"သီချင်ကေ စိန်မစားကဲ့၊ ကဇူးကိုင်းကိုလား" ဆိုရေစကားကို အချေခါကြားဖူးနားဝ
ဟိခပါယင့်။ စုန်းပေါသည်ဟုသတင်းကြီးသော ကဇူးကိုင်းရွာသို့
ကိုယ်တိုင်ရောက်သောအခါ...။
လက်ငါးချောင်းရာ
------------------
"ဆရာနတ်မောင်၊
ဆရာနတ်မောင်.... ဆရာထွန်းမောင်ချေ ငြမ်းစင်ထက်ကလူးကျရေ ဆရာ" ဟု ညည့် (၁၀)
ချက်တီးလောက်တွင် အလုပ်သမားတယောက်လာပြောသောကြောင့် အကျွန်ုပ်
ချက်ချင်းထလိုက်လားပါသည်။ တွိလိုက်ရသောအခါ အကျွန်ုပ်၏
ချစ်လှစွာသောသူငယ်ချင်း ထွန်းမောင်ချေမှာ မျက်စိပြူးလျှက်၊ ပါးစမှ
အမြှုပ်များထွက်ကာ ဂေါင်းတွင်သွီးလူးလူးဖြင့်
သီဆုံးလျှက်ဟိကြောင်းတွိလိုက်ရသည်။ အလုပ်သမားတချို့က ကိုထွန်းမောင်ချေသည်
ယင်းနိက အရက်သောက်ထားသည်။ အရက်ကြောင့် အသက်ပါဆုံးယှုံးရသည်ဟု
အမျိုးမျိုးဝေဖန်လျှက် အသုဘကိစ္စကို ပျင်ဆင်ကတ်ရသည်။ အကျွန်ုပ်လည်း
အလုပ်သမား (၄) ယောက်နှင့်အတူ သူငယ်ချင်း၏အလောင်းမှ အဝတ်များကိုလှယ်ရန်
အင်္ကျီချွတ်လိုက်သောအခါ အလောင်း၏နောက်ကုန်းတွင် လက်ငါးချောင်းရာ
ညိုပုတ်ပုတ်အကွက်ကြီးတကွက်ကို တွိလိုက်ရသည်။ ထိုအညိုကွက်ကြီးသည်
သွီးဥသကဲ့သို့ စိုထိုင်းထိုင်းဖြစ်နီသည်။ ဤသည်မှာ သဆီ (ဝါ)
မိစ္ဆာများ၏လက်ချက်ဖြစ်ကြောင်း ချက်ချင်းသိလိုက်ရသည်နှင့်
အလုပ်သမားများအားမပြောဘဲ ထားလိုက်မိသည်။ သို့နှင့် အသုဘကိစ္စကြောင့်
အလုပ်ချူတ်နီသည်တွင် ကဇူးကိုင်းရွာသို့မလားဖြစ်ဘဲ (၃-၄) ရက်ကြာလားသည်။
ကဇူးကိုင်းရွာမှာ ဆောက်လုပ်ရေးဝင်းမှ (၁) မိုင်ခန့်ဝီးပြီး
အုပ်ဆိုင်းဆိုင်းတောလမ်းအတိုင်း လမ်းလျှောက်ရသည်။ ထွန်းမောင်ချေနှင့်
ထိုင်နီကျ ရွာလယ်လဖက်ရည်ဆိုင်မှ ကုလိမ္မေချေတိကို သံသယမကင်းသော်လည်း
လွမ်းလျှက်ဟိသည်။
ညီမငါးဖော်
------------
လဖက်ရည်ဆိုင်တွင်
ညီအေးမငါးယောက်ဟိသည်။ အငယ်ဆုံးဖြစ်သူ မငယ်မှာ အသက် (၂၀) ဝန်းကျင်ခန့်ဟိပြီး
ငါးယောက်လုံးမှာ အသက်ကောင်းမကွာဟုထင်ရသည်။ ရုပ်များမှာ
တရုတ်မများ၏မျက်နှာပေါက်ဖြစ်ပြီး မျက်လုံးထောင့်မှာ နီစပ်စပ်နှင့်
