Monday, 6 October 2014

ရခိုင်အမွေဓမ္မသတ်လာ အမွေခွဲဝေပုံများ


မိဘဘိုးဘွားတို့ ၏ အမွေဟူသည်ကား သားသမီးမြေးမြစ်တို့ အဖို့  ခံစားအပ်သည့် အခွင့်အလမ်းတစ်ရပ်ဖြစ်သည်။ အမွေဆိုရာ၌ မိဘဘိုးဘွားပိုင် ဥစ္စာပစ္စည်း ကျွဲနွားဆင်မြင်း၊ လယ်ယာခြံမြေနှင့် အိမ်ယာအဆောက်အအုံ စသည်တို့ ကို ဆိုလိုပါသည်။ မိဘဘိုးဘွားပိုင်အမွေအနှစ်များကို သက်ဆိုင်ရာ သားသမီးမြေးမြစ်တို့ က ဆက်ခံထိမ်းသိမ်းကြရသည်။ ခွဲဝေခံစားကြရသည်။ ဤသည်ပင်လျှင် ရခိုင်လူမျိုးတို့ ၏ ယဉ်ကျေးမှူအစဉ်အလာတစ်ရပ်ဖြစ်သည်။
ရှေးရခိုင် ဘိုးဘွားလူကြီးသူမြတ်တို့ သည် အမွေခွဲဝေရာ၌ ရှေးမူရှေးဟန်များကို မပယ်ဘဲ၊ ရှေးထုံးရှေးဟန်များနှင့်အညီ အမွေများကို ခွဲဝေဆုံးဖြတ်ခဲ့ကြသည်။ တရားမျှတမှုရှိအောင်လည်း ဆောင်ရွတ်ခဲ့ကြသည်။
ရခိုင်လူမျိုးတို့ ၏ အမွေခွဲဝေခံစားပုံ ဓလေ့နှင့် တရားဥပဒေတို့ မှာလည်း တိကျမျှတမှုရှိပြီး မှတ်သားလိုက်နာဘွယ်ကောင်းပါသည်။ ရှေးရခိုင်လူမျိုးတို့  အမွေခွဲဝေပုံ အမွေတရားစီရင်ဆုံးဖြတ်ပုံနှင့်ပတ်သက်၍ မှတ်သားဘွယ်ကောင်းသော ရှေးဟောင်းအမွေ ဓမ္မသတ် ပုရပိုဒ်တဆူကို စာရေးသူသည် များမကြာမီက လေ့လာတွေ့ ရှိရပါသည်။ ယခုအဆိုပါ “ရခိုင်ကျမ်းနက် ဓမ္မသတ် အမွေခန်း” (ပုရပိုဒ်)မှ လိုရင်းတချို့ ကို ထုတ်နှတ်၍ မူမပျက် အောက်ပါအတိုင်း ရေးသားတင်ပြပါသည်။
အမွေအပြား (၇) ပါး
အမွေအပြား (၇) ပါး ဟူသည်ကား…
၁။ အဘသေ၍ အမိနှင့်သား ခွဲဝေရသည်လည်းတပါး။
၂။ အဘသေ၍ အမိနှင့် သမီး ခွဲဝေရသည်လည်းတပါး။
၃။ အမိသေ၍ အဘနှင့်သား ခွဲဝေရသည်လည်း တပါး။
၎။ အမိသေ၍ အဘနှင့်သမီး ခွဲဝေရသည်လည်း တပါး။
၅။ အမိသေခဲ့သော် အဘမယားငယ်နေစား၍၊ အဘသေခဲ့လျှင် မိထွေးနှင့်သား ဝေစားသည်လသည်း တစ်ပါး။
၆။ အဘသေခဲ့သော် အမိလင်ငယ်နေစား၍ ၊ အမိသေခဲ့လျှင် လင်ငယ်နှင့်သား ဝေစားရသည်လည်းတစ်ပါး။
၇။ အမိနှင့်အဘ သေခဲ့လျှင် သားသမီးခွဲဝေစားရသည်လည်းတစ်ပါးဟူ၍ အမွေအပြား (၇)ပါး ရှိလေသည်။
အမွေမတောင်းအပ်သောအချိန်
ဒါယဇဥဝိဘဇနံ ကထံဓမ္မိဝိနိစ္ဆယေ၊
