ ဖျင်နှင့်ပြုလုပ်ထားသော အလယ်ဝမ်းဗိုက်တွင် ၀ါးခွေများသွင်း ထားသည်။အခွေတစ်ခွေတွင်မီးထွန်းစရာတစ်ခုစီထား၍မီးထွန်းသည်။၎င်းကိုဒေါက်များထောက်သည်။ဒေါက် တစ်ဒေါက်လျှင် လူတစ်ယောက်စီ ကိုင်တွယ်ရသည်။ ဦးခေါင်းကိုခွန်အားကြီးမား၍ ကမှုကိုကျွမ်းကျင်သော လူတစ်ဦးသာကိုင်ရသည်။ ဦးခေါင်းမှမြင့်ချည်နိမ့်ချည်နွဲ့ပျောင်း၍ ကပြီးလျှင်ဝမ်းဗိုက်လူတို့သည် တွန့်၍ တွန့် ၍ ကရသည်။ အမြီးပိုင်းကို ကိုင်ထားသောသူမှာ ပြင်းပြင်းထန်ထန် ပြေးလွှားနေရသည်။ယင်းလူသည် ပုတီး၊ ဒေါက်ချာဆောင်းလျက်အလမ္ပာယ်သမား၊ ရသေ့ဇော်ဂျီအ၀တ်အစားများကိုဝတ်ဆင်ကာအမြီးကိုကိုယ်၌တစ် ပတ်ပတ်၍ နဂါးကြီးကိုထိန်းသိမ်းစောင့်ရှောက်လျက် ကခုန်ရသည်။ ထိုရောအခါ ၀မ်းအလယ်အဆစ်တို့ ၌ ညအချိန်တွင်မီးထွန်းညှိထားသည်။ ပါးစပ်ထဲအတွင်းတွင်လည်း မီးထွန်းထားသည်။ ယင်းမီးတွင် အောက်မှ နေ၍ဇော်ဂျီအ၀တ်တို့ဖြင့် ၀တ်လျက်ရှိသော အလမ္ပာယ်တစ်ဦးက ၀ါးခြမ်းရှည်ကြီးကို လက်တစ်ဖက်ဖြင့် ကိုင် ကာ အခြားလက်တစ်ဖက်မှ (ပွဲလျက်)မှုန့်ကို နဂါးပါးစပ်တွင်းရှိ မီးတွင်းသို့ကျအောင် ပစ်ချလိုက်သောအခါ တစ်လံနှစ်လံမျှအခန့်ရှိသော နဂါးမီးလျှံသည် ဟုန်းဟုန်းတောက်လောင်လာ၏။
      ဤကဲ့သို့ နဂါးမီးလျှံတောက်၍ ကရာတွင် အိုးစည်ဗုံမောင်းတို့ကို တစ်ပြိုင်တည်းတီးမှုတ်ကာ နဂါးနှင့်စပ် လျည်းသော သံချပ်ကြီးကို သီဆိုရ၏။ ယင်းနဂါးကြီးကို က၍  အကောက်တစ်ထောင်ရှိသော ၀င်္ကပါ ပွဲတော် ကြီးကိုလှည့်လည်ပြီးမှ ၀င်္ကပါတွင်ရှိသော ဘုရားကြီးကို နောက်ဆုံးရှိခိုးရသည်။ များသောအားဖြင့် ညပိုင်းတို့ တွင် ကကြ သည်။ ယနေ့တိုင်အောင်ကခုန်ကြသေး၏။
                                                        ၇။ တိုးအက
     
         တိုးအကဆိုရာ၌ တိုးနယားရုပ်စုံကို တူအောင်ပြုလုပ်ပြီးလျှင် အတွင်း၌လူဝင်ကာ ကကြသည်။ တိုးဖိုမ အစုံစီပြုလုပ်၍ ကကြသည်။ အဆိုမှာသံချပ်ကြီးကိုဖြစ်စေ၊ တခြားကဗျာတစ်ခုကိုဖြစ်စေ တိုးနှင့်စပ်ဆိုင် အောင်သီကုံး၍ဆိုရသည်။တိုးရုပ်တို့မှာ ပါးစပ်နှင့်နားရွက်တို့တွင် အတွင်းကြိုးတပ်ကာ ပါးစပ်ကို ဟချည်ပိတ် ချည် နားရွက်ကိုလည်း လှုပ်ကာလှုပ်ကာ ကကြသည်။ အတီးအမှုတ်တို့မှာ အိုးစည်နှင့် သံချပ်ကြီး ဘွဲ့ကြီးတို့ ကို သီဆိုတီးမှုတ်သည်။ များသောအားဖြင့် ဘုရားပွဲတော်တို့၌သာ ကပြကြသည်။                                                   ၈။ ဆံတောက်ပိုးအက
     