အကြည့်ရဲရင့်သည်။ အသားအရောင် ဝင်းပစိုပြေသည်။ မှန်အိမ်မှိန်မှိန်ချေရာ
ထွန်းထားသော်လည်း ကိုယ်ရောင်ကိုယ်ဝါထွက်သော
နတ်သမီးများကဲ့သို့လှသည်ဟုပြောခြင်းထက် ဖိုသတ္တဝါများအား
ဆွဲအားဟိသောအသွင်ကိုဆောင်သည်။ လဖက်ရည်ဆိုင်ထဲတွင်
မွှီးကြိုင်သောရနံ့တမျိုးဟိသည်။ အကျွန်ုပ်အထင် ထိုကုလိမ္မေချေတိနှိမ်းသော
သနပ်ခါးမှ မွှီးခြင်းဖြစ်မည်ဟု မှတ်ချက်ချမိသည်။ အခြားသော
လဖက်ရည်လာသောက်သူများအား မတွိရ။ အကျွန်ုပ်ရို့ သူငယ်ချင်းနှစ်ယောက်နှင့်
ညီအေးမငါးယောက်ရာဟိသည်။ အကျွန်ုပ်၏မူလဗီဇအတိုင်း ကုလိမ္မေချေများနှင့်တွိက
ရယ်စရာများကိုဖောက်သည်ချကာ ပွဲကျလျှက်ဟိသည်။ ကြောက်ရွံ့ခြင်း၊
သံသယဖြစ်ခြင်းအလျှင်းမဟိ။ မြို့ပြနှင့်ဝီးလျှက် အမ်းတောင်တန်း၏အစွန်အဖျား
တောင်ဂျိုင်များကြားက ဤဒါးလက်ချောင်းတန်းတားဆောက်လုပ်ရေးတွင်
အလုပ်သင်အင်ဂျင်နီယာအဖြစ် တာဝန်ထမ်းလျှက်ဟိသော ထွန်းမောင်ချေနှင့်
အကျွန်ုပ်ရို့၏တခုတည်းသော အပန်းဖြေရာလောကနိဗ္ဗာန်သည်ကား
ဤလဖက်ရည်ဆိုင်ပင်တည်း။ အချိန်ပို မဆင်းရသောညဥ့်များတွင် လာထိုင်လေ့ဟိသည်။
မကြာသောအချိန်ကာလအတွင်း မငယ်နှင့်ထွန်းမောင်ချေမှာ အကျီဆိုက်လီကတ်သည်။
ထွန်းမောင်ချေ မသီခင်တရက်မှာ ထူးခြားသောအဖြစ်အပျက်တခု ဖြစ်ပျက်ခသည်။
ချစ်၍သတ်ရသည်
------------------
ညဥ့်
(၁၀) ချက်တီးခန့်တွင် ထွန်းမောင်ချေနှင့်မငယ်သည် လဖက်ရည်ဆိုင်နောက်ဖက်
အိမ်ခန်းထဲသို့ဝင်လားသည်။ အကျွန်ုပ်မှာလည်း တားရန်မတတ်သာ။
မကြီးကလည်းသဘောတူသည့်အမူအယာပြသည်နှင့် လွှတ်ထားသည်။ သူရို့နှစ်ယောက်တည်း
ချစ်ရည်လူးလျှက် (၁) နာရီ ခန့်ကြာသောအခါ ပြန်ထွက်လာကတ်သည်။
ထွန်းမောင်ချေမှာ ညှိုးငယ်သောမျက်နှာနှင့် လဖက်ရည်ဆိုင်တွင်ဆက်မထိုင်ပဲ
ချက်ချင်းပြန်ရန်ပြောသည်နှင့် နှုတ်ဆက်ပြီးပြန်လာလတ်ကတ်သည်။
လမ်းတွင်အကျိုးအကြောင်းမီးမြန်းရာ ထွန်းမောင်ချေက
မငယ်နှင့်ချစ်ရည်လူးနီစဉ်တွင် အပုတ်နံတထောင်းထောင်းထွက်လျှက်ဟိကြောင်း။