ဥဘောသု ဝိဇမာနေသု ဝိဘဇေတုံနဝဋ္ဋတိ။
ဒါယဇဥ- အမွေကိုလည်း၊ ဝိဘဇနံ-ခွဲဝေအပ်သော၊ ဓမ္မံ-တရားတော်ကို၊ ကထံဝိနိစ္ဆယေ- အသို့  ဆုံးဖြတ်ရာသနည်း၊ ဥဘောသု- မိဘနှစ်ပါးတို့ သည်၊ ဝိဇမာနေသု- အသက်ထင်ရှားရှိကုန်လျက်၊ ဝိဘဇေတုံ-ခွဲဝေအပ်ခြင်းငှာ၊ နဝဋ္ဋတိ- မအပ်ပေ။
မိဘနှစ်ပါး ထင်ရှားရှိနေစဉ် သားသမီးတို့ သည် မိဘအမွေကို မခွဲဝေအပ်ကြောင်း ဤသို့ ဆိုထားပေသည်။ သို့ သော် မိဘနှစ်ပါးသေဆုံးခဲ့သော်ကား မိဘအမွေကို သားသမီးတို့ ခွဲဝေအပ်ပြီး၊ အကယ်၍ သားသမီးသေဆုံးခဲ့သော် မြေးမြစ်တို့  ခံစားအပ်သည်။ မြေးမြစ်တို့ လည်း သေဆုံးခဲ့သော် လင်၏သားသမီးများ၊ အစ်ကိုသားသမီးများ ခံစားအပ်သည်၊ မိဘဘက်မှဆိုလျှင် မယား၏ညီမ အစ်မ၊ သားသမီး ခံစားအပ်သည်။
အဘသေဆုံးခဲ့သော် အမိနှင့် သားသမီး ခွဲဝေအပ်သောအမွေ
အဘသေဆုံး၍ အမိနှင့်သား အမွေခွဲဝေလိုသော် သားသည် အဘ၏ စိုးသည့်မင်းတင်ဖြစ်အံ့။ အဘစီးခဲ့သော ဆင်မြင်း၊ အဘစားခဲ့သော စားကြေးမြေတို့ ကို ပိုင်ဆိုင်ရသည်။ ထို့ အပြင် အဘအသုံးအဆောင်၊ ကွမ်းကြပ်၊ ကွမ်းခွက်၊ ဖလားနှင့် သန္ဓေးတို့ ကို ပိုင်ဆိုင်ရသည်။ အဘဦးခေါင်းဆင်ခဲ့သော အဆင်တန်ဆာတို့ ကိုလည်းပိုင်သည်။ သို့ သော် အမိဝတ်ခဲ့သော ပိုးကြိုး၊ လက်ကောက်၊ နားဍောင်း၊ လက်စွပ်၊ ပုတီး စသည်တို့ ကိုကား သားမပိုင်အပ်ပေ။ ယင်းပစ္စည်းများသည် အဘလက်ထက်ကပင် ပေးခဲ့သောသောကြောင့် အမိဥစ္စာမည်၏။ ကျန်ဥစ္စာပစ္စည်းကိုကား လေးစုစု၍ အမိသုံးစု၊ သားတစု ခွဲဝေရသည်။ ကျွန်ယောင်္ကျားရှိက အမိသုံးစု၊ သားတစ်စုပိုင်သည်။ ကျွန်မိန်းမကိုမူကား အမိသာလျှင် အားလုံးပိုင်ရသည်။
အဘရှာကြံ၍ရသော ဥစ္စာပစ္စည်းဖြစ်ကလည်း မပျောက်မပျက်ရအောင် အမိသာလျှင် အိမ်ထောင်ဥစ္စာ ထိမ်းသိမ်းပေးရသည်။ သားသမီးတို့ သည်ကား ဥစ္စာရကြောင်းကိုလည်း မကြံနိုင်၊ ဥစ္စာကိုလည်း မထိမ်းနိုင်၊ တဖန် အမိ(မိခင်)သည် သားကို ရင်နို့ တိုက်ကျွေး၍ မှဲ့ တစ်ပေါက် ခြင်တကောင် မစွန်းရအောင် ကြင်နာယုယစွာ ပြုစုခဲ့ရသည်။ အဘထက်လည်း အမိကသားကို ချစ်မြတ်နိုးရိုး ထုံးစံရှိသည်။ ယင်းအကြောင်းများကိုထောက်၍ အမွေခွဲဝေရာ၌ အမိကို သားထက်ပိုပြီး သုံးစုခံစားစေခြင်းဖြစ်သည်။