           ဆံတောက်ပိုးအကဟူရာ၌ လူတစ်ယောက်ကိုမိန်းမပျိုရွယ်ဆင်ကာ ၄င်း၏ရင်ဘတ်မှာ သစ်သားဖြင့် ပြုလုပ်သော အဘိုးကြီးရုပ်တစ်ခုကို ကပ်ထားသည်။ နောက်ကျောတင်သားမှာ မိန်းမတင်အုံတစ်ခုကိုတင် ထားသည်။ ရှေ့ပိုင်းခါးမှာ မိန်းမခြေထောက်နှစ်ခုထွက်ပြီးလျှင် အဘိုးကြီးကထမ်းထားရသည်။ စေ့စေ့ကြည့် မှသာ မိန်းမှနှင့်အဘိုကြီးခွဲခြား၍ သိနိုင်သည်။ဖြုတ်ချည်းကြည့်သော် အဘိုးကြီးတစ်ဦး မိန်းမပျိုကိုထမ်း၍ ကနေသည်ဟုမြင်ရသည်။ အိုးစည်ဗုံမောင်းတို့ကိုတီးလျက် အဘိုးကြီးနှင့်မိန်းမပျိုစပ်လျဉ်းသော သံချပ်တို့ကို သီဆိုတီးမှုတ်ကခုန်ကြသည်။ယနေ့တိုင်အောင် ပျော်ပွဲရွှင်ပွဲများ၌ ကခုန်ကြသည်။
                                               ၉။ ရှေးသူရုပ်ကြီးများအက
     
          ဤအကမျိုးမှာ ရှေးဟောင်းအဘိုးအိုနှင့် အဘွားအိုအရုပ်များကို နှီးဖြင့်ရက်လုပ်ပြီး အပြင်၌ အဘိုးအို နှင့်တူအောင်ဝတ်စားပြီးလျှင် အတွင်း၌လူဝင်ကာကကြသည်။ အိုးစည် ဗုံမောင်းတီးကြသည်။ အဘိုးအိုနှင့် စပ်လျဉ်းသော သံချပ်ကြီးများကိုပင် သီဆိုကြသည်။ များသောအားဖြင့် ရက္ခိုင်တို့၏ ဆယ့်နှစ်ရာသီပွဲတော်အ တွင်း တပို့တွဲလ ရထားပွဲတော်တွင် ကကြသည်။ ရံဖတ်ရံခါ ဘုရားပွဲတော် ပျော်ပွဲရွင်ပွဲ၌လည်း ကကြသည်။ ယနေ့တိုင်ရှိသေး၏။                                                      ၁၀။ ရုပ်သေးအက
      
           ယမင်း(ညီးမင်း)ရုပ်က အစပြု၍ ရုပ်သေးစတင်အခြေခံလာရင်းဖြစ်သည်။
          သက္ကရာဇ် ၉၀၀ကျော်တွင် မြောက်ဦးမင်းဆက်၌ မင်းဖလောင်းကြီးသည် ဦးရာဇ်တောင်စေတီကြီးကို တည်ထားရာတွင် ယင်းဘုရားပွဲတော်၌ ပြသရန်အလို့ငှာ ဇာတ်ကြီးဆယ်ဘွဲ့နှင့် ငါးရာ့ငါးဆယ်နိပါတ်တော် လာ ဇာတ်တော်ကို ပန်းပုဆရာတို့အား ထုလုပ်စေပြီးလျှင် ဖြစ်ဟန်ပျက်ဟန်တို့ကို ကပြစေသည်။ ယင်းအခါ ကစ၍ရုပ်သေးဟူ၍ဖြစ်ထွန်းလာသည်။ရခိုင်ထီးနန်းပြတ်ပြီးနောက်မှ စပြီးလျှင်မြန်မာနိုင်ငံမှ ရုပ်သေးများသာ လျှင် လာရောက်ကပြသည်။ ရခိုင်၌မရှိပြီ။
                                                            ၁၁။ နတ်အက
     