အခန်းထဲသို့ဝင်လားစဉ်က အခန်းထဲတွင် နှစ်ယောက်တည်းဖြစ်သော်လည်း ကျန်အေးမ (၄)
ယောက်ပါ လာရောက်ပြုစုသည်ဟု ခံစားရကြောင်း။ အချစ်ရည်လူးပြီးသောအခါ မငယ်မှာ
အလွန်နှစ်သက်ကျေနပ်သောအမူအရာကိုပြ၍
တသက်လုံးသူရို့ညီအေးမငါးယောက်နှင့်အတူတူနီရန် ပြောသောအခါမှ သံသယစိတ်ဝင်ကာ
ကြောက်ရွံ့မိကြောင်း ယှင်းပြသည်။ နောက်နိတွင် ထွန်းမောင်ချေမှာ
မှိုင်တိုင်တိုင်ဖြစ်လျှက် ညဇာဖက် အရက်စကေသောက်ဖြစ်သည်တွင်
ညဥ့်အချိန်ပိုဆင်းသောအခါ အလုပ်ခွင်၌ ဤသို့ငြမ်းစင်ထက်မှ
လူးကျသီဆုံးရခြင်းဖြစ်သည်။ ဤသည်မှာ ညီမငါးဖော်၏လက်ချက်ရာဖြစ်ရမည်ဟု
အကျွန်ုပ်စိတ်ထဲ တပ်အပ်သိနီသည်။
စိန်ခေါ်ခြင်း
-----------
ထွန်းမောင်ချေ၏အသုဘကိစ္စများပြီး၍
နောက်ရက်သတ္တတပတ်ခန့်ကြာသောအခါ ယင်းလဖက်ရည်ဆိုင်သို့ အကျွန်ုပ်တယောက်တည်း
ရောက်လားသည်။ ညီမငါးဖော်မှာ အလွန်ပျော်ရွှင်ကျေနပ်၍
တက်ကြွသောမျက်နှာအမူအယာများဖြင့် အကျွန်ုပ်အားဆီးကြိုလျှက်ဟိသည်။
ထွန်းမောင်ချေသီဆုံးလားကြောင်းပြောသောအခါ စိတ်မကောင်းယောင်ပြသည်ကို
အကျွန်ုပ် ကောင်းကောင်းရိပ်မိသည်။ ဆိုင်နောက်ဖေးက
အိမ်ခန်းထဲလို့လှမ်းကြည့်လိုက်သောအခါ အမှောင်ထဲတွင် ထွန်းမောင်ချေတယောက်
ငုတ်စုတ်ထိုင်နီသည်ကို ရုတ်တရက်မြင်လိုက်ရပြီး ချက်ချင်းပျောက်လားသည်။
အကျွန်ုပ်မှာ ကြောက်လည်းကြောက် ဒေါသလည်းထွက်လျှက် သူငယ်ချင်းအတွက်
လက်စားချေမည်ဟု ဆုံးဖြတ်လိုက်သည်။ "မငယ်... ကျွန်တော့်သူငယ်ချင်း
မကောင်းမိစ္ဆာတိလက်ချက်နန့်သီရစွာ။ ယင်းမိစ္ဆာတိ ကျွန်တော်ရအောင်
ပြန်သတ်ဖို့။ စောင့်ကြည့်နီကတ်" ဟုဒေါနှင့်ပြောလျှက်
ဆိုင်ထဲမှထွက်လာလတ်သည်။ အိမ်သို့ရောက်သောအခါ ဓါးမျှောင်ကို
ဘုရားစင်ညောင်ရီအိုးထဲမှ ရီများဖြင့်ဆီးကြောလျှက်
ခေါင်းအုံးအောက်တွင်ထားလိုက်သည်။ အိပ်ရာထက်တွင်လှဲနီယင်း သနားဖွယ်ကောင်းသော
သူငယ်ချင်း၏မျက်နှာကိုမြင်ယောင်ကာ တရားခံကို မည်သို့မည်ပုံဖော်ထုတ်ရမည်ကို
စိတ်ကူးကြံစည်လျှက်ဟိသည်။
ဘီလူးစီးခြင်း
