Sunday, 5 October 2014

နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း ထိုင်းနိုင်ငံရောက် မြန်မာရွေ့ပြောင်း အလုပ်သမားဘဝ

နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း ထိုင်းနိုင်ငံရောက် မြန်မာရွေ့ပြောင်း အလုပ်သမား အများစုဟာ ထိုင်းလူမျိုးတွေရဲ့ လူမျိုးရေးခွဲခြားခံရတာတွေ၊ ခေါင်းပုံဖြတ်ခံရတာတွေ၊ ကျွန်တွေလို အရောင်းအ၀ယ် လုပ်ခံရတာတွေနဲ့ ဥပဒေမဲ့ နှိပ်စက်ညှင်းပန်း သတ်ဖြတ်ခံရတာတွေကို ရင်စီးခံခဲ့ကြရပါတယ်။

ဒါပေမယ့် အဲဒီဖြစ်ရပ်တွေရဲ့ ၉၉.၉% ဟာ မီဒီယာပေါ်မှာ ဘယ်တုန်းကမှ ဖော်ပြခံရတာမျိုး မရှိခဲ့သလို အစိုးရနဲ့ နိုင်ငံရေးအုပ်စုတွေရဲ့ အာရုံစိုက်မှုကိုလည်း ဘယ်တုန်းကမှ မရခဲ့ပါဘူး။

အစစအရာရာ ပွင့်လင်းမြင်သာလာတဲ့ ဒီဖက်ခေတ်မှာတော့ မတရားမှုကို ဂုဏ်ယူစွာ ဖော်ထုတ်လိုသူတွေရဲ့ အသံကို ကမ္ဘာအနှံ့က ကြားနိုင်ပြီဖြစ်ပါတယ်။ အဲဒါကြောင့် koh Tao ကျွန်း လူသတ်မှုဟာ ကမ္ဘာကျော်သွားခဲ့တာပါ။

လူမှုဆက်သွယ်ရေး ကွန်ယက်တွေကနေ တဆင့် ဒီလူသတ်မှုကို သိလိုက်ရတဲ့ မြန်မာပြည်သူတရပ်လုံးဟာ မတရားစွပ်စွဲခံနေရတဲ့ မြန်မာအလုပ်သမား လူငယ်လေးနှစ်ဦးအတွက် ခံပြင်းဒေါသထွက်နေကြပါပြီ။

မြန်မာတွေကို လူမျိုးရေး မုန်းတီးမှု နဂိုအခံရှိနေတဲ့ ထိုင်းလူမျိုးတွေရဲ့ နိုင်ငံတော်အဆင့်ထိ ယုတ်မာပက်စက် အောက်တန်းကျလှတဲ့ စရိုက်မှန်ကို ကွင်းကွင်းကွက်ကွက်ကြီး မြင်နေရပြီဖြစ်ပါတယ်။ အနောက်တိုင်းသားတွေကို အထင်တကြီး မျက်နှာချိုသွေးတတ်တဲ့ ထိုင်းတွေဟာ ဗြိတိသျှတွေဆီမှာ အငြိုငြင်မခံရဲတာကြောင့်ရယ်၊ သူတို့နိုင်ငံရဲ့ ပုံရိပ်ထိခိုက်ပြီး ခရီးသွားလာရေးလုပ်ငန်း ကျဆင်းမှာ အရမ်းစိုးရိမ်တာရယ်ကြောင့် လူသတ်သမား အစစ်အမှန်ကို ဖုံးကွယ်ထားပြီး အပြစ်မဲ့တဲ့ တရားမ၀င် အလုပ်သမား မြန်မာလူငယ်လေးတွေရဲ့ အသက်ကို ထိုးကျွေးဖို့ ပြင်နေကြပါပြီ။

ဒီလူငယ်လေးနှစ်ဦးရဲ့ မတရားစွပ်စွဲခံရမှုဟာ ထိုင်းနိုင်ငံရောက် မြန်မာရွေ့ပြောင်း အလုပ်သမားထုတရပ်လုံးရဲ့ ရပ်တည်ရေးကို တိုက်ရိုက်ခြိမ်းခြောက်နေသလိုပဲ မြန်မာလူမျိုးတရပ်လုံးရဲ့ ဂုဏ်သိက္ခာကို ချနင်းဖို့ တစ်ချက်ခုတ်၊ နှစ်ချက်ဖြတ် အကွက်ဆင်နေတယ်လို့ ပြောနိုင်ပါတယ်။ ရာဇ၀င်နဲ့ချီတဲ့ အမုန်းတရားကို အခွင့်ရတာနဲ့ ကောက်ကျစ်စွာ လက်စားချေဖို့ ထိုင်းတွေ ၀န်မလေးဘူးဆိုတာ ခုဖြစ်ရပ်က အဓိကသက်သေပါပဲ။