အဘသေဆုံးခဲ့သော အမိနှင့်သမီး ခွဲဝေအပ်သောအမွေ
အဘသေဆုံးခဲ့၍ အမိနှင့်သမီး အမွေခွဲဝေလိုသော် သမီးသည် သူမဝတ်သော ခါးကြိုး၊ လက်ကောက်၊ ခြေကျင်း၊ နားဍောင်း၊ ပုတီး၊ လက်စွပ်တို့ ကို ပိုင်ဆိုင်ရသည်။ ယင်းဥစ္စာများသည် အဘလက်ထက် အဘနှင့် အမိ နှစ်ဦးသဘောတူ ပေးခဲ့သောကြောင့် သမီးဥစ္စာမည်၏။ အမိမပိုင်အပ်ပေ။ ကျွဲနွားရှိက ကျွဲနွားကောင်းတစ်ရှည်း သမီးပိုင်ဆိုင်သည်။ စပါးမျိုးကောင်း၊ ပဲမျိုးကောင်း၊ လူး ဆပ် မုယောတို့ ကိုလည်း အတန်အသင့် ပိုင်ဆိုင်ရသည်။ ကျန်ဥစ္စာပစ္စည်းတို့ ကိုကား အမိအကုန်ပိုင်ဆိုင်ရသည်။ အမိက အုပ်ထိန်းရပြီး အိမ်ထောင်မကျသေးသည့် သမီးမိန်းမဖြစ်သောကြောင့် ဤသို့  ခံစားရခြင်းဖြစ်သည်။ အမိသေဆုံးခဲ့လျှင်ကား သမီးအကုန် ပိုင်ဆိုင်ရလေသည်။
မိဘနှစ်ပါး သေဆုံးခဲ့လျှင် ကျန်ရစ်သော ညီအစ်ကို  မောင်နှမ တမိတဘ သားသမီး တို့ 
ခွဲဝေအပ်သော အမွေ
မိဘနှစ်ပါးသေဆုံးခဲ့လျှင် ကျန်ရစ်သော ညီအကို မောင်နှမ (တမိတဘ သားသမီးတို့  အမွေခွဲဝေလိုလျှင် အစ်ကိုကြီးသည် နှစ်စု၊ အကိုလတ်သည် တစ်စုခွဲ၊ ညီငယ်များသည် တစ်စုစီရကြလေသည်။ အစ်မကြီးကား အစ်ကိုကြီးနည်းတူ ရကြသည်။ နှမလတ်ကား အစ်ကိုလတ်နည်းတူ ရသည်။ နှမငယ်သည် ညီငယ်များနည်းတူရသည်။
ဤသို့  ကြီးစဉ်ငယ်လိုက် ခွဲဝေယူပြီးနောက် ကျွဲ၊ နွား၊ ဆိတ် ဝက်တို့ ကို အစ်ကိုကြီးနှင့် နှမအကြီးတို့ က ယူရလေသည်။ မိဘနှစ်ပါး ကွယ်လွန်သွားလျှင် အကြီးဆုံးသား (သို့ မဟုတ်) အကြီးဆုံးသမီးသည် မိဘ၏အိမ်ထောင်ကို ဆက်လက်ထိမ်းသိမ်းထားရန်နှင့် ညီငယ်၊ ညီမငယ်များကို ကြီးပြင်းသည်အထိ ပြုစုစောင့်ရှောက်သွားရန် တာဝန်ရှိသည်။ မိဘမရှိသည့်နောက် ယင်းတာဝန်ကို ဆက်ယူရသည်ဖြစ်၍ အိမ်ထောင်ဘက်ကို ဆက်ခံဦးစီးသူသည် အိမ်ထောင်တစ်ဝက်ကို အမွေရရှိသည်။ အကြီးဆုံးသား (သို့ မဟုတ်) အကြီးဆုံးသမီးက ညီငယ်နှမငယ်တို့ အား အမွေကို အညီအမျှ ခွဲဝေ ပေးရလေသည်။