------------
အကျွန်ုပ်၏ဘဝတွင်
ဤတခါလောက် မိမိ၏အသက်ကို သီခြင်းတရားလက်တွင်းထဲသို့
မျှော်လင့်ချက်ကင်းမဲ့စွာအပ်နှံလိုက်ရသော ဆိုးရွားသောအတွိအကြုံမျိုး
တခါလည်းမဟိဖူးပါ။ အိပ်ရာထက်တွင်လှဲနီယင်း အိပ်မွိမကျတကျအချိန်တွင်
တန်းခါးဖွင့်လျှက် လူလေးယောက်ဝင်လာသည်။ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ
ဂျပန်နပန်းသမားများကဲ့သို့ကြီးမားသော အရိပ်မဲမဲကြီးလေးခုသည်
အကျွန်ုပ်၏ခြီနှင့်လက်များကို လေးဖက်လေးတန် ချုပ်ကိုင်ထားသည်။
အကျွန်ုပ်လည်း ခြီနှင့်လက်များကို ရုန်းထွက်နိုင်ရန်
အစွမ်းကုန်ကြိုးစားသည်။ လှုပ်၍ပင်မရ။ ချွေးပြန်လျှက်ဟိသည်။ သတိဝင်လာ၍
ဘေးအိမ်ကိုအကူအညီတောင်းမည်ဟု ခေါင်းထောင်လိုက်သောအခါ
နောက်ထပ်အရိပ်မဲမဲကြီးတခုသည် တန်းခါးပေါက်မှဝင်လာပြီး ထွန်းမောင်ချေမှာလည်း
သနားစရာမျက်နှာထားနှင့် နောက်မှမျှောင်၍လိုက်ပါလာသည်။ အော်ချိန်ပင်မရ
ထိုအရိပ်မဲကြီးသည် အကျွန်ုပ်၏ခါးကိုခွထိုင်လျှက် လိုင်ဖင်းကိုညှစ်သည်တွင်
အော်သော်လည်းအသံမထွက်။ လိုင်ဖင်းပျစ်သောကြောင့် မျက်စိပြူးလျှာထွက်လာသည်။
ကြောက်စိတ်မွှမ်ပြီး အသကုန်ရုန်းသော်လည်း တစိချေလည်း မလှုပ်။ ပကတိ
အရိပ်မဲကြီးငါးခု၏ ချုပ်ထားသည့်အတိုင်း ငြိမ်လျှက်ဟိသည်။
ထွန်းမောင်ချေမှာလည်း ကူဖော်မရ။ ဘေးနားကထိုင်၍ ကြောင်တောင်တောင်ကြည့်နီသည်။
အကျွန်ုပ် မည်မျှပင်ရုန်းသော်လည်း မထူး။ လိုင်ဖင်းမှာလည်း
ပျစ်သထက်ပျစ်လာသည်။ ပါးစက အမြှပ်များထွက်လာရာ
စိတ်ကိုလုံးလုံးလျှော့ချလိုက်ပြီး ဤအတိုင်းငြိမ်ခံလိုက်သည်။ အလိုဟိသမျှ
လုပ်ကတ်ဖိ။ သီခြင်းကိုရင်ဆိုင်ရသောအခါ ဗုဒ္ဓမြတ်စွာဘုရားကိုအောက်မိလျှက်
“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ” စိတ်ထဲ
တိုးတိုးရွတ်ဆိုလိုက်သည်။
တရားခံသိပျာယ်
---------------
ထိုသို့
ရွတ်ဆိုလိုက်သည်နှင့်တပြိုင်နက် အကျွန်ုပ်၏ခန္ဓာကိုယ်မှာ ပေါ့ပါးလားသည်။
အရိပ်နက်များအားလုံးနှင့် ထွန်းမောင်ချေပါ နီးစပ်ရာပြတင်းပေါက်များမှ