           လေးကျွန်းတမြင်းမိုရ် ကမ္ဘာကြီးတည်ဟန် နတ်ဗြဟ္မာများသက်ကျလာဟန်၊ ကမ္ဘာလောက၌ လူများ ဖြစ်ထွန်းလာဟန်မှစ၍ နတ်ဒေ၀တာများကို ပူဇော်လာခဲ့ရခြင်းများကို သရုပ်ဖ်ာကပြလာခဲ့ရသောအကဖြစ် သည်။
နတ်အကသည် ရှေးရှေးဘုရင်မင်းမြတ်တို့၏ တစ်နှစ်တစ်ကြိမ် ဗလိနတ်စာပူဇော်ပွဲများတွင်လည်းကောင်း၊ မြို့ရှင်၊ ရွာရှင်၊ကျွန်းရှင်၊ အိမ်ရှင်ပသမှု ပူဇော်ပွဲတို့တွင်လည်းကောင်း ကခုန်ကြသည်။ နတ်ကတော် ၃၀-၄၀ မှအစ အများဆုံးတိုင်အောင် မိမိတို့၏ နတ်ပွဲနှင့်လိုက်လျောညီစွာ ဖွဲ့နွဲ့သီဆိုကြသည်။ ယင်းအခါ ပန်းတျား ဆရာတို့ကနတ်စည်ပန်းတျားတို့လည်ပင်းမှာ ဆွဲကာ ယင်းနတ်နှင့်ဆိုင်သော စကားတို့ကိုသီဆိုလျက် တီးကြ သည်။ ပန်းတျားဟူရာ၌ စည်ရှင်ကြီးတစ်မျိုးကို အလွန်မာသော အစာတို့ဖြင့်တင်၍တီးကြသည်။ ပိတောက် သားကိုထွင်းထားသောပန်းတျားတွင်ဆိတ်အရေကိုကြက်၍ တီးမှသာလျှင် ပန်းတျားအသံမြည်၏။ယင်း အသံ ကိုကြားလဆင်နတ်ကတော်တို့သည်ထိုင်၍မနေနိုင်လောက်အောင် ထကကြရသည်။ အလွန်စိတ်နှလုံး ကိုထိ ခိုက်သော ပန်းတျားမျိုးဖြစ်သည်။ ယနေ့တိုင်အောင် နေရာအနှံ့အပြားတို့၌ အကြီးအကျယ်တီးမှုတ် ကခုန်ကြ ၏။
                                           ၁၂။ ၁၂-ရာသီပွဲတော်အကများ
(၁)   တန်ခူးလ                အတာသင်္ကြန်၊ရေသွန်းပွဲ၊ ဘုရားရေသပ္ပာယ်ပွဲ၊ လှေပြိုင်ပွဲ ။
(၂)   ကဆုန်လ               ညောင်ရေပွဲ။
(၃)   နယုန်လ                မဟာပိန္နဲနတ်ပွဲနှင့် ကိန္နရီဖိုမကပွဲ၊ ဗလိနတ်စာကျွေးပွဲ၊ ရွာရှင်၊ 
                                  အိမ်ရှင်၊ ကျွန်းရှင်၊ နတ်တက်ပွဲ။
(၄)   ၀ါဆိုလ                 ပဉ္စင်းခံပွဲ၊ ဓမ္မစကြာရွတ်ပွဲ။
(၅)   ၀ါခေါင်လ              စာရေးတံဆွမ်းပွဲ။
(၆)   တော်သလင်းလ      လှေပြိုင်ပွဲ၊ ရေနန်းသဘင်ပွဲ၊ ကရ၀ိတ် ဖောင်တော်အက။
(၇)  ၀ါကျွတ်                 သက်ကြီးပူဇော်ပွဲ၊ ဆီမီး မြင်းမိုရ်ပွဲတာဝတိံသာပွဲ၊ စူဠာမဏိပွဲ၊ထမင်းထောင်၊
                                 ဟင်းထောင်၊ ပန်းထောင်၊ ဆီမီးထောင်ပွဲ။
(၈)  တန်ဆောင်မုန်းလ    ကထိန်ပွဲ၊ မေတ္တယျသုတ်တက်ပွဲ၊ ကောင်းကင်ဆီမီးညှိပွဲ။
(၉)   နတ်တော်လ          ဆင်ခင်းသဘင်ပွဲ၊ မြင်းခင်းသဘင်ပွဲ။
(၁၀) ပြာသိုလ               မီးပုံးကြာသွတ်အိုးပွဲ။
(၁၁) တပို့တွဲ                 ရထားငင်ပွဲ၊ ရာဂုပွဲ၊ မီးပွဲ။
(၁၂) တပေါင်း               သဲပုံစေတီပွဲ၊ ပင်လယ်ပွဲ၊ ဘုရားပွဲတော်များ၊ လှေပြိုင်ပွဲ။
      ဤ၁၂-ရာသီပွဲတော်တို့တွင်နယုန်လ၌ ကိန္နရာကိန္နရီတို့၏ဇာတ်တော်လာအဖြစ်အပျက်တို့ကို ကခုန်ကြ သည်။သဘင်ပွဲတော်တွင်ဆင်မြင်းတို့ကိုစီးလျက်သိုင်းအက၊ ကျိုင်အကတို့ကို ကပြကြသည်။ ထိုမှတပါး ကြွင်း သောကာလတို့တွင်ပွဲတော်နှင့်လိုက်လျောညီစွာ ဆင်ယင်ကျင်းပကခုန်ကြသည်။ ထိုမှတစ်ပါးအခြား အကအ ခုန်များကိုယနေ့တိုင်အောင်သုတေသနလေ့လာခြင်းဖြင့် ဆန်းစစ်ရှာဖွေနေဆဲဖြစ်သည်။ ကဟန်ခုန် ဟန်များ ကို ရှေးဟောင်းပုထိုးတော်ကြီးများအတွင်း ရုပ်လုံးရုပ်ကြွတို့ကို ကြည့်ရှုခြင်းအားဖြင့် သက်သေယုတ္တိရသည်။ တူရိယာအမျိုးမျိုးတို့ကိုလည်း ယင်းဂူကြီးအတွင်းတို့၌ပင်ရှိသည်။
အသျှင်စက္ကိန္ဒ
(ရခိုင်ယဉ်ကျေးမှုများ အမှတ်(၅)-အသျှင်စက္ကိန္ဒ) စာအုပ်မှကူးယူဖော်ပြပါသည်။
………………
Credit: Arakan Folks

0 comments:

Post a Comment