မိဘနှစ်ပါးသေဆုံးခဲ့၍ အိမ်ထောင်သည် အစ်ကိုကြီးနှင့် အိမ်ထောင်မကျသေားသော
ညီငယ်နှစ်ယောက်တို့  ခွဲဝေသော အမွေ
မိဘနှစ်ပါး သေဆုံးခဲ့၍ အိမ်ထောင်သည် အစ်ကိုကြီးသည် ညီငယ်တို့ ကို အုပ်ထိမ်းထားသည်။ ညီငယ်တို့ က အိမ်ထောင်ပြုလိုသည်ဆိုသော် မိဘအမွေကို ခွဲဝေပေးရသည်။ ခွဲဝေပုံကား – ဥစ္စာကို ဆယ်စုစုရသည်။ တစ်စုကို အစ်ကိုကြီးကယူသည်။ အစ်ကိုကြီးအစုထက်ဝက်ကို အစ်ကိုလတ်ယူရသည်။ အစ်ကိုလတ် အစုတစ်ဝက်ကို ညီငယ်ယူရသည်။
အထက်ပါအတိုင်း ခွဲဝေယူပြီးနောက် အကျန်ကို တဖန် ဆယ်စိတ်စိတ်ရပြန်သည်။ တစ်စိပ်ကို အစ်ကိုကြီးယူပြန်သည်။ ထိုမှကြွှင်းသော ဥစ္စာကိုကား အစ်ကိုကြီးနှင့် ညီငယ်တို့  ညီတူညီမျှယူရသည်။
အိမ်နှင့်တကွ သမီးငယ်ပိုင်သောအမွေ
အိုမင်းမစွမ်းသော အချိန်တွင် မိဘများသည် သားကြီး၊ သမီးကြီးတို့ အား အလိုက်အထိုက် အမွေခွဲဝေပေးပြီးနောက် သမီးငယ်( သမီးထွေး၊ အိမ်ထောင်မကျသေးသည့် အငယ်ဆုံးသမီး) နှင့် အတူ နေထိုင်လျက်ရှိရာ တစ်နေ့ တွင် မိဘများသည် ကွယ်လွန်သေဆုံးသွားလေသည်။ ထိုအခါ သမီးသယ်သည် အိမ်နှင့်တကွ အမွေကို အကုန်ရလေသည်။ အကြောင်းကား သမီးငယ်သည် လက်ရှိ မိဘအိမ်ပေါ်၌ မိဘများနှင့်အတူနေထိုင်ပြီး မိအိုဘအိုများကို နီးနီးကပ်ကပ် ပြုစုစောင့်ရှောက် လုပ်ကျွေးရသောကြောင့်ဖြစ်လေသည်။ ထို့ ကြောင့် မိဘသေဆုံးသွားသောအခါ အိမ်နှင့်တကွ မိဘအမွေကို ပိုင်ဆိုင်ရလေသည်။
ရခိုင်တို့ သည် ဤသို့  မိမိတို့  ဓလေ့ထုံးတမ်းစဉ်လာ တရားဥပဒေများနှင့်အညီ မိဘဘိုးဘွားအမွေအနှစ်များကို မျှတစွာ ခွဲဝေခံစားခဲ့ကြသည်။ အမွေခွဲဝေခံစားရာ၌ ရှေ့ထုံးတမ်းအစဉ်အလာများကိုလည်း လိုက်နာကျင့်သုံးခဲ့ကြသည်။ ထို့ ကြောင့် တိုင်းရင်းသား ရခိုင်လူမျိုးတို့ ၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တစ်ရပ်ဖြစ်သည့် အမွေခွဲဝေပုံကို တင်ပြလိုက်ရပါသတည်း။
မှတ်ချက်။    ။ ရခိုင့် ကြေးမုံမဂ္ဂဇင်း အမှတ် (၂ ) တွင် ဦးအောင်ကျော်စော ရေးသောဆောင်းပါးကို ပြန်လည်တင်ပြလိုက်ပါသည်။

0 comments:

Post a Comment