ခုန်ထွက်ပြီးလားကတ်သည်။ အကျွန်ုပ်လည်း အလွတ်မပီး ညာဖက်လက်ကို
ခေါင်းအုံးအောက်သို့ထည့်၍ ဓါးမြှောင်ကိုဆွဲထုတ်လိုက်ပြီး
နောက်ဘိတ်ဆုံးမြင်ရသော အရိပ်မဲမဲကြီးကိုလှမ်းပေါက်လိုက်ရာ
လက်မောင်းကိုစိုက်ဝင်လားသည်တွင် ဓါးတန်းလန်းနှင့်ထွက်ပြီးလားသည်။ အရိပ်တွင်
ဓါးစိုက်ဝင်နိုင်သည်မှာ မှော်ဆရာတဦးပြောဖူးသည့်အတိုင်းပင်
ဘုရားညောင်ရီအိုးမှရီများဖြင့် ဆီးထားသောကြောင့်ဖြစ်သည်နိုင်သည်။
အကျွန်ုပ်လည်း တရားခံကို နောက်နိသိရပျာယ်ဟု ကျေနပ်မိသည်။ ယင်းနိက
ကြောက်စိတ်ဖြင့်အိပ်မပျော်ပဲ ညဥ့်လုံးပေါက်ထိုင်၍မိုးလင်းသည်။
မိုးလင်းသောအခါ ကဇူးကိုင်းရွာဖက်သို့ ထွက်လာလတ်သည်။ ရွာလယ်သို့ရောက်သောအခါ
လဖက်ရည်ဆိုင်ကိုရှာမတွိပဲ ယင်းနီရာတွင် ဗောဓိပင်ကြီးတပင်နှင့်
ရီကန်ပျက်တခုကိုရာ တွိရသည်။ ရွာမှာ အိမ်ပေါင်း (၃၀) ခန့်ဟိပြီး
လမ်းတလမ်းရာဟိသောကြောင့် မှားနိုင်စရာအကြောင်းမဟိ။ ဝါကြီးအိုကြီးတလုံး
ထိုင်၍ဆီးလိပ်ဖွာနီသည်ကိုတွိသောကြောင့် လား၍မီးကြည့်သည်။
“အဖိုး ... အေနားက လဖက်ရည်ဆိုင် ဇာသို့ရောက်လားပါရေလဲ”
“အဝေး... မောင်ချေ... အေရွာမှာ လဖက်ရည်ဆိုင်က မဟိကာ”
“အဖိုး ... ကျွန်တော် ညကညဥ့်ခါကတောင် ရောက်ခပါသိမ့်ရေ... ညီအေးမငါးယောက်ဟိပါရေ ယင်းဆိုင်မှာ”
“အဝေး..
မောင်ချေ... ညီမငါးဖော်နန့် မင်းတွိခပျာယ်ထင်ရေ.... ယင်းစုန်းမငါးယောက်ကို
တွိဖူးလူ.. အသက်ရှင်ရေလို့မဟိဝေး... မင်းသတိနန့်ရာ နီလီဖိ”
ယင်းပိုင်ပြောသောအခါ
အကျွန်ုပ်မှာ ကြက်သိမ်းဖြိမ့်ဖြိမ့်ထလားသည်။ ဆောက်လုပ်ရေးသို့
အယင်ပြန်လာလတ်ပြီး ယင်းနိတွင်းချင်းပင် အလုပ်မှနှုတ်ထွက်ကာ ကြုံရာကားဖြင့်
မင်းပြားသို့လိုက်ပါလာလတ်သည်။
ကဇူးကိုင်းသို့ ကိုယ်တိုင်ရောက်ဖူးသောအခါ အသင်သိပါလိမ့်မည်။
..........................
(နတ်မောင်)
www.Today Arakan .com
Monday, 6 October 2014
Home »
ရခိုင်ဝတ္ထု
» ကဇူးကိုင်းပုံပြင်
0 comments:
Post a Comment