မတရားမှုကို လက်ပိုက်ကြည့်နေမယ်ဆိုရင် ဒီလူငယ်လေးတွေ ကွက်မျက်ခံရတဲ့အချိန်မှာ မြန်မာလူမျိုးတွေရဲ့ ဂုဏ်သိက္ခာဟာလည်း ထိုင်းတွေရဲ့ ဖိနပ်အောက်မှာ နင်းချေခံရသလို ဖြစ်သွားမှာ အသေအချာပါပဲ။ တဖက်နိုင်ငံက ကိုယ့်လူမျိုးတွေရဲ့ အသက်ကို လောင်းကြေးထပ်နေတဲ့ အချိန်မှာ မြန်မာတွေ ဘာလုပ်ကြမလဲ။ တဖက်နိုင်ငံက ကိုယ့်လူမျိုးရဲ့ ဂုဏ်သိက္ခာကို ကောက်ကျစ်စဉ်းလဲစွာ ချိုးဖဲ့ဖျက်ဆီးဖို့ ကြိုးစားနေတဲ့အချိန်မှာ မြန်မာတွေ ဘာလုပ်ကြမှာလဲ။ လူမှုဆက်သွယ်ရေး ကွန်ယက်တွေမှာ မြန်မာလိုရေးပြီး ပေါက်ကွဲပြနေလို့ ခရီးမရောက်ပါဘူး။ ရလာတဲ့ သတင်းအချက်အလက် ဆိုတာကလည်း ပေါက်ရောက်သူ တစ်ဦးစနှစ်ဦးစရဲ့ ကြိုးပမ်းအားထုတ်မှုကိုပဲ မှီခိုနေရတာပါ။ နိုင်ငံခြားဖြစ်နေတဲ့အတွက် ခံပြင်းပေမယ့် ကိုယ်တိုင်ကိုယ်ကျ မလိုက်နိုင်ကြပါဘူး။ အဲတော့ ကျွန်တော်တို့ ဘာလုပ်သင့်သလဲ။

ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံ ဂုဏ်သိက္ခာအတွက် တခုခုလုပ်ကြစေချင်ပါတယ်။ ဒီမတရားမှုကို ဒီထက်ပိုပြီး ကမ္ဘာကသိစေဖို့ ပြည်တွင်းက မြန်မာတွေရော၊ နိုင်ငံတကာမှာ ရောက်နေတဲ့ မြန်မာတွေပါ သက်ဆိုင်ရာ နိုင်ငံအသီးသီးက ထိုင်းသံရုံးရှေ့မှာ ဆန္ဒပြဖို့ တိုက်တွန်းပါရစေ။ ထိုင်းတွေရဲ့ ယုတ်မာမှုကို ကမ္ဘာတ၀ှမ်း သတိပြုမိလာဖို့ ကျွန်တော်တို့ မြန်မာလူမျိုးတွေ အထိရောက်ဆုံး လုပ်နိုင်တာ ဒီတနည်းပဲ ရှိပါတယ်။

မူဝါဒ ခံယူချက်တွေ ဘယ်လိုပဲ ကွဲပြားနေပစေ၊ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး မြန်မာမှန်ရင် တစိတ်တ၀မ်းတည်း ရှိနေရပါမယ်။ ဒီကိစ္စဟာ အမြတ်ထုတ်လို့ရတဲ့ နိုင်ငံရေး မဟုတ်ပါဘူး။ ကိုယ့်လူမျိုးအသက်၊ ကိုယ့်နိုင်ငံရဲ့ ဂုဏ်သိက္ခာကို မဖြစ်မနေ ကာကွယ်ရမယ့် အမျိုးသားရေးပါ။ ဒီမတရားမှုကို မတွန်းလှန်လိုက်နိုင်ရင် ထိုင်းနိုင်ငံမှာ ရှိနေတဲ့ တခြားမြန်မာတွေရဲ့ ရပ်တည်ရေးနဲ့ နိုင်ငံတကာမှာ အလုပ်ထွက်လုပ်နေကြရတဲ့ မြန်မာလူမျိုးတွေ တခြားလူမျိုးတွေရှေ့မှာ အရှက်ရမယ့်အရေး စတဲ့ နောက်ဆက်တွဲ ပြဿနာတွေ အများကြီး ရှိနေပါတယ်။

ဒါကြောင့် သွေးအေးလို့ မနေသင့်တော့ဘူးလို့ပဲ ပြောပါရစေ။ မတရားမှုအတွက် ထိုင်းသံရုံးကို ဆန္ဒပြပြီး ယုတ်မာကောက်ကျစ်မှုကြောင့် စတေးခံရတော့မယ့် အပြစ်မဲ့တဲ့ အသက်တွေကို ကယ်တင်ပေးကြဖို့ အလေးအနက် တိုက်တွန်းပါရစေ။

အယ်ဒီတာချုပ်

ဝံသာနု
Photo: ၀ံသာနုအယ်ဒီတာ့အာဘော်

0 comments:

Post a Comment